ပိတောက်တွေ ပွင့်တော့မည် ကိုစိမ်းနီ


ဘာလိုလိုနှင့် ကျွန်တော်တို့ရဲဘော်ကြီး ကဗျာဆရာကိုစိမ်းနီ ကွယ်လွန်ခဲ့သည်မှာ တနှစ်ပြည့်ပါတော့မည်။ မကြာမီ တန်ခူးလ ရောက်တော့မည်။  ပိတောက်တွေလည်း ပွင့်ပြန်ဦးတော့မည်။  ပိတောက်တွေပွင့်လျှင် ကိုစိမ်းနီ၏ ပိတောက်ပွင့်သစ်မဂ္ဂဇင်းကို သတိရသည်။ ပြီးတော့ ပိတောက်ကိုချစ်သော ကိုစိမ်းနီသည် မြန်မာသင်္ကြန်၏ ထူးခြားသော ယဉ်ကျေးမှုတရပ်ဖြစ်သော သင်္ကြန်သံချပ်ကား (အက၊ အလှ၊ သဘာဝ၊ သံချပ်)ကိုလည်း အလွန်သတိရမိသည်။ သူ့သံချပ်ကားအမည်က 'အပြာရဲ့အနီ'။


သင်္ကြန်သံချပ်ကို ဘယ်လောက်အာရုံစိုက်သလဲဆိုလျှင် ပိုက်ဆံငွေကြေးအကုန်အကျခံသည့်အပြင် သူ့သား၊ သူ့သမီး၊ သူ့ဇနီး (ကျန်းမာရေးကောင်းသည့်အခါ) အားလုံးကို သံချပ်ကားပေါ်တင်ကာ ရန်ကုန်မြို့အနှံ့ ပြိုင်ပွဲဝင်လို့ရသည့်နေရာ၊ ဖျော်ဖြေလို့ရသည့်နေရာတွေမှာ သွားလာလှည့်လည်ပြီး တင်ဆက်သည်။


တကယ်တော့ ကဗျာစာပေနှင့် သံချပ်ကားမှာ ဆက်စပ်ပတ်သက်နေသည် မဟုတ်ပါလား။ ကဗျာသမား၊ စာသမားများသည် သင်္ကြန်မှာ သံချပ်ကား ထွက်ကြသည်။ သံချပ်မှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအမြင်မတော်တာတွေ၊ ဝေဖန်စရာတွေကို ပြတ်ပြတ်သားသား ဝေဖန်ကြသည်။ ယခင်ခေတ် ၁၉၇၀ ကျော်ပတ်ဝန်းကျင်လောက်ကဆိုလျှင် သံချပ်ကား အလှပြကားများကို ဆုပေးမဏ္ဍပ်တွေဆောက်ပြီး ဆု ပေးခဲ့ကြသည်။ ဒိုင်လူကြီးတွေ ကိုယ်တိုင်က စာပေသမား စာရေးဆရာ၊ ကဗျာဆရာကြီးများဖြစ်သည်။ ရန်ကင်းမှာဆိုလျှင် ကဗျာဆရာ ဒေါင်းနွယ်ဆွေကိုယ်တိုင် ရန်ကင်း  ၁၂ လုံးတန်းဟုခေါ်သော မြို့နယ်မှာ ဆုပေးမဏ္ဍပ် ဒိုင်လူကြီးလုပ်သည်။ မြန်မာစာပေ လောက၊ ဂီတလောက၊ အနုပညာလောကမှာ အောင် မြင်ထင်ရှားသူများသည် သင်္ကြန်မှာ နာမည်ကြီးခဲ့သည့် အနုပညာရှင်များဖြစ်သည်။ မောင်ကြေးမုံ၊ ဂန္ထ၀င်မောင် ၀ိုင်း၊ မောင်မောင်မြင့်အောင်၊ ယနေ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ စသူတို့သည် ကဗျာ စာတွေလည်း ရေးကြသည့်အပြင် သင်္ကြန်သံချပ်မှာလည်း နာမည်ကြီးကြသည်။ ပြည်သူပရိသတ် ချစ်ခင်အားပေးခဲ့ကြသည်။ ကျွန်တော်သည် စစ်အစိုးရ လက်ထက်တလျှောက်လုံး သင်္ကြန်သံချပ် ယဉ်ကျေး မှုတိမ်မြုပ်သွားသည်ကို အလွန်နှမြောနေမိသည်။


NLD အစိုးရလက်ထက်ကျတော့ သင်္ကြန်သံချပ်များ တစတစပေါ်ထွက်လာသည်။ ထိုကြောင့် သင်္ကြန်ရောက်တော့မည်ဆိုလျှင် ကိုစိမ်းနီကို အလွန်သတိရမိသည်။ သူသည် သင်္ကြန်နှင့်၊ သံချပ်နှင့်၊ ပိတောက်နှင့် ကင်းကွာလို့ မရ၊ ကိုစိမ်းနီနှင့် ပိတောက်ပွင့်သစ်၊ ပိတောက်ပွင့်သစ်နှင့် ကိုစိမ်းနီခွဲ၍ မရ။


