သမားရိုးကျကို ထူးထူးခြားခြားတော်လှန်ဖောက်ထွက်လာသော ဥပါယ်တံမျဉ်


ဥပါယ်တံမျဉ်ဇာတ်ကားနှင့်ပတ်သက်၍ ဒါရိုက်တာဝင်းဖေနှင့် စကားစမြည်


မြန်မာ့ရုပ်ရှင် တဖြည်းဖြည်းကျဆင်းလာခဲ့သည်မှာ ၁၉၈၈ နောက်ပိုင်းကျတော့ ကြည့်စရာမရှိတော့အောင် ဂျုန်းဂျုန်းကျခဲ့ပါသည်။ ဒါကလည်း တိုင်းပြည်အခြေအနေနှင့် သက်ဆိုင်ပါသည်။ တိုင်းပြည်အခြေခံ စီးပွားရေးစနစ်တခုလုံး ချွတ်ခြုံကျ ပြိုကျပျက်စီးသည့်အခါ အပေါ်ထပ် အဆောက်အအုံဖြစ်သည့် စာပေ၊ ဂီတ ရုပ်ရှင်အနုပညာရပ်များ၊ ဖျော်ဖြေရေးပညာရေး အဆင့်အတန်းများ အားလုံးပြိုကျပျက်စီးရပါသည်။ အနုပညာထဲမှာ အမာခံဖြစ်သော စာပေအနုပညာနှင့် ပန်းချီအနုပညာထက် ဖျော်ဖြေရေးအတွက် ရုပ်ရှင်အနု ပညာမှာ ခေတ်စနစ်၏ ရိုက်ခတ်ချက်ကို ပို၍ပင်ထိခိုက်ခံစားရပါသည်။


ယနေ့ကာလမှာ မြန်မာပရိသတ်တွေကိုယ်တိုင်က 'မြန်မာပေါကားများရပ်'ဆိုပြီး ပြောကြပါသည်။ ရုပ်ရှင်ဇာတ်ကား ဗီဒီယိုကားများမှာ အမည်မှည့်ပုံကိုက အနုပညာမဆန်၊ စကားလုံးလှလှပပ အဓိပ္ပာယ်ရှိရှိ တီထွင်မသုံးစွဲတော့ဘဲ ကြုံရာကျပန်းဖြစ်သလို အမည်မှည့်ကြသည်။ စာပေနှင့် ရုပ်ရှင်သည် ဆက်စပ်နေသော်လည်း စာပေလေ့လာမှုလည်း အလွန်အားနည်းကြသည့်အခါ ရုပ်ရှင်ကားကောင်း ကားသန့်များ အလွန်ရှားပါးသွားသည်။ စစ်အုပ်ချုပ်ရေးတလျှောက်လုံး လွတ်လပ်မှုမရှိသည့်အခါ အစိုးရအကြိုက် ပေါ်လစီကားများသာ ထွက်ပေါ်လာသည်။ တကယ်တော့ အနုပညာဆိုသည်မှာ လွတ်လပ်မှသာ အရည်အသွေးရှိသော အနုပညာပစ္စည်းများ ထွက်ပေါ်လာမည် ဖြစ်ပါသည်။


မြန်မာ့ရုပ်ရှင်ကားကောင်း ကားသန့်မကြည့်ရတာကြာပြီဖြစ်သော ရုပ်ရှင်ငတ်ပြတ်နေသော ကျွန်တော်သည် ဇာတ်ဆောင်သစ်များနှင့် သတ္တိရှိရှိ၊ လွတ်လွတ်လပ်လပ် ရိုက်ကူးထားသော 'ဥပါယ်တံမျဉ်'ဇာတ်ကားကို သွားကြည့်ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားနာမည်ကိုကြားကတည်းက စိတ်ဝင်စားမိသည်။ စိတ်ဝင်စား၍ သွားကြည့်သောအခါ ရုပ်ရှင်နှင့်တူသော ရုပ်ရှင်ကားတကားကိုကြည့်ရသည်ဟု ကျေနပ်အားရမိပါသည်။


