ခွန်တန်(ခေါ်)ဇာတ်လိုက် ထိုင်းနိုင်ငံဘက်ထွက်ပြေးနေသော်လည်း လွတ်မည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဆို


မွန်ပြည်နယ် သထုံမြို့အလံတရာ သာသနာ့နယ်မြေ၌ ပန်းဦးလွှတ်ကိစ္စနှင့်စပ်လျဉ်း၍ ခွန်တန်(ခေါ်) ဇာတ်လိုက်နှင့် အပေါင်းအပါများအား သထုံမြို့နယ်တရားရုံး၌ သာသနာရေးဝန်ကြီးဌာနမှ တရားစွဲဆိုထား သော်လည်း ဖမ်းဆီးရရှိခြင်း မရှိသေးသည့်အပေါ် သတင်းထောက်တဦးမှ မေးမြန်းရာတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကိုက ခွန်တန်သည် ထိုင်းနိုင်ငံဘက်ရောက်ရှိနေသော်လည်းပြေး၍ လွတ်မည်မဟုတ်ကြောင်း ပြောကြားသည်။


''ခွန်တန်ရဲ့ မြေပြင်သတင်းအရ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ သူနဲ့ နောက်ပါတွေ ဘယ်လောက်ပြေးနိုင်မှာလဲ တသက်လုံးနေနိုင်မှာလား၊ နေနိုင်ရင်နေပါစေ။ အဲဒီတော့ ထိုင်းဘက်ကို ဟိုမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့်၊ ကောင်စစ်ဝန်ရုံးက တဆင့် ဒီသတင်းကိုလိုက်နေပါတယ်။ ခွန်တန်ပြေးလို့ မလွတ်ပါဘူး''ဟု ဆိုသည်။


ထို့အပြင် သူရဦးအောင်ကိုက ခွန်တန်နှင့်ကြံရာပါများအား သထုံမြို့နယ် တရားရုံးတွင် အမှုစွဲတင်ထားပြီး ဖြစ်သလို သာသနာရေးဝန်ကြီးဌာနမှလည်း ပုဒ်မ ၂၉၅(က) သာသနာတော်ညှိုနွမ်းစေမှုဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို ရာဇ၀တ်ဘေးပြေး၍ မလွတ်ဆိုသည့် စကားလုံးသည် တကမ္ဘာလုံး သုံးနေသော်လည်း မြန်မာနိုင်ငံ၌ ရာဇ၀တ်ဘေးသည် အချိန်ကာလတခုပေးထားသလိုမျိုးကြောင့် လွတ်မြောက်နေသည်ဟု ထင်ပါကြောင်း ပြည်သူ့လွှတ်တော်တွင် သတင်းထောက်များအား ပြောသည်။


ခွန်တန်(ခေါ်)ဇာတ်လိုက်နှင့် စပ်လျဉ်း၍ သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင် က“''၁၄ နှစ်အရွယ်တွေပေါ့၊ ဇာတ်လိုက်ဆိုသူနဲ့ မိဘတွေကိုယ်တိုင်ကပေး အိပ်တယ်၊ ပန်းဦးခြွေတယ်တဲ့၊ တိုင်ကြားသူ မရှိဘူး။ ဒါက မုဒိမ်းမှုမြောက်တာပဲ''ဟု ၂၀၁၇ အောက်တိုဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးပြီး သတင်းမီဒီယာအချို့အား ပြောကြားထားဖူးကြောင်း သိရသည်။   


ဝေမိုး(နေပြည်တော်)