“Tablet ပေးလိုက်လို့ ကျန်းမာရေးစနစ်ကြီး ပြောင်းပြန်ဖြစ်သွားမယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်း


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဦးစီး ဌာနခွဲတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိနေသည့် အခြေခံကျန်းမာရေးဝန်ထမ်း ၂ သောင်းကျော်တို့အတွက် ကျန်းမာ ရေးအသိပညာပေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ခေတ်မီသတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာအထောက်အကူဖြင့် ပိုမိုလျှင်မြန်ထိရောက်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မိုဘိုင်း Tablet များကို ထောက်ပံ့ပေးရန်စီစဉ်လျက်ရှိသည်။


လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်အကူအညီ ၁၉၁၁ လုံးဝယ်ယူထားပြီး ထပ်မံ၍လည်း တလုံးလျှင် ကျပ် ၂ သိန်း ၄ သောင်းတန်ဖိုးရှိ Tablet အလုံးရေ ၁၅၀၀၀ ကို ၀ယ်ယူရန်အတွက် အစိုးရနှင့် လွှတ်တော်တို့မှ သဘောတူ ညီမှုရရှိထားပြီးဖြစ်ကြောင်း သိရသည်။ ကျန်းမားရေးဝန်ကြီးဌာနအနေဖြင့် မိခင်နှင့်သားဖွား ဆရာမအချိုး၊ လူနာနှင့် သူနာပြုဆရာမအချိုးများစသည့် Human Resource (လူသားရင်းမြစ်) များကို စွမ်းဆောင်ရည်မြင့်မားစေရန် ငွေကို အရင် အသုံးပြုသင့်ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် Tablet များဝယ်ယူအသုံးပြုမည့်ကိစ္စကို ပြန်လည် စဉ်းစားသုံးသပ်ပေးရန်အတွက် ပဲခူး တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက တင်ပြဆွေးနွေးခဲ့သည်။


သို့သော်လည်း ၀န်ကြီးဌာနအနေဖြင့် Tablet များဝယ်ယူအသုံးပြုမည့်ကိစ္စကို ပြန်လည်စဉ်းစားမည်မဟုတ်ကြောင်း၊ ယင်းသို့ ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအထောက်အကူဖြင့် Tablet အသုံးပြုကာ လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ကြီးမားသော အမြတ်အစွန်းရရှိကာ နိုင်ငံ၏ကျန်မာရေးလောကတခုလုံးကို ပြောင်းပြန်လှန်၍ရသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။


ထိုသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက Tablet အလုံးရေ ၁၅၀၀၀ပေးမည့်အစီအစဉ်ကို ပြန်လည်စဉ်း စားပေးရန်အ တွက် ပြည်ထောင်စုလွှတ်တော်တွင်တင်ပြခဲ့သူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းထံသို့ News Watch မှ ဆက် သွယ်မေးမြန်းခဲ့သည်။


မေး - ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက Tablet ၀ယ်ယူရေးကိစ္စကို ပြန်လည်စဉ်းစားဖို့ ပြီးခဲတဲ့ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။ တင်ပြဖြစ်ခဲ့တဲ့ အကြောင်းအရင်းလေးသိပါရစေ။


