ဗိုလ်လက်ျာကို လေးစားအားကျသဖြင့် ဗိုလ်လက်ျာ၏သားဟုဆိုကာ ကြံ့ခိုင်ရေးပါတီသို့ လိမ်လည် ၀င်ရောက်ခဲ့သူ လူထူးဆန်း


ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားဟုဆိုကာ ကြံ့ခိုင်ရေးပါတီသို့ လိမ်လည်ဝင်ရောက်ခဲ့သူ ဦးအောင်ချိုသည် ဗိုလ်လက်ျာ၏ သမီးဖြစ်သည့် ဒေါက်တာခင်လက်ျာ၊ ဒေါ်ယုလက်ျာနှင့် တာမွေမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဒေါ်လဲ့လဲ့ဝင်းဆွေတို့ကို ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ တောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။


ဗိုလ်လက်ျာ၏ သမီးနှစ်ဦးဖြစ်သည့်  ဒေါက်တာခင်လက်ျာနှင့် ဒေါ်ယုလက်ျာတို့က ဗိုလ်လက်ျာတွင် ဇနီးဒေါ်လှလှမြင့် (ကွယ်လွန်)တဦးတည်းရှိပြီး၊ ဦးအောင်လက်ျာ(ကွယ်လွန်) အပါအ၀င် သားသမီး သုံးဦးထွန်းကားခဲ့ကြောင်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် အလျဉ်းမပတ်သက်၊ မသက်ဆိုင်သူတဦးက မမှန်မကန်နည်းလမ်းနှင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးဟု အယောင်ဆောင်၍ ပါတီတခုသို့ ၀င်ရောက်ရန် လာရောက်ဆက်သွယ်နေကြောင်း တွေ့ရှိရသောကြောင့် ဗိုလ်လကျာ်တွင် သားသမီး ၃ ဦးသာရှိ ကြောင်း ဖေဖော်ဝါရီ ၇ ရက်ထုတ် ကြေးမုံသတင်းစာတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။


''ပြီးခဲ့တဲ့ ၂၇ ရက်နေ့က အန်တီတို့မြို့နယ်ပါတီရုံးမှာ အခမ်းအနားတခု ကျင်းပတယ်။ အဲဒီအချိန်မှာ ဦးအောင်ချို နဲ့ဇနီးက ရုံးပေါ်ကိုတက်လာတယ်။ သူတို့က ပါတီဝင်ချင်လို့ပါတဲ့။ အဆိုပြုလွှာတောင်းပြီး ဖြည့်တယ်။ စကားလေး ဘာလေးပြောပြီး ပြန်မယ်လုပ်တော့ သူတို့က ဗိုလ်လက်ျာရဲ့သားနဲ့ ချွေးမပါဆိုပြီး ပြောတယ်။ ရဲဘော်သုံးကျိပ်ဝင်သားဆိုတော့ ၀မ်းသာတာပေါ့။ သူတို့ကလည်း တာမွေမှာပဲနေတာ။ ညကြတော့ အန်တီက ဖေ့စ်ဘုတ်မှာ အန်တီ့အကောင့်ကနေ သူတို့ပုံလေးတွေနဲ့ ပါတီဝင်လာလျှောက်တဲ့အကြောင်း တင်လိုက်တယ်။ သိပ်မကြာပါဘူး။ မမခင်လက်ျာတို့ဆီက အန်တီ့ သူငယ်ချင်းကနေတဆင့် ဒီလူက ဗိုလ်လက်ျာရဲ့ သားမဟုတ်ဘူးဆိုပြီး ဆက်သွယ်လာတယ်။ အဲဒါနဲ့ သေချာအောင် စုံစမ်းတာ ၅ ရက်လောက်ကြာသွားတယ်။  ပြီးတော့ သူတို့ကိုရုံးခေါ်ပြီး မေးလိုက်တော့ မဟုတ်ပါဘူး။ လိမ်ပြောခဲ့တာပါဆိုပြီး ပြောတယ်။ ဦးအောင်ချိုရဲ့ အဖေကလည်း အရင်တုန်းက ဗိုလ်ကြီးပဲ။ သူ့အဖေက သူတို့ကိုဗိုလ်လက်ျာအကြောင်း ခဏခဏပြောလို့ သူတို့က အားကျပြီး အခုလိုလိမ်ပြောခဲ့တာပါလို့ ပြောတယ်။ ဒီနေ့ ညနေ ၄ နာရီမှာ ဦးအောင်ချိုနဲ့ ဇနီးက အန်တီရယ်၊ မမခင်လက်ျာတို့ မိသားစုရယ်ကို အခြားရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်အချို့ရဲ့ရှေ့မှာ တောင်းပန် တယ်။ မမခင်လက်ျာတို့ကလည်း နောက် ဒီလိုမဖြစ်စေနဲ့လို့ ပြောပါတယ်။ သူတို့လင်မယားကလည်း မျက်နှာငယ်လေးတွေနဲ့ တောင်းပန်ရှာပါတယ်''ဟု တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက News Watch သို့ ပြောသည်။


အဆိုပါ လိမ်လည်ဝင်ရောက်ခဲ့သည့် ဦးအောင်ချိုနှင့် ဇနီးတို့ကို ပါတီဝင်အဖြစ် လက်ခံရန်သင့်၊ မသင့်ကိုမူ လက်ရှိအချိန်တွင် မဆုံးဖြတ်ရသေးကြောင်း ၎င်းက ပြောသည်။    


 နန္ဒမျိုးဆောင်