ကျွန်မ ဧည့်လမ်းညွှန်


လွတ်လပ်မှုကို နှစ်ခြိက်သောမိမိသည် ဤဧည့်လမ်းညွှန်အလုပ်ကို သဘောကျလှသည်။ အထက်လူကြီးမရှိ၊ အောက် လက်ငယ်သားမလို။ ကိုယ့်ဧည့်သည်နှင့် ကိုယ့်ဘာသာ အဆင်ပြေဖို့သာလိုသည်။ ဒီဧည့်သည်တွေနှင့်ဆိုတာကလည်း အလွန်ဆုံးလည်ရ ၁၀ ရက်၊ နှစ်ပတ်ပေါ့။ ပြီးရင် လမ်းခွဲ။ နောက်တဖွဲ့လာ။ ချစ်ချစ်မုန်းမုန်း အချိန်တန်ပြန်သွားကြသည်သာ။


ကျောင်းနောက်ဆုံးနှစ်တွင် အရေးအခင်းတွေ ဖြစ်နေသဖြင့် နိုင်ငံခြားအခြေစိုက်ကုမ္ပဏီတခုတွင် နှစ်နှစ်နီးပါးဝင်ရောက်လုပ်ကိုင်မိသည်။ နေ့စဉ်ရုံးတက်ရသည့်အလုပ်မှာ မထောင်းသာသော်လည်း၊ တနေရာ ထဲတွင် လုပ်ဖော်ကိုင်ဖက်အများကြီးဖြင့် လုပ်ကိုင်ရသောကိစ္စမှာ မလွယ်ကူလှ။ စိတ်ပျက်ဖွယ်ရာနေ့ရက် များကိုလည်းဖြတ်သန်းခဲ့ဖူးရာ၊ ငါဘယ်တော့မှ ကုမ္ပဏီတွေမှာ အလုပ်မလုပ်တော့ဟု ဆုံးဖြတ်ချက်ကို ခိုင်ခိုင် ကြီးချမိတော့သည်။
ဤသို့မဟုတ်ပါက ဆရာကြီးရွှေဥဒေါင်းငယ်စဉ် မောင်ဖေသိန်းဘ၀တုန်းကလို စိတ်ထဲတွင် ဆူးတွေတချောင်းပြီးတချောင်း ပေါက်လာမှာ မလွဲ။ ဂိုက်ဘ၀တွင် ကုမ္ပဏီတွေနှင့်ပတ်သက်ရသော်လည်း မိမိတို့မှာ သူတို့ဝန်ထမ်းမဟုတ်။
ဂိုက်အလုပ်ဆိုသည်မှာ ကိုယ်ပိုင်အရည်အချင်း သက်သက်ဖြင့်သာ ရပ်တည်ရခြင်းဖြစ်၏။ ဧည့်သည် တို့ကလည်း မိမိ၏ ဘာသာစကား၊ အထွေထွေ ဗဟုသုတ၊ ၀န်ဆောင်မှု စသည်တို့ကို မနှစ်သက်ပါက ချက်ချင်းပင် ဂိုက်ပြောင်းပေးပါဟု တောင်းဆိုနိုင်သည်။ ခရီးစဉ်ပေးသော ကုမ္ပဏီမှလည်း မိမိအား ဘယ် လောက်ခင်ခင်၊ သံယောဇဉ်ရှိရှိ၊ ဧည့်သည်တွေ မကျေနပ်ပါက ဘာမှမတတ်နိုင်။ ဒီတော့ အရည် အချင်းစစ်စစ်ဖြင့် နေနိုင်မှသာ ဤလောကထဲတွင် ရပ်တည်နေနိုင်ပေသည်။


ဒါဖြင့် ကိုယ်ကကောင်းသော်လည်း ဧည့်သည်တို့က ဆိုးဝါးနေရင်ကော။ ဘာလူမျိုးဖြစ်နေနေ စိတ် ဓာတ်ညံ့ဖျင်းသူတို့လည်း ပါလာတတ်လေရာ ခေါင်းငုံ့ခံရမည်လား။ မလိုပါ။ ချက်နှင့်လက်နှင့် ပြန်လည်ပြော ဆို၍ရသည်။ ဆက်၍ လုံးဝသည်းမခံနိုင်တော့ပါက မိမိဖက်မှစတင်ကာ ဆက်မလိုက်နိုင်တော့ကြောင်း၊ လူအစားထိုးပေးပါရန် တောင်းဆိုခွင့်ရှိသည်။ အကျိုးအကြောင်း ညီညွတ်က ကုမ္ပဏီတွေကလည်းနား လည်လက်ခံ၏။
