နှစ်ပေါင်း ၄၀ ကျော် ဖြတ်သန်းလာခဲ့သော တေးရေးဆရာကိုနေ၀င်း၏ ဂီတခရီးလမ်း အတွေ့အကြုံများ ဖွင့်ဟချက်

တေးရေးဆရာကိုနေ၀င်း


၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ဟု အမည်ပေးကာ အုပ်ချုပ်စဉ်ကာလကစပြီး မြန်မာနိုင်ငံမှာ စီးပွားရေးစနစ်တခုလုံး ပြောင်းလဲကျဆင်းလာသည်နှင့်အညီ အစစအရာရာ ပြောင်းလဲသွားရသည်။ ထိုပြောင်းလဲမှုများအနက် ဂီတရေးစီးကြောင်းလည်း ပြောင်းလဲလာခဲ့ သည်။ ကောင်းသောပြောင်းလဲခြင်း (ပြောင်းလဲတိုးတက်ခြင်း)လော၊ မကောင်းသောပြောင်းလဲခြင်း (ပြောင်းလဲကျဆင်းခြင်းလော)ဆိုသည်ကိုတော့ နောင်လာမည့် သမိုင်းဆရာများက ဆုံးဖြတ်ကြပါလိမ့်မည်။ နောင်လာမည့် ပြည်သူလူထုများက မှတ်တမ်းတင်ကြပါလိမ့်မည်။ ထိုအချိန်က ပြည်ပတေးများကို တချို့က စာသား ကိုယ့်ဘာသာကိုယ်သွတ်သွင်းပြီး ဆိုသူဆို၊ သူများသံစဉ်၊ သူများစာသားကို ဘာသာပြန်ပြီး ဆိုသူဆိုပြီး ကော်ပီတေးများ အုံနှင့်ကျင်းနှင့် ပေါ်ထွက်လာခဲ့သည်။ ၁၉၇၄ လောက်က ပို၍ပျံ့နှံ့ လွှမ်းမိုးလာခဲ့သည်ဟုဆိုရမည်။ ဂီတဆိုသည်မှာ သံစဉ်သည် အဓိကဖြစ်ပါသည်။ သံစဉ်ကို ကိုယ့်ဘာသာမရှာနိုင်တော့ဘဲ သူများသံစဉ်ကိုသာ တည့်တည့်ကြီး တိုက်ရိုက်ကူးယူကြတော့သည်။


ဤသို့သော အချိန်က ကိုယ့်အသံ၊ ကိုယ့်စာသားနှင့် ကိုယ်ပိုင်သီချင်းကိုသာ ကြိုးစားရှာဖွေရေး သားလာခဲ့သောသူများ ထူးထူးခြားခြားရှိခဲ့သည်။ အလွယ်လမ်းကိုမလိုက်ဘဲ မိမိအနုပညာနှင့် လွတ်လပ်စွာဖန်တီးခဲ့သည့် အနုပညာရှင်များရှိခဲ့သည်။ စိုင်းခမ်းလိတ်၊ ကိုရဲလွင်၊ အဉ္ဇလီမောင်မောင်၊ ကိုနေ၀င်း၊ စိုးလွင်လွင်၊ ထူးအိမ်သင် စသည့် ကိုယ်ပိုင်သံစဉ်ရှာဖွေရေးခဲ့သူများလည်း အထင်ကရပေါ်ထွက်ခဲ့သည်။ ကိုယ်ပိုင်သံစဉ် ခေတ်ဦးဟုဆိုရမည့်ခေတ်ကပင် ကိုနေ၀င်းသည် ကိုယ်ပိုင်သံစဉ်တေးများဖြင့် အောင်မြင်ခဲ့သည်။ ကိုယ်ပိုင်သံစဉ်ကို ထူးထူးခြားခြားရေးသားရှာဖွေဖန်တီးခဲ့သူထဲမှာ တေးရေးကိုနေ၀င်းသည် အထင်ကရတဦးဖြစ်သည်။ သူ၏တေးသံများကို တေးသံရှင် ခင်မောင်တိုး၊ တေးသံရှင်ခိုင်ထူးတို့၏ အသံဖြင့် ကြားဖူးကြပါလိမ့်မည်။ သူ၏ နှစ် ၄၀ ကျော်ကြာ ဂီတဖြတ်သန်းမှုတို့ကို အောက်မေ့သတိရဖွယ်ရာ ပြန်လည်တူးဆွဖော်ထုတ်ကြည့်ရာ . . .


