ဘူးသီးတောင်မြို့နယ်  ဂူတာပြင်ကျေးရွာတွင် လူသေအလောင်းများ မြှုပ်နှံထားသည့် နေရာ ၅ ခု တွေ့ရှိဟု အေပီ၏သတင်းဖော်ပြချက်အပေါ် ပြည်နယ်အစိုးရကို  စိစစ်ခိုင်းထားကြောင်း  ဦးဇော်ဌေးပြော

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် လူသေအလောင်းများ၊ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ ၅ ခု ထပ်မံတွေ့ရှိရကြောင်း အေပီသတင်းဌာန၏ သတင်းအပေါ် ရခိုင်ပြည်နယ်အစိုးရကို စိစစ်ခိုင်းထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက News Watch သို့ ပြောသည်။                                 


''သူတို့သတင်းမှာ မေးထားတဲ့သူတွေက ဟိုဘက်ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့သူတွေကို မေးထားတာ။ သူတို့ပြောတဲ့ စွပ်စွဲမှုတွေပေါ့။ ကျွန်တော်တို့ဆီမှာရှိတဲ့ ဖြစ်စဉ်တွေမှာတော့ သြဂုတ် ၂၇ ရက်မှာ ဂူတာပြင်ဖြစ်စဉ်ဆိုတာ မရှိဘူး။ ပြည်နယ်အစိုးရကိုတော့ ပြန်ပြီးတော့ စိစစ်ခိုင်းထားတယ်''ဟု ၎င်းက ပြောသည်။


ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများ တွင် ရောက်ရှိခိုလှုံနေသော ဘင်္ဂါလီ ၃၀ ဦးဝန်းကျင်ခန့်နှင့် တွေ့ဆုံမေးမြန်းမှု၊ ရက်စွဲ နှင့်တကွ ရိုက်ကူးထားသော လက်ကိုင် ဖုန်း ဗီဒီယိုများအရ ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့နယ် ဘူးသီးတောင် ဂူတာပြင် ကျေးရွာအုပ်စုတွင် လူသေလောင်းများ အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် နေရာ ၅ ခုထက်မနည်းရှိသေးကြောင်း အေပီသတင်းဌာနက စွပ်စွဲသည်။


လက်ရှိတွင် ဂူတာပြင်ကျေးရွာသို့ သွားလာခွင့်ပိတ်ထားသဖြင့် လက်ဆုပ်လက်ကိုင်မပြနိုင်သော်လည်း AP မှ ရရှိထားသော DigitalGlobe ၏ ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများတွင် မီးလောင်ကျွမ်းသွားသော ရွာများကို တွေ့မြင်ရသည်ဟုဆိုသည်။ ကျေးရွာလူကြီးများက ကောက်ယူရရှိသည့် စာရင်းအရ သေဆုံးသူ ၇၅ ဦးရှိကြောင်း၊ အလောင်းများကို ကျေးရွာအနီးဝန်းကျင် နေရာများ၊ သင်္ချိုင်းများတွင် စွန့်ပစ်ထားကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။


ဂူတာပြင်ကျေးရွာမြောက်ဘက်ဝင် ပေါက်အနီးတွင် လူသေအလောင်းများ စုပြုံ မြှုပ်နှံထားရာနေရာ သုံးခုရှိသည်ကို အေပီ က တွေ့ဆုံမေးမြန်းခဲ့သည့် ရွာသားတိုင်း က အတည်ပြုကြောင်း၊ ထို့ပြင် တောင်စောင်းသင်္ချိုင်းအနီးတွင် အလောင်းများ မြှုပ်နှံထားရာနေရာ နောက်ထပ်နှစ်နေရာရှိ၍ ရွာပတ်လည်နေရာများတွင်လည်း ဂူသင်္ချိုင်းငယ်များ ပြန့်ကျဲနေသည်ဟု အချို့သောရွာသားများကပြောကြောင်း အေပီက ဖော်ပြသည်။


ဂူတာပြင်ရွာသားများ၏အဆိုအရ ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ၀န်းကျင်ခန့် ရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နေအိမ်များကို ရှာဖွေမွှေနှောက်ပြီးနောက် မျက်နှာကိုတပိုင်းတ၀က် ဖုံးအုပ်ထားသည့် အိမ်နီးချင်းဒေသခံရခိုင် လူမျိုးများက ပစ္စည်းများတွန်းလှည်းများဖြင့်တင် ဆောင်သယ်ယူသွားကြောင်း၊ ယင်းနောက် နေအိမ်များမှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အေပီက ဖော်ပြသည်။


ရခိုင်ပြည်နယ်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများဖြစ်ပေါ်နေသည်ဆိုသော နိုင်ငံတကာ၏စွပ်စွဲချက်ကို မြန်မာအစိုးရဘက်က ငြင်းဆိုထားပြီး အင်းဒင်ကျေးရွာတွင် အကြမ်းဖက်သမား ၁၀ ဦး၏ အလောင်းများ တွေ့ရှိရမှုဖြစ်စဉ်ကို သတ်၍ စုပြုံမြေမြှုပ်ထားသည့်ဖြစ်စဉ်ကိုသာ အစိုးရဘက်က အတည်ပြုသည်။