အလုပ်ပင်ပန်း၍ နားချင်ပါကလည်း ဒီလတော့ဖြင့် အလုပ်မလုပ်ပါဆိုပြီး နားနေနိုင်လေသည် (ပိုက်ဆံတော့ မရဘူးပေါ့။) အတောင်သာလျှင် ဥစ္စာရှိသော ငှက်တို့သဖွယ် လွတ်လပ်လှချေသည်။
ဤလုပ်ငန်းနှင့်စိမ်းသော မိတ်ဆွေတချို့က နိုင်ငံခြားသားတွေနှင့် ရက်ရှည်ခရီးသွားနေရသဖြင့် တမျိုးတမည် စိုးရိမ်ပေးတတ်ကြသေးသည်။ အနောက်တိုင်းသားခရီးသွားဧည့်သည်တို့သည် ထိုထိုကိစ္စတို့တွင် လွန်စွာစည်းကမ်းရှိကြလေသည်။ အထူးသဖြင့် ကုမ္ပဏီဖြင့်ချိတ်ဆက်၍ လာသောသူတို့မှာ သာ၍စိတ်ချရ သေးသည်။ ဟိုတယ်ကြီးများထဲရှိ Spa များတွင်လုပ်သော မိန်းကလေးများဆို ပို၍သိကြလေသည်။ သူတို့မှာ အနောက်တိုင်းသားများကိုမကြောက်။ အရှေ့တိုင်းသားများကို ရွံ့ကုန်၏။ တောင်မေးမြောက်မေး မေး တတ်ကြသောကြောင့် ဖြစ်သည်။
ဘာသာစကားအားဖြင့်ရော၊ ဗဟုသုတအားဖြင့် ရော၊ ဧည့်သည်တို့အား ကိုင်တွယ်ထိန်းကျောင်းနိုင်မှု တို့တွင်ရော၊ အစစအားနည်းနေသေးသည့် အသစ်ကျပ်ချွတ်ဘ၀တွင်တော့ ဧည့်ကောင်းစောင်ကောင်းများ၊ မိမိအားဖေးမသူများနှင့်တွေ့ကြုံရန် အရေးကြီးလှပေသည်။ ဒါကတော့ အရည်အချင်းနှင့်မဆိုင်။ ကံတရားနှင့်သာ ဆိုင်လေ၏။ ဤသို့မဟုတ်ပါက စစချင်း ဆောက်နှင့်ထွင်းသလိုဖြစ်ကာ နိုင်ငံခြားသား မြင်ရုံ၊ တိုးကားကြီးတွေမြင်ရုံနှင့်ပင် ကြောက်လန့်သော ဖိုးဘီးယားရသွားနိုင်ပေသည်။


သင်တန်းနှစ်လတက်ပြီးရလာသော ဧည့်လမ်းညွှန်လိုင်စင်ဖြင့် ဘာဆက်လုပ်ရမှန်း မိမိမှာ ရေရေရာ ရာမသိသေး။ ဘာသာစကားတခုခုတော့ ထပ်တက်မှ ရမည်။ သူငယ်ချင်းအချို့က ဂျာမန်သင်မည်တဲ့။ တချို့က ပြင်သစ်။ တချို့ကတော့ ဂျပန်။ အီတာလျံနိုဆိုသောစကားလေးကို မည်သူ့ဆီမှ ကြားဖူးလိုက်မှန်း မသိ။ ကြားရသည့်အခိုက်အတန့်မှာကိုပဲ ဘာကြောင့် ဘယ်လိုရယ်မသိ၊ နားကြောထဲ ထူးခြားစွာ ချိုဝင်သွားသည်။ ဟုတ်ပြီ။ ငါ ဒါပဲသင်မည်။
