ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး စိုးရိမ်ရ၊ မီးလောင်စေသည့်ပုလင်းပစ်သည့် ကိစ္စထက် ပို၍ဆိုရွားသည့် အလားအလာများ ရှိလာနိုင်ဟုဆို


ရန်ကုန်မြို့ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို မီးလောင်စေသောပုလင်း ပစ်သည့်အခြေအနေထက် ဆိုးရွားသည့်အလားအလာများရှိလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ဖေဖ၀ါရီလ ၁ ရက်တွင် News Watch သို့ ပြောသည်။


''ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အများကြီးစိုးရိမ်ရတာပေါ့။ မီးလောင်စေတဲ့ပုလင်းနဲ့ ပစ်တယ်ဆိုတာက ဘယ်လိုအစပြုချက်မှန်းမှ မသိတာ။ နောက်ဆိုရင် ဒီထက်ပိုပြီးဆိုးနိုင်တဲ့ အလားအလာ တွေလည်းရှိလာနိုင်တယ်။ အဲဒီတော့ လုံခြုံရေးကိုပိုပြီးတော့ တင်းတင်းကျပ်ကျပ်နဲ့ ဂရုတစိုက်လုပ်ဖို့ လိုအပ်ပြီဆိုတာကို သတိပေးလိုက်သလို ဖြစ်နေတာပေါ့ကွယ်''ဟု ၎င်းက ပြောသည်။


ထို့အပြင် အောင်ဝင်းခိုင်ပြန်ပေါ်လာမည်ဆိုသောစကားရှိထားသည့်အတွက် အကြောင်းအရာများအား ဆက်စပ်ကြည့်လျှင် စိုးရိမ်ဖွယ်ရာအခြေအနေများဖြစ်နေပြီး အချိန်မရွေးပြုလုပ်၍ရသည်ဆိုသော အနေအထားကို ပြနေခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။


''အခုအနေအထားက အထူးသတိထားရမယ့်အနေအထား၊ အချိန်တန်ရင် အောင်ဝင်းခိုင်ပြန်ပေါ် လာပါမယ်ဆိုတဲ့ စကားကလည်း ထွက်လာတယ်။ အခုဒီလိုဟာမျိုးတွေလည်း ဖြစ်နေတယ်။ အကြောင်း အရာတွေကိုဆက်စပ်ပြီး စဉ်းစားလိုက်ရင် စိုးရိမ်ဖွယ်ရာအနေအထားမှာရှိတယ်လို့ ပြောချင်တယ်။ အဲဒီတော့ ရဲကြီးပဲ အားမကိုးပါနဲ့ ပြည်သူလူထုကလည်း ကိုယ့်တာဝန်ကိုယ်ယူပြီးတော့ လုံခြုံရေးကိုအထူးသတိထားဖို့ လိုပြီလို့ ပြောချင်တယ်။ ဒီ အချက်က သူတို့ဘာကိုပြတာလဲဆိုတော့ ငါတို့လုပ်ချင်ရင် အချိန်မရွေးလုပ်လို့ရ တယ်။ မင်းတို့သတိထားလို့ နို့တစ်စာပေးတာနဲ့အတူတူပဲဗျ။ သူတို့က နို့တစ်စာပေးနေတာ သူတို့လုပ်ချင်ရင် လုပ်လို့ရတယ် ဆိုတဲ့သဘောကိုပြောလာတာ''ဟု ၎င်းက ဆိုသည်။


ယခုဖြစ်စဉ်မှာ လုံခြုံရေးယူထားသော အဖွဲ့အစည်းများအနေဖြင့် ပေါ့ဆမှုများရှိနေပြီး၊ ၎င်းတို့တွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ထပ်မံပြောဆိုသည်။


''ခြံရှေ့မှာ ရဲလုံခြုံရေးတွေ အများကြီးရှိတယ်။ သူတို့ရှိရက်သားနဲ့ ဒီလိုဖြစ်တယ်ဆိုတာက သူတို့မှာ တာဝန်ရှိတာပေါ့။ ခက်တာက ရဲကလည်း လုံခြုံရေးကိုတာ ၀န်ယူတဲ့အခါမှာ ပေါ့ပေါ့ဆဆတွေလုပ် တာတွေ့ရတယ်။ အဲဒီတော့ ဒါမဖြစ်သင့် မဖြစ်ထိုက်တဲ့ အလုပ်ပဲပေါ့နော်။ ရဲမှာ လုံခြုံရေးတာဝန်အရှိဆုံးပဲ။ တကယ်လို့သာ အရင်တုန်းက ဦးသန်းရွှေတို့ ဦးနေ၀င်းတို့လက်ထက်ကလိုဆို အဲဒီလုံခြုံရေး တွေအကုန်လုံး တန်းစီပြီး အချုပ်ထဲရောက် မှာ၊ ဒါသူတို့ရှိရက်သားနဲ့ ဖြစ်ရတာကိုဗျ။ သူတို့မှာ တာဝန်အရှိဆုံးပဲ၊ အဲဒီရဲတွေကို အရင်ဆုံး စစ်ဆေးရေးလုပ်ဖို့လိုတယ်။ ဒါတင်မဟုတ်ဘူး။ အဲဒီရဲတွေအပေါ်မှာ ကွပ်ကဲတဲ့ရဲတွေကိုလည်း အရေးယူရမယ်၊ အဆင့်ဆင့်အရေးယူရမယ်ဗျ၊ အခုကဖြစ်လိုက်ရင် လက်သည်ပျောက်က များတယ်။ ဒီလိုလူမဆန်တဲ့ လုပ်ကြံမှုမျိုး ထိထိရောက်ရောက်အရေးမယူနိုင်ရင် နောင်အခါလည်း အဲဒီလိုပဲ ဖြစ်လာမှာပဲ''ဟု ၎င်းက ပြောသည်။


ကျော်ဝဏ္ဏ