မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအ၀ီစိအောက်ရောက်နေဟု ဦးပါမောက္ခမိန့်


မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးသည် အ၀ီစိအောက်ရောက်နေသည်ဟု ဖေဖော်ဝါရီ ၇ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်စဉ် ဦးပါမောက္ခက မိန့်ကြားသည်။


''ကာယကံရှင်ဦးတိုက်လျှောက်လွှာ ဦးသန်းထွန်းအောင်ရဲ့ လက်မှတ်ကလည်း သူကိုယ်တိုင် မဟုတ်ဘူးဆိုတာ ပြောပြီးသား ဖြစ်တယ်။ နောက်တခုက ဘုန်းကြီးကို သံဃနာယက ခွင့်ပြုချက်ပါမှ တရားစွဲလို့ရမယ့်အမှုကို သံဃနာယက ခွင့်ပြုချက်လုံးဝ မပါရှိပါဘူး။ ဆရာတော်ရဲ့ ဟောပြောချက်ကလည်း ၁၀၀ ရာခိုင်နှုန်း ငြိစွန်းတာ မပါရှိပါဘူး။ သို့သော်လည်း အခုတရားသူကြီးက စွဲချက်တင်လိုက်ပါတယ်။ ဦးသန်းထွန်းအောင်ရဲ့ လက်မှတ်အတုကို လက်ခံထားသူက တရားသူကြီးဖြစ်တယ်။ လက်ရေးလက်မှတ်ကို မည်သူမည်ဝါ လက်မှတ်မှန်းမသိဘဲနဲ့ စစ်ဆေးမေးမြန်းခြင်း မပြုတဲ့အခါ လေးယောက်တောင် ထောင်ချပြီးပြီ။ ဦးဇင်းတို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးရော၊ အုပ်ချုပ်ရေးရော အ၀ီစိအောက်ရောက်သွားပါပြီ''ဟု ဦးပါမောက္ခက မိန့်ကြားသည်။


မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ၏အမှုကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကမာရွတ်မြို့နယ် တရားရုံးက စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ဆရာတော် သင်္ကန်းပြန်လည်ဝတ်ခွင့်ရရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်းတွင် စာရွက်စာတမ်းများယူလာကာ ဦးပါမောက္ခလက်မှတ်ထိုးပြီးပါက နိုင်ငံတော် သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးထံ ပေးပို့မည်ဖြစ်ကြောင်း ဦးပါမောက္ခ၏ အကျိုးတော်ဆောင်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။


''ဒီနေ့မှာ ဆရာတော်ကို ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲချက်တင်ကြောင်း အမိန့်ချတယ်။ အပြစ်ရှိ၊ မရှိကို တရားရုံးက မေး တယ်။ ဆရာတော်က အပြစ်မရှိဘူးလို့ ခုခံချေပတယ်။ ၅၀၅(ခ) မမြောက်ဘူးလို့ ဆရာတော်က မိန့်တယ်။ ဒီနေ့မှာ ဆရာ တော်ဘက်က သက်သေ ၆ ယောက် တင်သွင်းတယ်။ သက်သေတွေက ဘယ်သူ တွေလဲဆိုတော့ လျှို့ဝှက်ထားပါရစေ။ နောက်တပတ်ရုံးချိန်းမှာ သိရမှာပါ''ဟု ဦးအောင်သူရိန်ထွန်းက ပြောသည်။


မကွေးဆရာတော် ဦးပါမောက္ခ သည် ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်တွင် အမေရိကန်သံရုံးရှေ့၌ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း၊ ဆန္ဒပြခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံးမှ ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရဲတပ်ဖွဲ့က ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။


သားချမ်းမြတ်