အီတလီဘာသာသင်နေစဉ်အတွင်း မိမိမှာ ကံကောင်းစွာဖြင့် ဆွတ်ဇာလန်အခြေစိုက်တိုးကုမ္ပဏီ ဖြင့်ချိတ်ဆက်မိပြီး English Station Tour ကလေး များ စတင်လိုက်ခွင့်ရလာသည်။ English Station ဆိုသည်မှာ ရန်ကုန်နှင့်အနီးတ၀ိုက်သာ အင်္ဂလိပ်ဘာသာဖြင့် လိုက်လံပြောဆို လမ်းညွှန်ရခြင်းဖြစ်သည်။
မိမိတို့လို ဧည့်လမ်းညွှန်အသစ်ကျပ်ချွတ်လေး တွေကို တနိုင်ငံလုံးအနှံ့ လွှတ်လိုက်ဖို့ဆိုတာ လွယ် သောအလုပ်မဟုတ်။ ဘာပဲဖြစ်နေနေ ရန်ကုန်လေ ဆိပ်မှာကြို ၊ မြို့ထဲကနေရာတွေလိုက်ပို့စသည်ဖြင့် နိုင်ငံခြားသားတွေဖြင့် တော်တော်လေးအထိအတွေ့ ရှိလာခဲ့သည်။


တရက်မှာတော့-
''ဟဲ့ ညည်းအီတလီစာသင်နေတယ်ဆို''
''ဟုတ်ကဲ့''
''ဒါဆို ရှေ့အပတ်ထဲမှာ အီတလီနှစ်ယောက်တိုးတခုရှိတယ်။ ညည်းလိုက်သွားစမ်း''
ထိုစဉ်က အီတလီဘာသာ လမ်းညွှန်များရှားပါးသေးဆဲ။ ရက်ကလည်းကပ်နေပြီဖြစ်ရာ ကုမ္ပဏီမှာလည်း ရုတ်တရက် ဂိုက်ရဟန်မတူ။
မိမိထံ တည့်တည့်ကြီးဝင်လာသော အခွင့်အရေးကြီးကို လက်လွတ်လည်းမခံချင်။ သင်နေတာကလည်း သိပ်မကြာသေး။ ဘယ်သိပ်တတ်ပါ့မလဲ။ ရိုးရိုးသာမန်ထမင်းစားရေသောက်လောက် ပြောတတ်ရုံနှင့်လည်း ဖြစ်တာမဟုတ်။ အကြောင်းအရာတော်တော်များများကို ပြောနိုင်ရှင်းလင်းနိုင်မှရမည်ဖြစ်သည်။ သူတို့မေးမည့်မေးခွန်းတွေကိုလည်း နားလည်ဦးမှ။ တကယ့် အီတလီလူမျိုးစစ်စစ်တွေ၏ အသံထွက်ကို ချက်ချင်းနားလည်နိုင်ဖို့က မလွယ်။ ကိုယ့်ဝမ်းနာကိုယ်သာသိ၏။ ''ငါဘာလုပ်ရင်ကောင်းမလဲ။ လက်ခံပြီး သား Tour ကို ပြန်အပ်လိုက်ရင် ကောင်းမလား။ ဆက် လိုက်ရမလား''
''စွန့်မှ စားရမည်'' ဒီတော့ စွန့်စားရတော့မည်။
တပတ်လုံးညညအိပ်မပျော်။ အိပ်ပျော်မည်လုပ်လိုက်၊ စာတွေ ထဖတ်လိုက်ဖြင့် မိုးတွေလင်းလင်းသွားသည်။