ရုပ်ရှင်ကား၏ ရိုက်ချက်များ၊ အသံ၊ အလင်းအမှောင်၊ ကားအကူး အပြောင်း (Editing)  ကအစ အလွန်သပ်ရပ်ကောင်းမွန်သည်။ ဇာတ်လမ်းက အကွေ့အကောက်ရှိသော်လည်း သဘာဝယုတ္တိရှိသည်။ အချိတ်အဆက်မိသည်။ ဇာတ်ဝင်တေးတွေနှင့် နောက်ခံတီးလုံးတွေ တကားလုံး ဆူဆူညံညံ မထည့်ထားပါ။ ငြိမ်သောအခန်းများဆိုလျှင် ပြင်ပက တခြားအသံဗလံများ လုံးဝမကြားရအောင် ဆိတ်ငြိမ်သည်။ ပရိသတ်ကို လှုပ်နှိုးလိုသည့်အခါ အသံထည့်လိုက်သည်။ ယင်းဟာ ဇာတ်ကားကို အားဖြစ်စေသည့်အသံ ဖြစ်သည်။


သရုပ်ဆောင်သစ်ဟုဆိုသော်လည်း ဇဏ်ခီ၏ အမူအရာများ ပီပီပြင်ပြင်ရှိသည်။ မလိုအပ်ဘဲ မျက်လုံးကို တအားလှုပ်ခြင်း၊ ခေါင်းကို လှုပ်ယမ်းခြင်း မရှိ၍ ကြည့်လို့ကောင်းသည်။


လူဆိုးလူကြမ်း၊ မကောင်းသောသူအဖြစ် သရုပ်ဆောင်သူမှာလည်း ထူးထူးခြားခြား ရှိပါသည်။ ခါတိုင်းမြင်နေကျ ဗီလိန်ရုပ်များထက် ကောင်းနေသည်။ သူ၏စကားပြော လေယူလေသိမ်း မျက်နှာထား အမူအရာ၊ တဖက်သားအား သရော်သောမခိုးမခန့်အပြုံးအပြောများ ကောင်းသည်။ ဒီလိုဇာတ်ရုပ်မျိုးကို တော်ရုံတန်ရုံ သရုပ်မဆောင်ချင်ကြ၊ တော်ရုံတန်ရုံလူလည်း သရုပ်ဆောင်၍ မပီပြင်နိုင်ပါ။


မင်းဦး၊ သက်မွန်မြင့်ကလွဲလို့ အားလုံးအသစ်များသာ သရုပ်ဆောင်သည်။ ထိုင်းအမျိုးသမီး သရုပ်ဆောင်လည်း သဘာဝကျပါသည်။ သေနတ်ကိုင်ဆောင်ခွင့်ကတော့ ပြောစရာရှိသည်။


ဤဇာတ်ကားတွင် ဗီလိန်အဖြစ် သရုပ်ဆောင် သူကမင်းသားအဖြစ် သရုပ်ဆောင်သူကို 'မင်းဆင်းရဲဖူးသလား၊ ဆင်းရဲရင်ဘယ်သူမှ အဖက်မလုပ်ချင်ကြဘူး'ဟု ပေါက်ကွဲသောအပြော။ ဤသည်မှာ ဤဇာတ်၏ အဓိက ဖော်ပြလိုရင်း ဖြစ်သည်။


ဤဇာတ်ကားအကြောင်း ၀ါရင့်ရုပ်ရှင်ဒါရိုက်တာ ဦးဝင်းဖေနှင့် စကားပြောမိသည်။ မင်းသားနှင့်တွေ့ရန် ဒါရိုက်တာဝင်းဖေပြောသော တယ်လီဖုန်းနံပါတ်နှင့် ဆက်သွယ်ကာ စကားတော့ပြောရပါ၏။ သို့သော် သူက ထုတ်လုပ်သူကိုပြောပြီးမှ တွေ့ခွင့်ပေးနိုင်မည်ဟုပြော၍ မတွေ့ခဲ့ရပါ။ သူနေသောအိမ်နှင့် ကျွန်တော်၏ အိမ်မှာ ကျောက်ကုန်း တပင်ရွှေထီးလမ်းနှင့် မဂ္ဂင်လမ်းဖြစ်၍ နီးနီးကလေးသာ ဖြစ်ပါသည်။ သို့သော် သူ၏ ထုတ်လုပ်သူက ခွင့်ပြုမှပြောနိုင်မည်ဆို၍ ကျွန်တော်စကားမပြောဖြစ်တော့ပါ။


