SME ချေးငွေဖြင့် လုပ်ငန်းရှင် ၁၀၀ ကို သူဌေးဖြစ်အောင် မြှင့်တင်ကူညီပေးမည်


အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် SME ချေးငွေဖြင့် လုပ်ငန်းရှင် ၁၀၀ ကို သူဌေးဖြစ်လာအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


''ကျွန်တော်တို့ SME စာရင်း ကောက်ယူနေတာတွေ လုပ်နေပါတယ်။ SME လုပ်ငန်းရှင်တွေကို ကြည့်ပါမယ်။ကျွန်တော်တို့ ပထမတဆင့်လုပ်ငန်း ၁၀၀ လောက်၊ လုပ်ငန်းရှင် ၁၀၀ လောက်ကို သူဌေးဖြစ် အောင် မြှင့်တင်ပါမယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း လုပ်ငန်းရှင်ထောင်နဲ့ချီ သူဌေးဖြစ်လာပြီဆိုရင် ပုဂ္ဂလိ ကကဏ္ဍမှာ ချမ်းသာတဲ့သူတွေ တိုးလာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်းတွေရလာမယ်။ လုပ်ငန်းရှင်တွေ တိုးတက်အောင်မြင်လာမယ်။ ဒီအစီအစဉ်မျိုးကို SME နယ်ပယ်ကနေ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်''ဟု ၀န်ကြီးချုပ်က ပြောသည်။


ဖေဖော်ဝါရီ ၁ ရက်က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပြုလုပ်သော ဒုသမ္မတ(၁) ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ လစဉ်တွေ့ဆုံပွဲ တွင် ၀န်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့သည်။


သို့သော်လည်း SME ချေးငွေသည်  အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းရပ်များ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ထုတ်ပေး ခြင်းဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသူများကို ထုတ်ပေးမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။


'' SME ချေးငွေထုတ်ပေးချင်ပါတယ်။ ဒါပေမဲ့ ဒီချေးငွေကို ရလို့ရှိရင် သားလေးကိုရှင်မပြုရသေးလို့ ရှင်ပြုလိုက် ဦးမယ်တို့၊ လောလောဆယ် ငွေပိုနေလို့ ကားဝယ်စီးဦးမယ်ဆိုတဲ့ အခြေအနေမျိုးတွေအတွက်တော့ ဒီ SME ချေးငွေက ထုတ်ပေးဖို့ မဟုတ်ပါဘူး''ဟု ၀န်ကြီးချုပ်က ဆိုသည်။ SME ချေးငွေထုတ်ပေးခြင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ SME အေဂျင်စီတည်ထောင်ကာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


'' SME အေဂျင်စီကနေ အသေးစိတ်ပေါ့။ ကျွန်တော်တို့ ချေးငွေထုတ်ပေး လိုက်တဲ့သူကို ကြီးပွားချမ်းသာ လာအောင် ပြုစုပျိုးထောင်ပေးရမယ်။ ဒီအတွက် ကျွန်တော်တို့ဘက်က စနစ်တကျစိစစ်ပါမယ်။ သူ့ရဲ့ စီးပွားရေးကို အောင်မြင်အောင်ကို ကူညီပါမယ်။ ဒီလိုကူညီပေးလိုက်မှသာ ဒီလူတွေစီးပွားတက်လာမှ သူနဲ့ သူရဲ့ လုပ်ငန်းခွင်မှာလာပြီး အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က SME ကို SME ချေးငွေပဲဆိုပြီး လွယ်လွယ်ကူကူချေးလိုက်တာမဟုတ်ဘဲနဲ့ မြို့နယ်အလိုက် ချေးငွေရယူမယ့်သူရဲ့ ကိုယ်ကျင့်တရားကစပြီးတော့ SME ချေးငွေကို လုပ်မယ့်ပရောဂျက်တွေ၊ SME ချေးငွေ ကနေ ရယူဆောင်ရွက်မယ့် စီးပွားရေးစီမံကိန်းတွေအတွက် ငွေကြေးသုံးစွဲမယ့် စာရင်းအင်းတွေကအစ စနစ်တကျဖြစ်နိုင်အောင် ကူညီပါမယ်။ ဘာကြောင့် ကူညီမလဲဆိုရင် တိုင်းအတွင်းမှာရှိတဲ့ လုပ်ငန်း တခု တိုးတက်လာဖို့အတွက် SME ကို အားပေးပါမယ်။ SME ချေးငွေကို ကျောရိုးပြုတဲ့ စီးပွားရေးစနစ်ကို ထူထောင်ပါမယ်။ အဲဒီအတွက် ဘဏ်ကနေ ချေးငွေဆိုတာ လို အပ်ပါတယ်။ ဒီချေးငွေကို စနစ်တကျ စီမံခန့်ခွဲပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ စနစ်တကျထိန်းညှိဆောင်ရွက်ပေးသွားပါမယ်''၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


လင်းလင်းအောင်