ကြောက်နေသောရက်တော့ရောက်ပြီ။ ကြည့်တာနှင့်ပင် လူကုံထံဥပဓိရုပ်အပြည့်ရှိ၍ ဖက်ရှင်ကျ ကျဝတ်စားထားသော အီတလီမကြီး နှစ်ယောက်တော့ ထွက်လာလေပြီ။ အဲယားကွန်းအေးစိမ့်နေအောင် လွှတ် ထားသော ရန်ကုန်လေဆိပ်ကြီးထဲတွင် မိမိမှာတော့ ပူလိုက်အေးလိုက်။ ဟုတ်သည်။ ခြေဖျားလက်ဖျားတွေ အေးစက်ပြီး ချမ်းလာသည့်အခါ ချမ်းလိုက်၊ တွေးရင်း တွေးရင်းဇောချွေးတွေထွက်ကာ ပူလာသည့်အခါ ပူလာလိုက်ဖြင့် ပူခြင်းအေးခြင်း ဝေဒနာနှစ်မျိုးကို တပြိုင်တည်း ခံစားနေရသည်။
ထွက်လာကြပြီဆိုမှတော့ ကြိုရပြီပေါ့။ သဘော ကောင်းပုံတွေတော့ပေါက်သည်။ ကျက်မှတ်ဖတ်ထား သောစာတွေကို လေဆိပ်ကနေ တည်းမည့်ဟိုတယ်အထိ ပြောဆိုသွားလေရာ ရှောရှောရှူရှူဖြစ်နေသေး၏။ ကြိုတင်လည်း စကားပလ္လင်ခံထားရသေးသည်။
''ဒါ ပထမဦးဆုံးအခေါက်ပါဟု''
သူတို့ကလည်း မိမိပြောတာကို ကြိုးစားနားလည်ပေးကြ၊ ကိုယ်ကလည်း သူတို့ပြောတာကို နားမလည်ရင် သုံးခါလောက်ထပ်မေးဖြင့် တရက်တာတော့ အိုကေနေသေးသည်။ နောက်နေ့ မန္တလေး။ ယခုလို ဖွယ်ဖွယ်ရာရာ အပိုဆာဒါးတွေ မရှင်းပြတတ်သေးသော်ငြား မိမိတို့လည်နေသော နေရာလေးတွေ အကြောင်းတော့ အကျဉ်းချုပ်ရှင်းပြရာ သူတို့ကလည်း မိမိက အတင်းကို ကြိုးစားပြောနေတာမှန်းသိသဖြင့် ခဲရာခဲဆစ်တွေ သိပ်မမေး။
ညနေပိုင်းကျခရီးစဉ်က အင်းဝ။ လှေကလေးဖြင့် မြစ်ငယ်မြစ်ကိုကူးနေတုန်း ထဖောက်လေသည်။ ရှုခင်းတွေလှလိုက်တာဟု ပြောနေရင်း မိမိအား-
''နင်တို့တွေအနေနဲ့ဆိုရင် ဒီကမ္ဘာကြီးကို ဘယ်သူက ဖန်ဆင်းတည်ဆောက်ထားခဲ့တာလဲဟင်''ဟု ရုတ်တရက်ကြီး မေးချလိုက်သည်။
သူသိချင်တာက ဖန်ဆင်းရှင်ကများ ဖန်ဆင်းထားခဲ့တယ်လို့ဖြေမလား။ ဒါမှမဟုတ် ဗုဒ္ဓအယူဝါဒမှာ ဖန်ဆင်းရှင်ဆိုတာ မရှိဘူးဟု ဖြေလေမလား။ ဒါကို သူက သိချင်တာဖြစ်သည်။
ကွဲလေပြီ ဟက်တက်။ နားမလည်လိုက်။
''ဘာမေးလိုက်တာလဲဟင် မကြားလိုက်လို့'' သူက နောက်တခါ ထပ်ပြောသည်။ 'ကမ္ဘာကြီး' အီတလီလို “mondo”ဆိုတာကို မိမိက မကျက်ထား ရသေး။ ဘာပြန်ပြောရမှန်းမသိ။ အကျပ်အတည်းတွေ့နေပြီဖြစ်သော မိမိအား လက်ဟန်ခြေဟန်တွေလုပ် ပြကြသည်။
''ဟောဒီ ကမ္ဘာကြီးလေ''
သူတို့လက်တွေ ဝေ့၀ဲပြရာကို ကြည့်မိတော့၊ မျက်စိထဲသွားတွေ့တာက ဧရာဝတီမြစ်ကူးတံတားကြီးနှစ်စင်း။