ဒါရိုက်တာ ဦးဝင်းဖေက ပြောပြသည်မှာ ''ဒီကား မင်းသားလုပ်တာက အဲလ်ဖရက်ကြည်စိုး၊ အဲဒီကလေးက အမေရိကားမှာ ကျောင်းတက်တာဗျာ၊ ကျွန်တော့် တပည့်ရဲ့သား။ ကျွန်တော့တပည့်က ကိုကြည်စိုးတဲ့။ သူက နယူးယောက်မှာ။ နောက် သူ့သားလေးကို ခေါ်လိုက်တယ်။ ကျောင်းထားဖို့ခေါ်လိုက်တဲ့အခါကျတော့ သူ့သားလေးကို ကျွန်တော့ကို လာအပ်တယ်။ လာအပ်တယ်ဆိုတာ ရုပ်ရှင်သင်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်ကလည်း ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး။ ကျွန်တော့ကို မိတ်ဆက်ပေးတာပေါ့။ ဒါ မင်းဘကြီးပဲ၊ မင်းဦးကြီးပဲ။ ဒါ ငါ့ဆရာဆိုပြီးတော့ အပ်တာ။ ဒီကောင်လေးက ကျွန်တော့ကို ဦးကြီးတို့ ဘကြီးတို့ ခေါ်တယ်။ မသိတာရှိရင်လည်း လာမေးတာတို့၊ ဘာတို့ရှိတယ်။ နယူးယောက်မှာ သူရယ်၊ သူ့အဖေရယ်၊ ကျွန်တော်ရယ် နေခဲ့ဖူးတယ်။ တနှစ်လောက်ကြာတယ်။ နောက်လည်း အဆက်မပြတ်ဘူး။ သူ ကျောင်းတက်နေတယ်။ ကျွန်တော်နဲ့ အဆက်အသွယ်မပြတ်ဘူး။ ကျွန်တော် နယူးယောက်ကနေ ၀ါရှင်တန်ရောက်လာတယ်။ အဆက် အသွယ်တော့ ရှိတယ်။


အခု ဒီကောင်က မင်းသားလုပ်တယ်။ သူ့ကို ကျောင်းအပ်တုန်းက အဲလ်ဖရက်ကြည်ဆိုပြီး အပ်တာ၊ သူငယ်ချင်းတွေက ကြည်လို့ အသံမထွက်ဘူး။ ခီလို့ ထွက်တယ်။ အဲဒီမှာ အဲလ်ဖရက်ခီလို့ ဖြစ်တယ်။ ဒီကျ မင်းသားလုပ်တယ်ဆိုတော့ တိုတိုတုတ်တုတ်နဲ့ ဇဏ်နဲ့ ခီနဲ့တွဲပြီး ဇဏ်ခီဖြစ်သွားတယ်။


ထိုင်းမှာ မိတ်ဆွေဖြစ်လာတဲ့ မိန်းကလေး ထိုင်းမလေးကို ခေါ်သုံးထားတယ်။ ကြံကြံဖန်ဖန် လုပ်တယ်။ ဒီကောင်က ဘိုလိုမွှတ်နေအောင်ပြောတတ်တဲ့ကောင်၊ ဒီတော့ ဘိုလိုပြောတတ်တဲ့ ထိုင်းမလေးကို ခေါ်သုံးတာပေါ့။ ဒီတော့ ထိုင်းမရဲ့ ယောကျာ်းလုပ်တဲ့ ဟိုတယောက် သန်းစိုးလား သူကပါ ဘိုလိုပြော နေရရှာတာပေါ့။ ပြောရတာပေါ့။ သူက ထိုင်းမရဲ့ ယောကျာ်းကိုး။ ဒီကောင်တွေ ဘိုလိုပြောတာ ထမင်းစား ရေ သောက်ပြောနေတဲ့ ကောင်တွေဆိုတော့ ချထည့်လိုက်တာပေါ့။ ဒါက ဘိုလိုပြောမှ မဟုတ်ပါဘူး။ သက်သက် ထူးခြားသွားအောင်လုပ်လိုက်တာ။ ဘာရယ်လို့ မဟုတ်ဘူး။ ကိုယ်မြင်နေကျ ကြားနေကျ မဟုတ်တော့ဘူး။


