အမရပူရမှ ကိုအာကြီး ကိုယ်ပိုင်စိတ်ကူးဥာဏ်ဖြင့်စက်ဘီးဆိုင်ကယ်များ တီထွင်အောင်မြင်


မန္တလေး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာ (ကျောက်စိမ်းဘုရားအနီး)တွင် ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်းလုပ်ကိုင်၍ အသက်မွေးနေသည့် ကိုအောင်လင်းခိုင် (ခ)ကိုအာကြီးသည် ၎င်း၏ ကိုယ်ပိုင်စိတ်ကူးဥာဏ်ဖြင့် စက်ဘီးဆိုင်ကယ်များ စမ်းသပ်တီထွင်ရာ ဒုတိယမြောက်တစီးကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း သိရသည်။


''ဒီလိုစပြီးတီထွင်တာက ကိုယ်လုပ်တဲ့လုပ်အားခနဲ့ တန်ဖိုးကြီးတဲ့ဆိုင်ကယ်ဝယ် မစီးနိုင်လို့ ကိုယ့်စိတ်တိုင်းကျ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အခုအစ်ကို တွေ့တာက ပထမဆုံး စလုပ်ထားတဲ့ ဆိုင်ကယ်ပါ။ ငါးလလောက်တော့ ကြာပြီ။ ရှစ်သောင်းလောက်ပဲကုန်တယ်။ ဒုတိယတစီးကတော့ သူငယ်ချင်းတယောက်က အကူအညီတောင်းတာနဲ့ လုပ်ပေးဖြစ်ခဲ့တယ်။ နှစ်ပတ်လောက်ပဲကြာခဲ့တယ်။ ခုနစ်သောင်းလောက် ကုန်ကျခဲ့တယ်။ ၀ါသနာအရ သူငယ်ချင်းတွေအတွက် လုပ်ပေးတာပါ။ လူအများက စိတ်ဝင်စား ခြင်းခံရလို့လည်း ၀မ်းသာပျော်ရွှင်ရပါတယ်'' ဟု ကိုအောင်လင်းခိုင်(ခ) ကိုအာကြီးက News Watch သို့ ပြောသည်။


 

သံတိုသံစဆိုင်မှ ပစ္စည်းအဟောင်းများ ရှာဖွေဝယ်ယူ၍ ၀ပ်ရှော့ဆိုင်ရှိ ဆိုင်ကယ်ပစ္စည်းအဟောင်းများဖြင့် ပေါင်းစပ်ကာ စက်ဘီးဆိုင်ကယ်ဖြစ်အောင် အစိတ်အပိုင်းလိုက် တပ်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ကိုအာကြီး၏ စက်ဘီးဆိုင်ကယ်တွင် စူပါကပ်အင်ဂျင်၊ ၁၂၅ စလစ်၊ ကူဘိုတာ ၅၆ အင်ဂျင်အိပ်ဇော စသည့် ပစ္စည်းများကို အသုံးပြုထားပြီး စွမ်းဆောင်ရည်ပိုင်းတွင် စူပါကပ်ဆိုင်ကယ် နီးပါးမောင်းနှင်နိုင်ကြောင်း သိရသည်။


''အခုလိုတီထွင်တာကလည်း ထိုင်းနိုင်ငံက အဘိုးတယောက် ဆိုင်ကယ်တစီး တီထွင်ထားတာတွေ့လို့ ကျွန်တော်လည်း စိတ်ပါတာနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ဆိုင်ကယ် ၀ပ်ရှော့စသင်တဲ့ကာလကနေ အခုထိ စိတ် ထဲမှာ ဖြစ်ပေါ်နေတာက ဆိုင်ကယ်၊ ကား တွေကို စမ်းသပ်တီထွင်ချင်တယ်။ ငွေ ကြေးမတတ်နိုင်လို့ အခုရှိတာလေးနဲ့ ဆိုင်ကယ်ကို အကောင်းဆုံးဖြစ်အောင်လုပ်နေတယ်။ ကားကိုစမ်းသပ်တီထွင်ဖို့လည်း လေ့လာမှုတွေ ပြုလုပ်နေတယ်။ အချိန်ကာလတခုတော့လိုတာပေါ့ဗျာ။ အရင်းအနှီးရှိရင်တော့ ကိုယ့်စိတ်ကြိုက် အမြန်ဆုံးအကောင်အထည်ဖော်နိုင်တာပေါ့''ဟု ၎င်းက ဆိုသည်။


ကိုအာကြီးသည် ဆိုင်ကယ်ဝပ်ရှော့ပညာကို ၂၀၁၄ ခုနှစ်မှစတင်၍ စတင်သင်ယူခဲ့ပြီး ယခုချိန်တွင် စွမ်းထက်အောင် အမည်ဖြင့် ကျောက်စိမ်းဘုရားအနီးတွင် ကိုယ်ပိုင်ဝပ်ရှော့ဆိုင်ဖွင့်လှစ်ခဲ့သည်မှာ တနှစ်ခန့်ကြာပြီဖြစ်ကြောင်း၊ အလုပ်အားလပ်သည့်အချိန်များတွင် စက်ဘီးဆိုင်ကယ်များ ဒီဇိုင်းသစ်များကို စမ်းသပ်ပြုလုပ်ကြောင်း၊ အသိမိတ်ဆွေများက လာရောက်အပ်နှံပါကလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။


ကိုအာကြီးတီထွင်ထားသည့် စက်ဘီးဆိုင်ကယ်များမှာ ၁၁၀ ဆိုင်ကယ်များထက် အမြန်နှုန်းသာပြီး ၀န်ပေါ့သဖြင့် ဆီစားနှုန်းမှာလည်း သက်သာကြောင်း သိရသည်။


ဦးရာဇ