မိုင်ဒါကွင်းအတွင်း တပ်မတော်ထောက်ခံပွဲကျင်းပခွင့်ပြုပေးခဲ့မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်မေးခွန်းထုတ်


ဆန္ဒပြခွင့်မပြုရန် ကန့်သတ်ထားသည့် မြို့နယ် ၁၁ မြို့နယ်တွင် ပါရှိနေသော ဒဂုံမြို့နယ်ရှိ မိုင်ဒါကွင်းအတွင်း၌ တပ်မတော်အပေါ် သပ်လျှို့သွေးခွဲနေသူများကို ဆန့်ကျင်ရှုတ်ချပွဲနှင့် တပ်မတော်ထောက်ခံပွဲအခမ်းအနား ကျင်းပခွင့်ပြုခဲ့သည့်အပေါ် ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မေးခွန်းထုတ်လိုက်သည်။


''ဒဂုံမြို့နယ်အပါအ၀င် ၁၁ မြို့နယ်မှာ မည်သည့်ဆန္ဒထုတ်ဖော်မှုမှ မလုပ်ရဘူး။ ကျိုက္ကဆံဟစ်တိုင်မှာ လုပ်ပါလို့ ပြောထားပြီးသား။ အခုကျတော့ ဘာလို့လုပ်သလဲ။ အန်ကယ်မေးကြည့်ပါတယ်။ မေးတော့ ဒါကတပ်ပိုင် ဧရိယာပေါ့။ မိုင်ဒါကွင်းဆိုတာက တပ်ပိုင်မြေဆိုတာမှန်တယ်။ သို့သော်လည်းပဲ မိုင်ဒါကွင်းမှာ အခမ်းအနား ပွဲကြီးတွေလုပ်တယ်။ ဟက်ပီးနယူးရီးယားလုပ်တယ်ပေါ့။ ဒါမျိုးကျတော့ လက်ခံပါတယ်။ အခုက ဆန္ဒထုတ် ဖော်ပွဲ၊ ရှုတ်ချပွဲလေ။ ဒါမျိုးတွေကျတော့ အမှန်က ဥပဒေက မျှမျှတတ ဖြစ်သင့်တာပေါ့။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ ဥပဒေပါ။ အဲဒါကို ဘယ်လိုမျိုးခွင့်ပြုထားတာလဲ မေးခွန်းမေးစရာတွေ အများကြီးပေါ့။ အဲဒါကိုလည်းလွှတ်တော်မှာ မေးခွန်းတင်သွားမယ်''ဟု ဦးကျော်ဇေယျက ဖေဖော်ဝါရီ ၇ ရက်တွင်ကျင်းပသော တိုင်းလွှတ်တော်အစည်းအဝေးအပြီး၌ သတင်းမီဒီယာသို့ ပြောသည်။


ထို့အပြင် ယင်းပွဲအခမ်းအနားပြုလုပ်မှုကို သက်ဆိုင်ရာ ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်သည်ပင်လျှင် မသိရှိခဲ့ဟု ဆိုသည်။


 

ရန်ကုန်တိုင်းအတွင်းရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွှန့်နှင့် ပုဇွန်တောင်စသည့် မြို့နယ် ၁၁ မြို့နယ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ခွင့်မပြုရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်စိုးမိုးက သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့များထံသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက အကြောင်းကြားစာပေးပို့ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။


''ဒါက ဒေသန္တရအမိန့်ပေါ့။ မလုပ်နဲ့ပြောလည်း တပ်မတော်က လုပ်တယ်ပေါ့။ အမိန့်က ထုတ်ပြန်ပြီးတော့ နည်းနည်းခပ်ပေါပေါဖြစ်နေတာပေါ့။ အမှန်တော့ အမိန့်က အမိန့်အတိုင်းပဲ ဖြစ်သင့်ပါတယ်။ အစိုးရထုတ်ပြန် ထားတဲ့ အမိန့်ညွှန်ကြားချက်ကိုအားလုံးက တပြေးညီလိုက်နာရမှာပေါ့'' ဟု ၎င်းကပြောသည်။


ယင်းအပြင် အခမ်းအနားပြုလုပ်စဉ် မိုင်ဒါကွင်းအတွင်းမှ G3, 9 မမ ကျည်ဆန် ၁၁၆ တောင့်တွေ့ရှိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ပေးသင့်ကြောင်းလည်း ဦးကျော်ဇေယျက ဆိုသည်။


ယင်းကဲ့သို့ ဆန္ဒပြခွင့်မပြုရန် ကန့်သတ်ထားသည့် မြို့နယ် ၁၁ မြို့နယ်တွင်ပါရှိနေသော ဒဂုံမြို့နယ်အတွင်း ဆန့်ကျင်ရှုတ်ချပွဲနှင့် ထောက်ခံပွဲအခမ်းအနား ကျင်းပခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ လာမည့် လွှတ်တော် အစည်းအဝေးတွင်လည်း မေးခွန်းမေးမြန်းသွားမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။


လင်းလင်းအောင်