အာဇာနည်ခေါင်းဆောင်ကြီးများ  လုပ်ကြံခံခဲ့ရသည့် ၀န်ကြီးများရုံးအတွင်းကို ငွေကျပ်ရှစ်ထောင်ပေး၍ ၀င်ရောက်လေ့လာနိုင်


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ၀န်ကြီးများရုံးဝင်း အတွင်းသို့ နိုင်ငံခြားသားတဦးလျှင် ကန် ဒေါ်လာ ၆ ဒေါ်လာနှင့် မြန်မာနိုင်ငံသား တဦးလျှင် ကျပ် ၈၀၀၀ ဖြင့် ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပြီး ဧည့်လမ်းညွှန်တဦးမှ လိုက်လံရှင်းလင်းပြသပေးကြောင်း အဆိုပါရုံးအတွင်းရှိ ဧည့်လမ်းညွှန်တဦးက ပြောသည်။


အဆိုပါဝန်ကြီးများရုံးအတွင်းသို့ မူလက အာဇာနည်နေ့ တနေ့တည်းသာ အခမဲ့ဝင်ခွင့်ပြုထားပြီး လက်ရှိတွင် တနင်္လာနေ့မှ စနေနေ့အထိ ဖွင့်လှစ်ပေးထားကာ အခကြေးငွေပေး၍ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။


''အခပေးပြီး ကြည့်ရှုခွင့်ပြုတာကတော့ တလကျော် နှစ်လလောက်တော့ ရှိသွားပြီ။ ရက်အတိအကျတော့ မသိဘူး။ နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံသားပဲ ဖြစ်ဖြစ် US ၆ ဒေါ်လာ မြန်မာငွေနဲ့ဆိုရင် ၈၀၀၀ ပါ။ အခုလည်း လာရောက်ကြည့်ရှုလို့ရတယ်။ လာရောက်ကြည့်ရှုဖို့က ၀န်ကြီးများရုံးရှေ့မှာ ဆက်သွယ်ဖို့ ဖုန်းနံပါတ်၊ ၀က်ဘ်ဆိုက်နဲ့အချိန်တွေကို ကပ်ပေးထားတယ်။ လမ်းညွှန်ဂိုက်တွေကတော့ အထဲမှာ အတော် များများရှိတယ်။ ယနေ့အထိ လူအ၀င်အထွက်တော့ ကျွန်တော်မသိဘူး။ အဲဒါကတော့ ရုံးအပိုင်းကပဲ သိလိမ့်မယ်'' ဟု တာဝန်ကျဧည့်လမ်းညွှန်က ပြောသည်။


ဝန်ကြီးများရုံးရှေ့တွင် ဧည့်လမ်းညွှန်ဆိုင်းဘုတ်ကြော်ငြာဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉း၃၀ နာရီမှ ၁၁း၃၀ နာရီနှင့် ၁း၃၀ နာရီမှ ၃း၃၀ နာရီအချိန်ထိလည်းကောင်း စနေနေ့တွင် ၉း၃၀ နာရီမှ စတင်ဝင်ရောက်နိုင်ပြီး ဖုန်း နံပါတ် + 959427273018 နှင့် ၀က်ဘ်ဆိုက် www.asiatoursmyanmar.com မှ လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။ ထို့ပြင် ၎င်းရုံးအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသည့် အခန်းအား ပိတ်ထားသော်လည်း အပြင်မှလေ့လာခွင့်ရှိပြီး ရုံးဝင်းအတွင်း၌ ကင်မရာအသေးများဖြင့် မှတ်တမ်း တင်နိုင်ကြောင်း ဧည့်လမ်းညွှန်ထံမှ သိရသည်။


''ဆိုင်းဘုတ်ထောင်ပြီး ၀င်ခွင့်ရှိတာတော့ သိတယ်။ ဘယ်လောက်နဲ့ ၀င်ခွင့်ပေးတယ်။ ဘယ်လိုဝင် ခွင့်ပေးတယ်ဆိုတာတော့ အသေးစိတ်မသိသေးဘူး။ ၀န်ကြီးများရုံးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ အတွက်တော့ ကြိုးစားဆောင်ရွက်နေ တယ်''ဟု ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောသည်။


ထိုကဲ့သို့ ငွေကြေးကောက်ခံမှုကို ဆောင်ရွက်နေသည့် asiatoursmyan-mar သို့ News Watch မှ ဆက်သွယ်ခဲ့ ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဒီယာများသို့ မပြောနိုင်သေးကြောင်း ဖုန်းလက်ခံဖြေကြားသူ အမျိုးသားတဦးက ပြောသည်။


ဝန်ကြီးများရုံးအဆောက်အဦကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အနော်မာ အဖွဲ့တို့ မြေနှင့်အဆောက်အဦများ ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်၏ သက်တမ်း (နှစ် ၅၀ + ၁၀+၁၀) ဖြစ်ကြောင်းနှင့် ယင်းဝန်ကြီးများရုံး အဆောက်အဦနှင့် ၀န်ကြီးများရုံးဝင်းအား ၂၀၁၄ ခုနှစ် ဒီဇင် ဘာ ၂၉ ရက် တွင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) မှ အနော်မာအဖွဲ့အား ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားထားသည်။ 


ဝန်ကြီးများရုံး အဆောက်အဦကို ၁၈၈၉ ခုနှစ်တွင် ဂ၀ံကျောက်များဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၈၉၂ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း ၀န်ကြီးရုံးအဖြစ် အသုံးခဲ့ပြီး ယနေ့အချိန်အထိ နှစ်ပေါင်း ၁၂၅ နှစ်ကျော် သက်တမ်းရှိနေသော အဆောက်အဦဖြစ်ကြောင်း သိရသည်။  


ကျော်ကျော်