စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသားများအတွက် ပြန်လည်ကုစားပေးမည့် စာမေးပွဲရှိမည် မဟုတ်


၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အတန်းတင်စာမေးပွဲဖြေဆိုမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကျပါက ပြန်လည်ကုစားပေးမည်မဟုတ်ဟု ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က ပြောသည်။


“နှစ်စ ဇွန်၊ ဇူလိုင်ထဲက စာမလိုက်နိုင်တဲ့ကလေးတွေအတွက်ကို ကြိုလုပ်ခိုင်းထားတယ်။ ဒီနှစ်မှာ လေးတန်းနဲ့ ၈ တန်းကုစားမရှိဘူး။ ကျခဲ့ရင် အရင်ကလို စာမေးပွဲပြန်ကုစားပြီး တင်ပေးမှာမဟုတ်ဘူး”ဟု ဦးအောင်ထိုက်က ပြောသည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ အခြေခံပညာအလယ်တန်းကျောင်းအုပ်ကြီးတဦးအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ၎င်းကျောင်းသို့ ယင်းညွှန်ကြားချက်ရောက်ပြီးဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများကို အဆိုပါကိစ္စနှင့်ပတ်သက်၍ အသိပေးပြောကြားထားပြီးဖြစ်ကာ ကျောင်းသားကျောင်းသူများကိုလည်း သေချာဂရုတစိုက် သင်ကြားပေးနေကြောင်း ပြောသည်။


 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကာ စတုတ္ထတန်းကို နံနက် ၉ နာရီမှ ၁၀ နာရီခွဲထိလည်းကောင်း၊ အဋ္ဌမတန်းကို နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိလည်းကောင်း အချိန်သတ်မှတ်ပေးထားသည်။ စတုတ္ထတန်း ကျောင်းသားများသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ၊ လူမှုရေးဘာသာတို့ကို တရက် တဘာသာနှုန်းဖြင့် ဖြေကြားရမည်ဖြစ်ပြီး၊ အဋ္ဌမတန်းကျောင်းသား များအနေဖြင့် ၁၉ ရက်မှ ၂၃ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထ၀ီဝင်၊ သမိုင်းဘာသာရပ်တို့ကို တရက် တဘာသာနှုန်းဖြင့် ဖြေကြားပြီး ၂၆ ရက်နေ့တွင် အထွေထွေသိပ္ပံဘာသာကို ဖြေကြားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


သားချမ်းမြတ်