အင်းဝ(စစ်ကိုင်း) တံတားနှင့် ရတနာပုံတံတားသစ်ကြီး။
မိမိဥာဏ်ကွန့်မြူးလေပြီ။ ဧကန္တတော့ သူတို့တွေ တံတားသစ်ကြီးကို ဘယ်သူဆောက်ခဲ့တာလဲဟု မေးချင်ဟန်တူသည်ဟု ကိုယ့်ဘာသာတွေးကာ ဖြေချလိုက်သည် ရဲရဲကြီး။
''လက်ရှိအစိုးရခေါင်းဆောင်လေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့''
အဘွားကြီးနှစ်ယောက်မျက်လုံး ပုစွန်လုံးထက် ပြူးသွားသည်။
''ဘာ''
မိမိကလည်း တော်တော်ပိန်းသည်။ သြော် ဗမာနာမည်အသံထွက်ကို နားမလည်လို့ဟုထင်ကာ၊ တလုံးချင်း ပီပီသသထပ်ရွတ်ပြလိုက်သည်။
''သန်းရွှေ General Than Shwe''
ထိုမိန်းမကြီးနှစ်ယောက် အော်ရယ်လိုက်ကြသောအသံမှာ လှေဆီက ဆူညံစွာထွက်နေသော စက်သံကိုပင် ဖုံးသွားလေ၏။ သြော် ''စာဖတ်နေသူကြီး''ခမျာ မိမိနှင့်ကျမှ ပရိုမိုးရှင်းတိုးကာ ကမ္ဘာကြီးကို ဖန်းတီးသူပင် ဖြစ်သွားလေတော့သည်။ ထိုတညနေလုံး ဧည့်သည်မကြီးနှစ်ယောက်လုံးကို ဘာမှထပ်ပြီး အတည်ရှင်းပြလို့မရတော့။ မျက်ရည်ပေါက်ကြီး ငယ်ကျအောင်ပင် တရယ်ထဲရယ်နေကြတော့သည်။
အိတ်ဆောင်အဘိဓာန်ကိုထုတ်ပြီး ကြည့်လိုက်တော့မှတွေ့ပါပြီ အဓိပ္ပာယ်အမှန်ကို။ ဒါနှင့်မပြီးသေး။ ပုဂံရောက်တော့ မောင်းထုကာ အချဉ်ပေါင်းရောင်းနေသောအသည်ကို ကြာကြာရှည်ရှည်သွားကြည့်ကြသည်။ မေးပါပြီ။ ဘာသီးတွေလဲတဲ့။ ဂွေးသီးတွေ။ အီတလီ နာမည်မသိပါလို့။ ဒါဖြင့် အင်္ဂလိပ်လို ပြောပြတဲ့။ ဒီလောက်တောင်ရှိတာ ဖြေချလိုက်သည် ''Ball Fruit''ဟု။ ဂွေးနှင့် ဘောသည် ဆင်သည် မဟုတ်လား။ ဒီလိုနှင့်ခရီးစဉ်လည်း ပြီးဆုံး။ မိမိ နှင့်သွားရတာ ပျော်သည်ဟုဆိုကာ မုန့်ဖိုးတွေပေးနှင့် ပထမဆုံးခရီးရှည်ကတော့ အဆုံးသတ်လှခဲ့လေပြီ။
သြော် ထိုစဉ်ကတည်းက သွားလိုက်ရသည့် ခရီး၊ အရင်တုန်းကတော့ ပြည်တွင်းသာ။ ခုတော့ ပြည်ပတွေရော။ နှစ်တွေဘယ်လောက်ကြာကြာ လှေကလေးနှင့် မြစ်ကိုဖြတ်ကာ အင်းဝကိုသွားတိုင်း၊ တံတားသစ်ကြီးကို မြင်လေတိုင်း တယောက်တည်း ပြုံးပြုံးကြီးဖြစ်ကာ ထိုအီတလီမကြီးနှစ်ယောက်ကို လွမ်းနေလေမိတော့သည်။


မေခိုင်