ဖြေ- ၀န်ကြီးကရွာတွေကိုချပေးမယ်လို့ ပြောသွားတယ်။ ကျွန်မသွားနေတဲ့ ရွာတွေမှာလျှပ်စစ်မီးမရှိဘူး။ ပြီးတဲ့အခါကျတော့ဖုန်း လိုင်းမမိတဲ့ရွာတွေ အများကြီးပဲ။ အခုလက်ရှိက သူနာပြုဆရာမနဲ့လူနာရဲ့ အချိုး၊ သားဖွားဆရာမနဲ့ မိခင်ရဲ့ အချိုးတွေက မညီဘူး။ အဲဒီမှာနေတဲ့ ဆရာမတွေဟာ ကလေးမွေးတာရော၊ ဆေးကုတာရော၊ ကာကွယ်ဆေးထိုးတာရော၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ ရောလုပ်နေရတဲ့အခါကျတော့ သူတို့အနေနဲ့ကတော့ မလုပ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါက တစ်အချက်ပေါ့။ နောက် နှစ်အချက်က ဘာလဲဆိုတော့ ကျွန်မရဲ့ အတွေ့အကြုံနဲ့ ကျွန်မမြို့နယ်တွေနဲ့ ပတ်ဝန်းကျင်မှာ ဒီလို Tablet မပြောနဲ့ CT Scan ချပေးထားတာတောင် ၂ နှစ်၊ ၃နှစ်လောက်အထိကို မသုံးရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ CT ထားဖို့နေရာ အဆောက်အဦမရှိလို့။ ဒီ CT အတွက်ကို အဲယားကွန်းဖိုးမရှိလို့ဆိုပြီးတော့ပေါ့။ အစိုးရက ဒီဟာအတွက်ကို ရင်းနှီးမြှပ်နှံမှုအများကြီးလုပ်ထားတယ်။ ဒါပေမဲ့ လူနာတွေက ပိုက်ဆံအများကြီးပေးပြီးတော့ ပုဂ္ဂလိကဆေးရုံမှာသွားပြီးတော့ ရိုက်ရတယ်။ အဲဒီအခါကျတော့ အစိုးရလည်းနစ်နာတယ်။ ပြည်သူမှာလည်း အခက်အခဲဖြစ်တယ်ပေါ့။ ကျွန်မဆိုလိုတာက tablet ဆိုတာက ပိုက်ဆံတွေအများကြီး ကုန်မယ်။ ဘယ်လောက်အထိ အကျိုးရှိမလဲဆိုတာလည်း မသိတော့ အခုလို တပြည်လုံးအတိုင်းအတာကြီးအနေနဲ့တော့ မလုပ်စေချင်ဘူး။ လုပ်မယ်ဆိုရင်လည်း မြို့တမြို့၊ ရွာတရွာမှာ အရင်စမ်းကြည့်လိုက်အုံး။ အောင်မြင်မှုဘယ်လောက်ရမလဲပေါ့။ ကျွန်မကအဲလိုမျိုး ရှည်ရှည်ဝေးဝေးပြောဖို့ကလည်း ပြောတဲ့အချိန်ကသူတို့က ၆ မိနစ်ပဲပေးတယ်။ ကျွန်မပြောချင်တာက အဲဒီလောက်ကြီးမပြော လိုက်ရဘူးပေါ့။


 


မေး- ဒါဆို ၀န်ကြီးလွှတ်တော်မှာရှင်းလင်းသွားတာတွေက တကယ်လက်တွေ့နဲ့ မနီးစပ်ဘူးလို့ ပြောချင်တာလားခင်းဗျ။