စာပေအနေနှင့် ကိုစိမ်းနီသည် ပြည်သူ့စာပေသမားဖြစ်သည်။ ပြည်သူတွေဖတ်ဖို့ ကဗျာရေးသည်။ ပြည်သူတွေ နားလည်အောင်ရေးသည်။ အဖိနှိပ်ခံပြည်သူတွေအတွက်ရေးသည်။ ထိုကြောင့် သူ၏မဂ္ဂဇင်း ပိတောက်ပွင့်သစ်ကို 'ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်'ဟုရေးထိုးကာ ထုတ်ဝေခဲ့သည်။ ဤစာသား ကပင်လျှင် သူ၏ စာပေခံယူချက်ကို အကဲခတ်လို့ ရနိုင်ပါသည်။


ပုဂ္ဂိုလ်ရေးအရဆိုလျှင်တော့ ကိုစိမ်းနီသည် စည်ပင်ဌာနမှာ အလုပ်လုပ်စဉ်တုန်းက သူ့ထံ အကူအညီလို၍ သွားတောင်းလျှင် မရှိရှိတာကို ထုတ်ပေးလိုက်တတ်သည်။ သူ့ထံအရက်ဖိုးသွားတောင်းသူတွေ မနည်း။ ပိုက်ဆံလို၍ သွားချေးသူများကလည်း အများအပြား။ ပြီးတော့ ချေးပြီးလျှင် သူ့ပိုက်ဆံ ပြန်မရတော့။ ပြန်မရမှန်းသိသော်လည်း သူကတော့ ချေးမြဲပင်။ ပြီးတော့ လူနိုင်တွေဆိုလျှင် သူက ပိုက်ဆံလည်းထုတ် ချေးသည်။ ပါးစပ်ကလည်း ဆဲဆိုကြိမ်းမောင်းလိုက်သေးသည်။ ပိုက်ဆံချေးသူကတော့ သူဘယ်လောက်ပင် ဆူဆူဆဲဆဲ၊ ပိုက်ဆံရလျှင် အေးအေးဆေးဆေး ပြန်လာသည်။ မိသားစု အခက်အခဲရှိလို့ဟုဆိုသော်လည်း ပိုက်ဆံရလျှင် အရက်ဆိုင်ဝင်ကာ ပုလင်းထောင်ကြတော့သည်။


သူ ကန်တော်ကလေး စည်ပင်ဌာနမှာ လုပ်စဉ်တုန်းက ကျွန်တော်ကိုယ်တိုင် မဂ္ဂဇင်းအတွက် ငွေလို၍ သူ့ဆီကချေးခဲ့ရသေးသည်။ ပြီးတော့ ကျွန်တော့ နေအိမ်ခြံစည်းရိုးအကာအရံမရှိ၍ သူက ခြံစည်းရိုးခတ်ရန် သံဆန်ခါအလိပ်လိုက် အလကားပေးလိုက်သေးသည်။


သူ့သား လူထွန်းကို သူ အလွန်ချစ်သည်။ လူထွန်းကို မင်းသားဖြစ်စေလို၍ သူပိုက်ဆံအတော် ကုန်သွားသည်။ ကျွန်တော်လည်း ကျွန်တော့မဂ္ဂဇင်းတွင် လူထွန်းကို မျက်နှာဖုံးတွေ ဘာတွေတင်ပြီး ပရိသတ်နှင့် မိတ်ဆက်ခဲ့သေးသည်။


 

ကိုစိမ်းနီ

သူမကွယ်လွန်မီ တနှစ်လောက်က သင်္ကြန်တွင် ကျွန်တော်က မဏ္ဍပ်တွေ၊ မဏ္ဍပ်မရှိသော်လည်း သံချပ် ပြိုင်နေကြသည့် နေရာတွေကိုသွားစဉ် သူနှင့်တွေ့သည်။ သူသည် ၀မ်းသာအားရစင်ပေါ် တနေရာက ကြည့်ရန် ဖိတ်ခေါ်ပါသည်။


သူ ကွယ်လွန်သွားတော့ ကျွန်တော် ပထမဆုံး စိုးရိမ်သွားတာက သူ၏ သံချပ်ကားကို ဘယ်သူ ဦးဆောင်ထွက်တော့မလဲဆိုသည်ကိုပဲ ဖြစ်သည်။ တခြားဟာတွေကို မစိုးရိမ်ဘဲ သံချပ်ကားထွက်ဖို့ကိုပဲ ဦးစွာစိုးရိမ်သည်ဆို၍ ကျွန်တော့ကို သံချပ်ရူးဟု ခေါ်ကြမလား မသိပါ။ သံချပ်ကားအပြင် သူ၏ ပိတောက်ပွင့်သစ်ကိုလည်း ဘယ်သူတွေ ဦးဆောင်ထုတ်ဝေကြမလဲ ဆိုသည်ကို စိုးရိမ်မိသည်။