ကိုနေ၀င်းရဲ့ ဂီတဖြတ်သန်းမှုလေးကို စပြီးပြောပေးပါ ခင်ဗျာ။


ကျွန်တော်ရဲ့ဂီတဖြတ်သန်းမှုကတော့ ကျွန်တော် ၁၀ နှစ်၊ ၁၁ နှစ်သားမှာ ဂစ်တာဝယ်ဖို့ ကျွန်တော့အဒေါ်ဆီမှာ ငွေစုရပါတယ်။ ဂစ်တာတလုံး ငွေ ၅၀ စုပြီး ငွေ ၅၀ မပြည့်ခင်မှာ မန္တလေးကနေ အဖေက ဂစ်တာတလုံး ၀ယ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် သိပ်မတီးတတ်သေးပါဘူး။ ကျွန်တော့အစ်ကိုကတော့ တီးတတ်နေပါပြီ။ နောက်ပိုင်းကျမှ ဂီတပညာကို လေ့လာလိုက်စားပြီး သီချင်းတွေရေးဖြစ်တာပါ။ ၁၉၇၆ ခုနှစ် မရောက်ခင် 'ဒေါက်ဒေါက် ဘယ်သူလဲ'သီချင်းကို ရေးခဲ့ပါတယ်။ ကျွန်တော့ဘ၀ရပ်တည်မှုအရ Copy သီချင်းတွေလည်း ရေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Copy မရေးတော့ပါဘူး။ ၁၉၇၆ ခု၊ နှစ်ဆန်းပိုင်း လောက်မှာ 'အားလုံးကိုကျော်ဖြတ်ရမယ်'နည်းနည်းနာမည်ပေါက်လာတဲ့အချိန်ပေါ့ဗျာ။ စိုးပိုင်ရဲ့ 'မောင်ငိုမယ်မိုးသည်းထဲမှာ' Copy ပေါက်ပြီး တနှစ်လောက်ကြာမှ 'မောင့်လပြည့်ဝန်း' ထပ်ပေါက်ပါတယ်။ အဲဒီမှာ ကျွန်တော် မန္တလေးကနေ ရန်ကုန်ဆင်းလာပြီး အသံဖမ်းဦးဘသိန်းဆီမှာ သီချင်းတွေသွင်းဖို့ လာခဲ့ပါတယ်။ အဲဒီအချိန်မှာ စိုင်းထီးဆိုင်ကို မောင့်လပြည့်ဝန်းသီချင်းပေးဆိုပြီး မြန်မာပြည်အနှံ့ ပေါက်သွားချိန်ပေါ့။ ကျွန်တော်က တပုဒ်ကို ၂၅  ကျပ်ရပါတယ်။ မင်းမင်းလတ်တို့ကတော့ တပုဒ် ၅၀ လောက်ရနေပါပြီ။ ကျွန်တော်ရေးထားတဲ့ သီချင်းတွေကို အခြားအတီးသမားတွေကို ကျွန်တော် မကြိုက် တဲ့အတွက် ကိုရဲလွင်ဝိုင်းဖြစ်တဲ့ အီလက်ထရစ် (electric) နဲ့ သီချင်းသွင်းဖို့ လုပ်တဲ့အချိန်ပေါ့။


