NLD လွှတ်တော်ကိုယ်စားလှယ်များကိုပါတီမှ ထိန်းချုပ်ထားခြင်း မရှိတော့ဟုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကို မေးခွန်းမေးခြင်း၊ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းများနှင့်ပတ်သက်ပြီး ပါတီက ထိန်းချုပ်ထားခြင်းမရှိတော့ကြောင်း ယင်းပါတီမှ ပန်းဘဲတန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဗဆွေက ပြောသည်။


NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကို အဆို၊ ကန့်ကွက်၊ ထောက်ခံခြင်း စသည့် လွှတ်တော်လုပ်ငန်းစဉ်များတွင် ထိန်းချုပ်ထားမှုများရှိကြောင်း၊ အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့် ငြိမ်းစုစီဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပါတီအမည်ကိုသုံးကာ ကိုယ်စားလှယ်တချို့က ကန့်ကွက်မဲမပေးကြရန် ပြောဆိုမှုများရှိခဲ့သည်ဟု လူမှုကွန်ရက်တွင်ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။


''အရင်တုန်းကအစမှာတော့ အစိုးရကအသစ် ကိုယ်စားလှယ်တွေကလည်း အသစ်ဆိုတော့ ထိန်းချုပ်တာမျိုးတော့ရှိတယ်။ နောက်ပိုင်းမှာတော့ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးထားပါတယ်၊ ပြောခွင့်ပေး ထားပါတယ်။ အခုက နားလည်သွားပြီ လုပ်တတ်သွားပြီဆိုတော့ အခုဒီဘက်ပိုင်း မှာတော့ရသွားပြီ၊ ဒီကနေ့မှာတော့လွတ် လပ်စွာလုပ်လို့ရနေပါပြီ။ ပါတီက ထိန်းချုပ်တာမရှိတော့ဘူး။ ဒီနေ့ အခွန်ဥပဒေဆွေး နွေးတာနဲ့ပတ်သက်ပြီး လေ့လာကြည့်ရင် သိနိုင်ပါတယ်''ဟု ဦးနေဖူးဗဆွေက ပြောသည်။


NLD ပါတီမှ ကိုယ်စားလှယ်များအနေဖြင့် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်း စသည့် လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ကိုယ်စားလှယ်အချင်းချင်း တိုင်ပင်ဆွေးနွေးကြကြောင်း၊ ယခင်လွှတ် တော်သက်တမ်းတွင် ပါဝင်ခဲ့ဖူးသူများက ဦးဆောင်ပြီး နည်းစနစ်ကျအောင် ဆွေးနွေးတိုင်ပင်သည့် အစုအဖွဲ့သာရှိကြောင်း သိရသည်။


''အန်တီတို့တင်တဲ့ အဆိုမေးခွန်းတွေကို ပုံစံတကျဖြစ်အောင်လုပ်ပေးတာက အဖွဲ့လေးလုပ်တာပါ။ ပါတီကနေ ဒါတော့တင်ရမယ် မတင်ရဘူးဆိုတာမျိုးတော့ မရှိပါဘူး။ နောက်ပြီးတော့ အစိုးရ လက်ရှိလုပ်နေတဲ့ဟာမျိုး ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတာမျိုးတို့ကိုသာ အချင်းချင်းအဖွဲ့ကနေပြောတာမျိုးပါ။ အဖွဲ့ကလည်း အရင်အဟောင်းတွေ အများဆုံးပါတယ်။ အသစ်တွေကို နည်းစနစ်ကျအောင် လုပ်ပေးတာပါ''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ပြောသည်။


လွှတ်တော်တွင် ပါတီမှ ထိန်းချုပ်ထားခြင်းမရှိသည့်အတွက် မတ်လ ၉ ရက် တွင် ငြိမ်းစုစီဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ရောက်ရှိလာကြောင်း ကြေညာကာ ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီးဆွေး နွေးမည့်ပုဂ္ဂိုလ်များစာရင်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဇော်နိုင်