မြန်မာဂီတပညာရှင်များနှင့် အမေရိကန် Hip-Hop ဂီတပညာရှင်တို့တွေ့ဆုံ၍ နှစ်နိုင်ငံ ဂီတအနုပညာများ နှီးနှောဖလှယ်


မြန်မာဂီတပညာရှင်များနှင့် အမေရိကန်နိုင်ငံမှ လာရောက်လည်ပတ်ကြသည့် Next Level Hip-Hop ဂီတပညာရှင်တို့တွေ့ဆုံ၍ နှစ်နိုင်ငံ ဂီတအနုပညာများ နှီးနှောဖလှယ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက တာမွေမြို့နယ် နတ်ချောင်းရပ်ရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၌ ကျင်းပခဲ့သည်။


'မြန်မာ့စောင်း'ကို သက္ကရာဇ် ၆၃၆ ၀န်းကျင်က စပြီးသုံးလာတာပါ။ ၀ါးပတ္တလားကတော့ သက္ကရာဇ် ၉၀၀ ၀န်းကျင်မှ စတွေ့ပါတယ်။ နှဲကတော့ အိုးဘိုနဲ့ ပုံတူသလိုပါပဲ။ မြန်မာမတိုင်မီ သရေခေတ္တရာ၊ ပျူတို့ခေတ် ကတည်းက ပလွေနဲ့အတူ ပေါ်ခဲ့ပါတယ်။ ဗုံလို့ခေါ်တဲ့ ပတ်လုံးလေးတွေကတော့ တောင်ငူခေတ်ကပါ။ စည်းနဲ့ဝါး မှန်မှန်အချက်ကျ-အချက်ပြတဲ့စနစ်နဲ့ပစ္စည်းကတော့ ရတနာပုံခေတ်မှာ ထွန်းကားခဲ့ပါတယ်။ အိုးစည်ကတော့ ကျေးလက်သုံး တူရိယာဖြစ်ပါတယ်။ မြန်မာ့စောင်း၊ ၀ါးပတ္တလား၊ နှဲ၊ ခြောက်လုံးပတ်နဲ့ စည်းဝါး ခုလိုပေါင်းစု တီးခတ်တာမျိုးကို ထိုင်ဝိုင်း (သို့မဟုတ်) အနုဝိုင်းလို့ ခေါ်ကြပါတယ်။ ရှေးရိုးပုံစံသဘောဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)နာယကအဖွဲ့ဝင် တေးသံရှင်မာမာအေးက ရှင်းပြသည်။


''ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကတော့ Hip-Hop သင်တန်းတွေနဲ့ပတ်သက်တဲ့၊ Hip-Hop ဂီတနဲ့ပတ်သက်ပြီး စွန့်ဦးတီထွင်လုပ်ငန်းတွေကို ဘယ်လိုမျိုးလုပ်ကိုင်ရမလဲဆိုတာတွေကို လာပြီးမျှဝေတာပါ။ ဒီလိုမျိုးမျှဝေတဲ့ အချိန်မှာပဲ ရပ်ရွာနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးဘက်ကိုသွားတဲ့အခါမှာ ပဋိပက္ခတွေကို ဘယ်လိုကိုင် တွယ်ဖြေရှင်းရမလဲဆိုတာ မျှဝေရင်းနဲ့ community တခုနဲ့တခု နားလည်မှုရှိလာတာပေါ့။ ကျွန်တော့အနေနဲ့ တိုင်းတပါးရဲ့ဂီတကို ကြားရတဲ့အခါမှာ အမြဲတမ်းပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ကတော့ အမေရိကားက လာတာ။ အမေရိကားမှာဆိုရင် ခေတ်ပေါ်ဂီတနဲ့ပတ်သက်ရင် နာမည်ကြီးတယ်။ အခု ရှေးဟောင်းအမွေအနှစ် မြန်မာ့ဂီတနဲ့ပတ်သက်ပြီး သိလာတဲ့အချိန်မှာ ခေတ်သစ်အမြင်ထက် ရှေးထုံးတမ်းအစဉ်အလာတွေရော၊ ဂီတနဲ့ဆက်နွှယ်နေတဲ့ ပတ်ဝန်းကျင်က လူတွေကိုရော လေးစားပေးဖို့ အခွင့်အလမ်းပိုရပါတယ်'' ဟု Next Level  Hip-Hop အဖွဲ့မှ Ass-ociate Director Junious Brick-house က ပြောသည်။


Next Level  Hip-Hop ဂီတပညာရှင်များ မြန်မာနိုင်ငံသို့ရောက်ရှိသည်မှာ တပတ်ခန့်သာရှိသေးပြီး မြန်မာ Hip-Hop ဂီတအကြောင်း နားလည်ရန်အချိန်ယူ လေ့လာရဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါ Hip-Hop အဖွဲ့သည် အမေရိကန်သံရုံးမှ ဖိတ်ကြားချက်အရလာ ရောက်လည်ပတ်သည့်အဖွဲ့ဖြစ်ပြီး ယင်း အဖွဲ့မှ မြန်မာ့ဂီတအကြောင်း လေ့လာလိုသည့်ဆန္ဒဖြစ်၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လင်းလင်းအောင်


ဓါတ်ပုံ-ရွှေဖီး