သူသည် ဟန်ကြီးပန်ကြီး မလုပ်တတ်၊ သူ ကူညီနိုင်သည့်အချိန်တုန်းကလည်း အပေါ်စီးကမနေ။ တခုတော့ ရှိသည်။ ရင်းရင်းနှီးနှီးနေပြီး ဆဲဆဲဆိုဆိုနှင့် ကူညီတတ်သည်။ ကဗျာစာပေကို ချစ်သလို၊ ကဗျာ ဆရာတွေကို ချစ်သည်။ သူ့အကူအညီနှင့်ကင်းသူ သိပ်မရှိဟု ကျွန်တော် ထင်သည်။ အထူးသဖြင့် လူငယ်ကဗျာဆရာများကို သူ ကူညီသည်။ ချစ်ခင် သည်။


'ပိတောက်ပွင့်သစ်' ခေါင်းစဉ်လေးက စာလုံးလှ၍ ကျွန်တော်က ကြိုက်သည်။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းကိုလည်း ခေါင်းစီးသစ်ပြောင်းဖို့အတွက် သူက ကိုတင်ထွဏ်း(ပန်းချီတင်ထွဏ်း)အိမ်ကို လိုက်ပြသည်။ ယခုလက်ရှိ ရုပ်ရှင်တေးကဗျာ ခေါင်းစီးစာလုံးကို ရရှိလိုက်သည်။ ကျွန်တော်အလွန်ကြိုက်သည်။ စာလုံးက ပွင့်သည်။ ပြီးတော့ ကိုစိမ်းနီက ရုပ်ရှင်တေးကဗျာကို ကဗျာပေးလျှင် ချက်ချင်းထည့်ပေးမှ၊ ထည့်ပေးမည်ဆိုမှ ကဗျာရေးပေးသည်။ စာပေလောကတွင် ကျွန်တော် ဒူပေနာပေခံရဆုံးသူတွေက ကိုစိမ်းနီ၊ ကိုမင်းသစ်၊ ကိုသင်းခိုင်နှင့် မောင်ချောနွယ်တို့ပဲဖြစ်သည်။ ဆရာဒဂုန်တာရာ ၉၃ နှစ်မြောက် မွေးနေ့ သန္တိသုခကျောင်းမှာ ကျွန်တော်အကုန်အကျခံပြီး ကျင်းပမည်ဆိုတုန်းကလည်း သူက စိုးရိမ်သည်။ ဆရာတာရာကိုဖိတ်လို့ လာပါ့မလားဟုဆိုသည်။ ပြီးတော့ သူတက်တက်ကြွကြွအားပေးသည်။


၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ ကဗျာဆရာတွေ သူ့ဆီမှာ သောင်တင်နေသည်။ ထိုသူများ၏ ထမင်းဖိုး၊ အရက်ဖိုးကို သူ စိုက်ထုတ်ကာ ပေးနေရသည်။ သူ့အပြင် ကဗျာဆရာများ၏ အနွံအတာကိုခံရသူမှာ ကိုမင်းသစ်(ဘိုင်အိုမင်းသစ်)ဖြစ်သည်။ သူတို့နှစ်ဦးစလုံးလည်း လောကကြီးကို ခွဲခွာသွားခဲ့ကြပြီ။ ကျွန်တော့်မှာ သူတို့နှင့်ပတ်သက်ခဲ့သည့် သတိရစရာတွေ တပုံကြီးကျန်ခဲ့သည်။


ယခုတော့ မကြာသောကာလမှာ ပိတောက်တွေ ပွင့်ကြပြန်ဦးမည်။ ပိတောက်နှင့်ပတ်သက်၍ သင်္ကြန် သံချပ်နှင့်ပတ်သက်၍ ကဗျာဆရာမောင်စိမ်းနီ (ကျွန်တော်တို့အခေါ် ကိုစိမ်းနီ)ကို သတိရ လွမ်းဆွတ်မိပါသည်။ အသက်တွေကြီးလာသည်နှင့်အမျှ အတိတ်တွေက ရှည်လျားလာသည်။ ထိုအတိတ်ရှည်များထဲမှာ သတိရစရာ၊ လွမ်းဆွတ်စရာ၊ အောက်မေ့စရာတွေ တပုံကြီး ကျန်ရှိနေခဲ့ပါသည်။


ချစ်မောင်(အ၀ကျွန်း)