စိတ်ကူးပေါ့။ ဒါမထည့်လည်း ဒီဇာတ်က ဖြစ်တာပဲ။ နံပါတ် ၁ ကတော့ လုပ်ချင်တဲ့စိတ်ပေါ့။ နံပါတ် ၂ ကတော့ သူ့စေတနာပေါ့။


သူ့စေတနာတော့ ပေါ်လွင်ပါတယ်။ ကလေးတွေက ဘယ်လောက်ဇွဲကောင်းသလဲဆိုရင် နယူးယောက်မှာ ကျောင်းနေ၊ ကျောင်းဆင်းပြီး ဒီမှာလာနေပြီး မဖြစ်ဖြစ်အောင် ရုပ်ရှင်ရိုက်နေတာ ၉ နှစ်ရှိပြီ။ ၉ နှစ်မှာမှ ဒီကားပဲ တင်ရသေးတယ်။ ဒါတောင် ဒါဒုတိယကား။ ပထမကားက မုဒြခေါ်သံတဲ့။  ‘The call of the Mudra’ ဆိုတာ ပုဂံမှာ ရိုက်ထားတာ။ အဲဒီကားက ရုံရက်မရဘူး။ သူတို့အခက်အခဲက ဘာလဲဆိုရင် ရုံရက်ပဲ။


နောက်အခက်အခဲတခုက ဒီမှာရှိတဲ့ ရုပ်ရှင်အသိုင်းအ၀ိုင်းနဲ့ သူတို့နဲ့ ပလဲနံပ မသင့်ဘူးလို့ ကျွန်တော်က မှန်းကြည့်တယ်လေ။ ကိုယ်တွေ့နဲ့မှန်းကြည့်တာ။ ကျွန်တော်က အရင်က ရုပ်ရှင်အသိုင်းအ၀ိုင်းကကောင် မဟုတ်ဘူး။ ရုပ်ရှင်လောကထဲလာရိုက်တော့ ကျွန်တော်အပိုတွေ ဘာမှမပြောဘူး။ ငါ့မှာ အိုင်ဒီယာ အသစ်တွေပါလာတယ်။ မင်းတို့ ဘယ့်နှယ်ညာ့နှယ် အလကားဟာတွေ၊ ဘာညာစကားနဲ့ပြောနေရင် ရန်များရုံ အရိုက်ခံရရုံပဲရှိမယ်။ ကျွန်တော်ကတော့ ရိုက်စရာရှိတာ ရိုက်တာပဲ။ ရိုက်ပြီးတော့ ပြတယ်။ ကျုပ်တော့ ဒီလောက်ရိုက်တတ်တယ်ပေါ့။ ဒီတော့ ကျွန်တော့ကို ခဏနေတော့ ဆေးဖော်ကြောဖက်လုပ်ကြတယ်ပေါ့။ သြော် ဒီကောင်တကယ်ချစ်မြတ်နိုးလို့ ၀ါသနာပါလို့ ရိုက်တာပဲကိုးဆိုပြီး အသိအမှတ်ပြုလာကြတာ။


ဒီကောင်တွေက နယူးယောက်ရုပ်ရှင်ကျောင်းကဆင်းတဲ့ ကောင်တွေ။ ဆိုတော့ သူတို့က ကလေးတွေလည်းဆိုတော့ အပြောအဆိုမှားတာလေးတွေလည်း ပါရင်ပါမှာပေါ့။ ငါတို့က ရုပ်ရှင်ကို တကယ် အသေအချာသင်လာတာ။ တတ်လို့ ရိုက်တဲ့ကောင်တွေ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ အဲလိုအပြော အဆိုလေးတွေ ပါရင်ပါမှာပေါ့။


ကျွန်တော်က ဒီကလူတွေကိုပေါ့လေ။ သိပ်ပြီးတော့ အငြှိုးမကြီးကြဖို့ ကျွန်တော်ကြားထဲက ဖျန်ဖြေပြီး ပြောလိုက်တယ်။