နောက်ပိုင်း 'လွမ်းအဉ္ဇလီ'သီချင်း ကိုမောင်မောင်တို့ မိသားစုကို ထောက်ပံ့ပေးဖို့လုပ်တဲ့သဘောပါ။ ပြီးတော့ ယိမ်းနွဲ့ပါလှိုင်ဆိုပေးဖို့ လုပ်နေချိန်ပေါ့။ အဲဒီမှာ ဇင်ယော်တေးသံသွင်းကနေ ထွက်ပါတယ်။ အဲဒီနောက်ပိုင်း ကိုရဲလွင်နဲ့တွဲပြီး ဂီတကို စူးစိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ 'ယာဉ်အမီရီရီပြုံးပြန်ပါ'တို့၊ 'အားလုံးကိုကျော်ဖြတ်ရ မယ်'တို့ကို မန္တလေးရုပ်ရှင်ထုတ်လုပ်ရေးရီရီမြင့်က ကူညီပေးခဲ့ပါတယ်။ အဲဒီအချိန်မတိုင်ခင် Copy ၁၀ ပုဒ်လောက်ရေးပါတယ်။ စိုးပိုင်ရဲ့ 'မောင်ငိုမယ်မိုးသည်းထဲမှာ' Copy နဲ့ ပေါက်တယ်။ အဲဒီနောက်ပိုင်း ၁၉၈၄၊ ၁၉၈၅ မှာ 'ယာဉ်အမီရီရီပြုံးပြန်ပါ'ဆိုလည်း ဂီတမှတ်တိုင်လို့ ပြောလို့ရတယ်။ ခင်မောင်တိုး၊ ခိုင်ထူးတို့လောက် မပေါက်ဘူး။ ကွက်ကျားမိုးလို ဖြစ်သွားတယ်။ ခင်မောင်တိုးကတော့ 'မဟာဆန်သူ'နဲ့ အောင်မြင်ကျော်ကြား နေပါပြီ။ ၈၈ နောက်ပိုင်းမှာ 'မိုးသောက်ခဲ့ပြီ'တေးသီချင်းထွက်ပါတယ်။ အဲဒီမှာ တေးစီးရီးထုတ်လုပ်သူက ခင်မောင်တိုးနဲ့ ထီးဆိုင်ထည့်ပေးပါဆိုလို့ သူတို့ကလည်း မေတ္တာနဲ့ ကူညီဆိုပေးပါတယ်။ ညိုညိုတေးသံသွင်းက ထုတ်လုပ်တာပါ။ အဲဒါတွေဟာ ကျွန်တော့ရဲ့ ဂီတသက်တမ်းဖြတ်သန်းမှုပါ။


မေးရတာတော့ အားနာပါတယ်။ အစ်ကို မူးယစ်ဆေးကိစ္စဖြစ်ခဲ့သေးတယ်နော်။


ကျွန်တော် မူးယစ်ဆေးဝါးရဲ့သားကောင် ဖြစ်ခဲ့ပါတယ်။ ၁၉၇၄၊ ၇၅၊ ၇၆ ခုနှစ်လောက်ကပါ။ မန္တလေးမှာ နံပါတ် ၄ (ဖိုး) နှစ်ထုပ်နဲ့ ကျွန်တော့အိမ်မှာ သူငယ်ချင်းတယောက်မိဖူးတယ်။ အဲဒီမှာ ကျွန်တော် တနှစ်နဲ့ရှစ်လ ထောင်ထဲမှာနေဖူးတယ်။ နောက်ပုသိမ်မှာ ဆေးခြောက်နှစ်ထုပ်မိဖူးတယ်။ အာမခံရပြီး သူငယ်ချင်း ၆ ယောက် ပြန်လွတ်လာတယ်။ အဲဒီနောက်ပိုင်းမှာ မူးယစ်ကိုဖြတ်ပြီး အနုပညာအလုပ်ထဲမှာ စိတ်ရော၊ ကိုယ်ရောနှစ်ပြီး တေးရေးဘက်ကို စူးစိုက်ခဲ့တယ်။ ဒါတွေကတော့ ကျွန်တော့ ဖြတ်သန်းမှုပါပဲ။


