မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံးအမျိုးသား ဖိနပ်အလှူရှင်လိုအပ်နေ


အရပ် ၇ ပေ  ၈ လက်မ ရှိသည့် မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံးအမျိုးသား ကိုဝင်းဇော်ဦးသည် လက်ရှိ အချိန်တွင် ဂျာမနီနိုင်ငံက လှူဒါန်းထားသည့် ကွင်းထိုးဖိနပ်သုံးရန် ပြတ်သွားသောကြောင့် ဖိနပ်အလှူ ရှင်လိုအပ်နေကြောင်း သတင်းရရှိသည်။


ကိုဝင်းဇော်ဦးကို ဂျာမနီနိုင်ငံရှိ ကမ္ဘာကျော်ဖိနပ်ကုမ္ပဏီတခုဖြစ်သည့် GEORG WESSELS က ရှူးဖိနပ်နှစ်ရန်နှင့် ကွင်းထိုးဖိနပ်သုံးရန် စုစုပေါင်းငါးရန်ကို ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်က ရန်ကုန်မြို့ရှိ M3 စားသောက်ဆိုင်၌ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကွင်းထိုးဖိနပ်သုံးရန်မှာ ပြတ်သွားသောကြောင့် ဖိနပ် အခက်အခဲဖြစ်နေခြင်းဖြစ်သည်။


''ရှူးဖိနပ်နှစ်ရန်ကတော့ တောမှာစီးရမှာ အဆင်မပြေဘူးလေ။ ကွင်းထိုးသုံးရန်ကတော့ စီးတာများတော့ ပြတ်သွားပြီ။ အခုကြုံရာဖိနပ်စီးနေရတော့ အဆင်မပြေဘူး။ ဂျာမနီကုမ္ပဏီက လှူတဲ့ဖိနပ်က ကျွန်တော့အတွက် သီးသန့်လုပ်ထားတာဆိုတော့ စီးရတာအဆင်ပြေတယ်။ အခုကုမ္ပဏီကို ဘယ်လိုဆက်သွယ်ရမှန်းမသိတော့ ဒုက္ခရောက် နေတာ''ဟု ကိုဝင်းဇော်ဦးက News Watch သို့ ပြောသည်။


ကိုဝင်းဇော်ဦး၏ ခြေဖ၀ါးမှာ အလျား ၁၂ လက်မခွဲနှင့် အနံ ၅ လက်မ ရှိသောကြောင့် သူ့အတွက် အထူးချုပ် လုပ်ထားသည့် ဖိနပ်ဖြစ်မှသာ အဆင်ပြေနိုင်မည်ဟု ၎င်းကပြောသည်။ မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ် ထုံးပေါက်ချိုင်းကျေး ရွာဇာတိဖြစ်သော ကိုဝင်းဇော်ဦးသည် ခရိုမီဂလီ (ခေါ်) ကြီး ထွားမှုဟော်မုန်း အထွက်များမှုကြောင့် မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးအမျိုးသားဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အသည်း အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်ဝင်း၏ အကူအညီဖြင့် ဦးခေါင်းအတွင်းရှိ ပီကျူထရီအကျိတ် ကို စင်ကာပူနိုင်ငံ၌ အောင်မြင်စွာခွဲစိတ်နိုင် ခဲ့သည်။ ''ခွဲစိတ်ကုသမှုလုပ်ပြီးတော့ ခြေထောက်က ပိုလိမ်သွား တယ်။ ညှပ်ဖိနပ်စီးလို့ အဆင်မပြေဘူး။ အရပ်ကတော့ ခွဲစိတ်ပြီးကတည်းက ထပ်မရှည်တော့ပါဘူး''ဟု ၎င်းက ပြောသည်။


ကိုဝင်းဇော်ဦးသည် လက်ရှိအချိန်တွင် မကွေးမြို့အနီးရှိ ၀ါဂွမ်းကျေးရွာတွင် ညီမဖြစ်သူ၏ မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။


နန္ဒမျိုးဆောင်