ဖြေ - စောစောကပြောသလို ပြည့်ပြည့်စုံစုံ မပြောလိုက်ရတဲ့အခါကျတော့ ၀န်ကြီးကလည်း တချို့ကိစ္စတွေကျတော့ တကယ်မသိ တာလား။ မသိချင်ယောင်ဆောင်တာလားတော့ မသိဘူးလေ။ လက်တွေ့မှာက မြေပြင်နဲ့လုံးဝကို ဝေးကွာနေတယ်။ ကျွန်မတို့က ရွာသွားနေတယ်။ မြို့မှာနေနေတော့ ကျွန်မ ပတ်ဝန်းကျင်မှာ ဒီပြဿနာတွေက အများကြီးရှိနေတယ်လေ။ ကွန်ပျူတာဆိုလည်း ပျက်တယ်။ဒီအတိုင်းပဲပစ်ထားတာပဲ။လုံးဝ ကွန်ပျူတာမသုံးဘူး။ အဲတော့ အဲဒါမျိုးတွေ ၀ယ်မယ်။ ၀ယ်ပြီးတော့ အလကားပဲ။ အခုဒီ Tablet ဆိုလို့ရှိရင် ပိုက်ဆံအများကြီးကုန်မှာ။ ပိုက်ဆံတွေကုန်ပြီးတော့ အကျိုးရှိမယ်။ အစိုးရကကုန်တာထက်ကို အများ ကြီးရ သွားမယ်။ ကျန်းမာရေးစနစ်ကြီးကိုပြောင်းပြန်လှန်ပစ်မယ်ဆိုပြီး ၀န်ကြီးကတော့ ပြောသွားတာပဲလေ။ကျွန်မတို့ကတော့ အဲဒါတော့ စောင့်ကြည့်ရမှာပဲ။ ကျွန်မအနေနဲ့ အဲဒါကိုတော့ လုံးဝ မထင်ဘူးလေ။ Tablet ပေးလိုက်လို့ ကျန်းမာရေးစနစ်ကြီး က ပြောင်းပြန်ဖြစ်သွားမယ်ဆိုတာကတော့မဖြစ်နိုင်ဘူးဆိုတာကတကယ့် ကျန်းမာရေးစနစ်ရဲ့အခြေအနေ၊ အခုတိုင်းပြည်ရဲ့ ကျန်း မာရေးစနစ်ကအများကြီးလိုနေသေးတယ်လေ။ အဲဒါမဟုတ်ဘဲနဲ့ တကယ့်လူနာကိုဂရုစိုက်ဖို့ပေါ့။ အခုကျွန်မတို့ကလူနာဗဟိုပြုစ နစ်နဲ့ သွားနေတယ်။အခုကျွန်မတို့ ကြားနေတာပဲ။ ကျွန်မလည်းဆရာဝန်ပဲလေ။အနှစ် ၄၀ က ဆရာဝန်ဖြစ်ခဲ့တာဆိုတော့ ဆရာ ၀န်အတွေ့အကြုံကတော်တော်များနေပြီ။ ကျွန်မပြောတာကစက်ပစ္စည်းဘယ်လောက်ကောင်းကောင်း၊ အဲဒီစက်ပစ္စည်းကိုသုံး မဲ့သူကအရည်အသွေးမပြည့်ဘူးဆိုရင် အလကားပဲမဟုတ်ဘူးလား။အဲဒါကြောင့်မို့လို့ ကျွန်မကစက်ပစ္စည်းအစားဆရာမနဲ့ လူ နာအချိုး၊ အခုကမိခင်သေနှုန်းတွေကတအားများတယ်လေ။ သားဖွားနဲ့ မိခင်အချိုးကိုအရင်ညီအောင်လုပ်ပြီးတော့ Human Resource လူသားအရင်းအမြစ်တွေကို အရင်ဦးဆုံးစွမ်းဆောင်ရည်ရှိအောင် လုပ်မယ်။ ပြီးတဲ့အခါကျတော့ လူသားအရင်းအမြစ် တွေကိုတခြားနည်းနဲ့ ပံ့ပိုးမယ်ပေါ့။ ၀န်ကြီးပြောတာကတော့ သိပ်ကောင်းပါတယ်။ ကျွန်မကလည်း မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ဒါထက်ပိုပြီးအရေးကြီးနေတဲ့ဟာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်မက ပြန်စဉ်းစားပါလို့ ပြောတာပါ။


 


မေး- ၀န်ကြီးတွေရဲ့ဖြေကြားချက်တွေဟာမြေပြင်နဲ့ ကွာဟနေတယ်ဆိုတာကို ဥပမာပေးပြီး ရှင်းပြလို့ရနိုင်မလားဗျ။


