သင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာများအပါအ၀င် မော်တော်ဆိုင်ကယ် စီးနင်းသူအားလုံးကို ဖမ်းဆီးအရေးယူမည်ဟုဆို


သင်္ကြန်ကာလတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယခုနှစ်သင်္ကြန်ကာလအတွင်း ဆိုင်ကယ်များကိုစီးနင်းခွင့်ပြုမည်မဟုတ်ဘဲ ရဲ၊ စည်ပင်၊ လျှပ်စစ်၊ ဆက်သွယ်ရေးအစရှိသည့် ဌာနဆိုင်ရာများအပါအ၀င် ဆိုင်ကယ်စီးသူအားလုံးကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးသန်းမြင့်က ပြောသည်။


''ကျွန်တော်တို့ဌာနက ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အဓိက ဆောင်ရွက်နေတာပါ။ သင်္ကြန်ကာလမှာ က ရေတွေပက်တယ်။ ကားတွေနဲ့လျှောက်လည်ကြတယ်။ ဆီတွေက ရေနဲ့အတူ ရောပါလာတယ်။ ဆိုင်ကယ်စီးရင် စောစောကဆီတွေနဲ့ စလစ်ဖြစ်ပြီး အန္တရာယ်ရှိတယ်။ ဆိုင်ကယ်မောင်းတဲ့သူအတွက်ရော၊ ဘေးလူတွေအတွက်ပါ အန္တရာယ်ရှိတယ်။ သင်္ကြန်ကာလမှာ ဘယ်မော်တော်ယာဉ်တွေကိုမှ စီးနင်းခွင့်ပြုမှာ မဟုတ်ပါဘူး။ ဌာနဆိုင်ရာကစီးနင်းနေတဲ့ ဆိုင်ကယ်တွေကအစ အားလုံးဖမ်းမယ်''ဟု ရဲမှူးသန်းမြင့်က ပြောသည်။


သင်္ကြန်ကာလတွင် လမ်းမပေါ်ရှိဆီများကြောင့် ဆိုင်ကယ်များစလစ်ဖြစ်နိုင်သည့်အပြင် ကလေးငယ်များ မဆင်မခြင် ရေကစားခြင်းကြောင့်လည်း ဆိုင်ကယ်နှင့်တိုက်မိပြီး အန္တရာယ်ဖြစ်နိုင်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တွင်း၌ မော်တော်ဆိုင်ကယ်စီးနင်းမှုအား ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။


၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်ရှိဆိုင်ကယ် ၄၅၅၄ စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ၇ စီး၊ စိစစ်ဆဲဆိုင်ကယ် ၂၀၀ စီး စုစုပေါင်းမော် တော်ဆိုင်ကယ် ၄၇၆၁ စီးနှင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီအတွင်း လိုင်စင်ရှိ ဆိုင်ကယ် ၉၂၈ စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ၆ စီးစုစုပေါင်း မော်တော်ဆိုင်ကယ် ၉၃၄ စီးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။


ကျော်ကျော်