ဒီကောင်က မင်းသားလုပ်တယ်။ ကင်မရာလည်း ရိုက်တတ်တယ်။ အယ်ဒီတင်း (Editing) လည်း လုပ်တယ်။ ဒါရိုက်တာလည်း ရတယ်။ မျူးဇစ် (Music)လည်း လုပ်တယ်။ တော်တော်ကောင်းတယ်။ ကိုယ်တိုင် ဗမာသီချင်းလည်းဆိုတယ်။ ဘိုလိုလည်း ဆိုတယ်။ ဒီကားရဲ့ music က သူလုပ်တာ။ တော် တော်ကောင်းတယ်။ လိုအပ်တဲ့နေရာမှာ သုံးတယ်။ မလိုအပ်တဲ့နေရာမှာ မသုံးဘူး။ မလိုအပ်တာတွေ မထည့်ဘူး။ silence ပေးစရာနေရာဆို ပေးတယ်။ ဆိုင်းလင့်ပေးတဲ့နေရာမှာဆို အမှိုက်လိုအသံတွေ၊ ဘာတွေ မရှိရဘူး။ သိပ်သတိထားတယ်။ အသံနဲ့ ရုပ်နဲ့ကောင်းတယ်။

 x ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့ စနေပြီလေ။ အစ်ကို့ကို လာမတိုင်ပင်ဘူးလား။


- ကျွန်တော်ကတော့ မရိုက်နိုင်ဘူး။ ရိုက်ကူးရေးကော်မတီက လူ ၁၀ ယောက်လောက်ပါတယ်။ မင်းထင်ကိုကိုကြီးလည်းပါတယ်။ ခေါင်းဆောင်ကတော့ ဇာဂနာပေါ့။ သူတို့က ကျွန်တော့ကို လာရိုက် ခိုင်းတယ်။ ရိုက်နိုင်လောက်အောင် ကျုပ်က မသိဘူး။ အဲဒီတော့ ကော်မတီက ပြောတယ်။ အန်ကယ်က မသိရင် ကျွန်တော်တို့ ဘယ်လိုလုပ်သိမလဲ။ ဒါတော့ မသိဘူး။ လူချင်းတူပေမဲ့၊ အသက်ငယ်ပေမဲ့ ဘယ်လောက်ဖတ်ထားလဲ ကျွန်တော်လည်းမပြောတတ်ဘူးလေ။ ကျွန်တော်ကတော့ ရိုက်ပြလောက်အောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိတယ်လို့ မယုံကြည်ဘူး။ ရိုက်တယ်ဆိုတာ ယုံမှရိုက်လို့ရတာ။ အဲဒါနဲ့ ကျွန်တော်က လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောခိုင်းမယ်တဲ့။ ဟာ သိပ်ကောင်းတယ်။ ခင်ဗျားတို့ကိုပြောရတာ တခါတခါ ၂ နာရီလောက် ကြာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပြောရင် ၅ မိနစ် လောက်နဲ့ နားလည်မယ်။ ကျုပ်ပြောတဲ့စကားကိုလို့။ ခုတော့ ကျွန်တော် အသက်ကြီးလာတော့ ပန်းချီရေးတဲ့ အလုပ်ပဲ လုပ်တယ်။ အရုပ်ရေးတဲ့ အလုပ်လုပ်တယ်။ အိမ်ကနေ ဘယ်မှမခွာဘူး။


x အရင်တုန်းက ဆရာဗန်းမော်တင်အောင် ပြောခဲ့သလို စာပေလောကကို ဆေးခါးကြီးတိုက်ရတော့မယ်ဆိုသလို အခုလည်း ရုပ်ရှင်လောကကို ဆေးခါးကြီးတိုက်ရတော့မလို ဖြစ်နေတယ်။


- ဒီလိုပါပဲ။ နှစ် လေး၊ ငါးခြောက်ဆယ် မင်းကျိုးမင်းကျွန်ဖြစ်လာတဲ့ တိုင်းပြည်က အသေးစိတ်တော့ စဉ်းစားမနေနဲ့။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဟိုဟာဖြစ်၊ ဒီဟာဖြစ်။ အဲဒါတွေ ကိုယ့်ဘာသာစဉ်းစားတော့လို့ အထွေထွေကတော့ ဒါပါပဲလို့။


ချစ်မောင်(အ၀ကျွန်း)