ဖြေ - ကျွန်မတို့မေးခွန်းမေးလိုက်လို့ရှိရင် ၀န်ကြီးတွေပြန်ဖြေသွားတာတွေက ကျွန်မတို့ မြေပြင်မှာမြင်တဲ့အမြင်နဲ့ကတခြား စီဖြစ် နေတယ်။ အဲတော့ ၀န်ကြီးကတပြည်လုံးကဟာကိုတော့ ဆင်းကြည့်လို့မရဘူး။ ကျွန်မတခုဥပမာပြောပေးမယ်။ ကျွန်မလွှတ် တော်ရောက်ခါစက ကျွန်မကတောင်ငူ၊ ရေတာရှည်လေ။ ရေတာရှည်ဆေးရုံ ၂၅ ကုတင်ဆေးရုံက နှစ်ပေါင်း ၅၀ ရှိနေပြီ။ အခု ကုတင် ၅၀ တိုးဖို့ဆိုပြီးတော့ အရင်အစိုးရကနေပြီးတော့ ဆောက်ခွင့်တင်ပြပြီးသား။ အဲဒါကို အခုထိမဆောက်ပေးလို့ ရေတာရှည်က ကျွန်မ မဲဆန္ဒရှင်ပြည်သူတွေက မေးခိုင်းတယ်။ လွှတ်တော်မှာမေးတော့ ဒီဆေးရုံက လမ်းဘေးမှာပဲ။ အဲတော့ ဒီဆေးရုံကနေပြီးတော့ တောင်ငူသွားသွား၊ ဘယ်သွားသွားရတယ်တဲ့။ နောက်တခုက မြေပြင်နဲ့ လုံးဝမှားနေ တာကတခုက ဒီဆေးရုံက လူနာများလို့ ကျွန်မက (ကုတင်)ပိုတောင်းတယ်ပေါ့နော်။ တကယ်က လူနာကများတာမ ဟုတ်ဘူးတဲ့။ အဲဒီမှာကလေးတယောက်လာမွေးရင် ငွေတသိန်းရလို့တဲ့။ GAVI Project ကနေပြီးတော့ ငွေတသိန်းရလို့ လူတွေကဒီမှာပဲလာပြီးတော့ ပိုက်ဆံတသိန်း လိုချင်လို့ ကလေးလာလာမွေးနေလို့ လူနာကများနေတာတဲ့။ ဒီလိုဖြေသွားတယ်။ ကျွန်မက အဲဒီရေတာရှည်ကိုသွားပြီးတော့ မေးတယ်။ ဆေးရုံတက်တဲ့လူနာတွေကို စာရင်းရှာပြီးတော့ တယာက်တသိန်းရသလား သွားမေးတယ်။ မရတဲ့အပြင် သူတို့တောင်မှ တခါတလေကျရင် ၃/၄ သိန်း အကုန်ခံပြီးတော့ ကလေးမွေးခဲ့ရတယ်တဲ့။ အဲတော့ ၀န်ကြီးပြောတာနဲ့ တအားကွာဟနေတယ်လေ။ အဲတော့ GAVI Project ကို လိုက်ပြီးတော့လေ့လာကြည့်တဲ့အခါ အဓိပ္ပာယ်ကဘာလဲဆိုရင် ရွာကလူတွေဟာ လက်သည်အစား သားဖွားဆရာမတွေဆီလာပြီးတော့ မွေးရအောင်လို့ သားဖွားဆရာမဆီ တခေါက်လာလို့ရှိရင် သားဖွားဆရာမက ငွေ ၂ ထောင် ပေးမယ်။ ၂ ခါလာလို့ရှိရင် ၄ ထောင်ပေးမယ်။ သူတို့က ဒီလိုပိုက်ဆံလေးရတဲ့အခါကျတော့ လာချင်အောင်ဆိုပြီး GAVI Project က တတ်ကျွမ်းနာလည်းတဲ့ အစိုးရသားဖွားဆရာမတွေနဲ့ ပြစေချင်တဲ့ရည်ရွယ်ချက်နဲ့ စထားတာ။ ဒီလိုမျိုး ကလေးလာမွေးရင် ၁ သိန်းပေးမယ်ဆိုတဲ့ဟာလည်း မဟုတ်ဘူး။ ပြီးတော့ တကယ့်တကယ် လေ့လာဆန်းစစ်ကြည့်တော့ ရေတာရှည်ဆေးရုံကလည်း သားဖွားဆေးရုံ မဟုတ်ဘူး။ အဲဒီမှာက ကလေးလူနာရှိတယ်။ ဒဏ်ရာရတဲ့ လူနာရှိမယ်။ ယောင်္ကျားလူနာရှိမယ်။ တခြားရောဂါ လူနာရှိမယ်။ မျိုးစုံနဲ့တက်တဲ့လူနာတွေရှိမယ်လေ။ အဲဒါကို ၁သိန်းရလို့ လူနာများနေပါတယ်လို့ ဖြေသွားတာက အောက်ခြေနဲ့ ကွာဟတယ်ဆိုတာ အဲဒါပြောတာ။


 


မေး - ကျန်းမာရေးစနစ်ကိုပြောင်းပြန်လှန်သွားမယ်ဆိုတဲ့ ၀န်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီးဘယ်လိုသုံးသပ်ချင်ပါ သလဲ။


ဖြေ - ကျွန်မတို့သွားတဲ့ နယ်တွေမှာဆိုလို့ရှိရင် တချို့ကကျေးလက်ကျန်းမာရေးဌာနတွေမှာ အဆောက်အဦမရှိဘူး။ ဆရာမတော့ ရှိတယ်။ တချို့ကျတော့ အဆောက်အဦကြီး ဆောက်ထားပြီးတော့ ဆရာမမရှိဘူး။ အဲတော့ ကျန်းမာရေး တကယ်ဖွံ့ဖြိုးစေချင် တယ်ဆိုရင် ကျေးလက်က စစေချင်တယ်။ ဆင်းရဲသားတွေက စစေချင်တယ်ပေါ့။ အဲတော့အဲလိုမျိုး ပြောင်းပြန်ဖြစ်သွားမယ်ဆို တော့ ၀န်ကြီးကဘာကိုဆိုလိုလဲဆိုတာ ကျွန်မနားမလည်ဘူး။ 


ကျေးဇူးတင်ပါတယ်။


(လင်းလင်းအောင် မေးမြန်းသည်။)