ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးတွင် လာရောက်ပြသသည့်ဦးရေများပြား၊ နေရာအခက်အခဲရှိ


ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံတွင် လာရောက်ပြသသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအားလုံးကို အတွင်း လူနာအဖြစ်လက်ခံရန် နေရာအခက်အခဲရှိနေကြောင်း ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ဆေးရုံအုပ်ကြီး တွဲဖက်ပါမောက္ခဒေါက်တာသင်းယုဇော်က ပြောသည်။


''ဆေးရုံမှာက ခုတင် ၄၀ ပဲရှိတယ်။ ဆေးရုံစဖွင့်ပြီးတော့ ဆေးရုံရဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ ပိုးသတ်တာတို့၊ ဘာတို့လုပ်ရတယ်။ လူနာကိုစပြီးလက်ခံတာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပေါ့။ လူနာစလက်ခံတုန်းက အယောက် ၂၀၊ ၃၀ လောက်ပဲ လာရောက်ပြသတော့ အခက်အခဲမရှိဘူး။ ခုက လူနာ ၁၀၀ ကျော်လောက် လာပြ တယ်။ ရှိတဲ့ခုတင်နဲ့ လာပြတဲ့လူနာနဲ့က မမျှတော့ အားလုံးကို အတွင်းလူနာအဖြစ် လက်ခံလို့ မရဘူး လေ။ ဒီမှာက ဆင်းရဲ၊ ချမ်းသာ၊ လူမျိုးဘာသာမရွေး အားလုံး အခမဲ့ပဲ။ အတွင်းလူနာ အယောက် ၄၀ ပြည့်ရင်တော့ ကျန်တဲ့မွေးလူနာတွေကို အခြားဆေးရုံကို လွှဲပေးတယ်။ နေရာ အခက်အခဲကြောင့် လာပြ သူအားလုံးကို အတွင်းလူနာအဖြစ် လက်မခံနိုင်ပေမဲ့ ပြင်ပလူနာအဖြစ် ကိုယ်ဝန်ဆောင်တိုင်းကို အခမဲ့စမ်းသပ်စစ်ဆေးပေးတယ်''ဟု ၎င်း က ပြောသည်။


ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီး တွင် လူနာစတင်လက်ခံသည့် လွန်ခဲ့သော ၃ ပတ်ခန့်မှစတင်၍ ရိုးရိုးမွေးဖွားသူ ၂၀ ကျော်နှင့် ခွဲစိတ်မွေးဖွားသူ ၈ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။


''ဒီဆေးရုံက တခြားဆေးရုံတွေထက် အများကြီးကောင်းတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေကလည်း သဘော ကောင်းတယ်။ ဒီမှာ မွေးရတာအဆင်ပြေပါတယ်''ဟု ဒေါ်ခင်ကြည်ဆေးရုံကြီးတွင် ကလေးမွေးဖွားခဲ့ဖူးသော အမျိုးသမီးတဦးက ပြောသည်။


ဒေါ်ခင်ကြည်ဆေးရုံတွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တို့၌ နံနက် ၈ နာရီ မှ နေ့လယ် ၁၁ နာရီအထိ မွေးလူနာများနှင့် ဗိုက်အသစ်ကြိုတင်အပ်နှံခြင်းများကို အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။


ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးကို မြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံအဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် China Founda-tion For Peace and Development တို့မှ လှူဒါန်း၍ ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရသို့ လွှဲပြောင်းခြင်းနှင့် ဒေါ်ခင်ကြည်ဆေးရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


သားချမ်းမြတ်