အစ်ကို့ရဲ့ တေးရေး၊ တေးဆိုချိန်မှာ ကိုယ်ပိုင်သံစဉ်ထိုးဖောက်မှု အရမ်းခက်ခဲတယ်။ Copy သံစဉ် အုံနဲ့ကျင်းနဲ့ သီဆိုနေမှုတို့ကို အစ်ကိုနေ၀င်းတို့အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေကို ဖြတ်သန်းခဲ့ရပါသလဲ။


ကျွန်တော် ပြောချင်တာက အောင်မြင်ပြီးသား မူရင်းအင်္ဂလိပ်သီချင်းကို စာသားဖြည့်တာပေါ့နော်။ မင်းမင်းလတ်တို့က Copy နဲ့ အောင်မြင်နေပါပြီ။ ကိုယ်မပိုင်တဲ့သံစဉ်ပေါ့ဗျာ။ ကျွန်တော်လည်း Copy ရေးခဲ့တာပဲ။ နောက်ပိုင်း နှစ် ၄၀ ကျော်ကြာပြီ။ မရေးတော့တာ Copy ရေးရင် တနာရီ၊ နှစ်နာရီလောက်ရေးရင် ရသလို ကိုယ်ပိုင်သံစဉ်က အားထည့်ရတယ်။ စိုင်းခမ်းလိတ်၊ ခင်ဝမ်းတို့လည်း ကိုယ်ပိုင်သံစဉ်ရေးနေပါပြီ။ ကျွန်တော်လည်း သူတို့ကိုကူပြီး ရေးပါတယ်။ ကျွန်တော့ဆီက ခင်မောင်တိုးတလှည့်၊ ထီးဆိုင်တလှည့်၊ ခိုင်ထူးတလှည့် ၀ယ်ပါတယ်။ ဒါကလည်း သူတို့ဆိုပေးလို့ သူတို့အောင်မြင်သလို ကျွန်တော်လည်း တေးရေးလောကမှာ အောင်မြင်လာပါတယ်။ တခွေလုံး ကျွန်တော်တယောက်တည်း ရေးတာများတယ်။ ခင်ဝမ်းရဲ့ 'အမှောင်ကိုထွန်းညှိမယ့် မီးအိမ်'ကိုလည်း ရေးခဲ့ပါတယ်။ ကျွန်တော်တို့က သစ္စာနဲ့ရေးတယ်။ ခံစားမှု အမှန်တရား၊ ဓမ္မနဲ့အဓမ္မခွဲပြီး ရေးပါတယ်။ အဲဒီချိန်မှာ စိန်ခေါ်မှုတွေကတော့ များတာပေါ့ဗျာ။


ကိုနေ၀င်းရဲ့သီချင်းတွေကို သီဆိုခဲ့တဲ့ ကိုခင်ဝမ်း၊ ကိုခင်မောင်တိုး၊ ကိုခိုင်ထူးတို့နဲ့ တွဲလုပ်ခဲ့ရတဲ့ အမှတ်တရဖြစ်ရပ်တွေကို ပြောပေးပါဦး၊ တဦးချင်းလက်တွဲလုပ်တာ ပြောပေးပါ။


သူတို့ရဲ့အချိန်ကာလအောင်မြင်မှုတွေကတော့ မတူဘူး။ ပထမ ဗိုလ်ထီးအရင်ဆုံး အောင်မြင်ပါတယ်။ ခင်မောင်တိုး မဟာဆန်သူမဖြစ်ခင် '၀ိုင်းရဲ့ဆည်းဆာ'ပေါက်နေပါပြီ။ အဲဒီမှာ 'ခွန်အားဖြည့်မိငယ်'ပါဝင် ရေးသားခဲ့ပါတယ်။ ခိုင်ထူးကတော့ ရန်ကုန်ရောက်မှ သိတာပါ။ သူတို့ရဲ့တက္ကသိုလ်ဝင်းထဲက အိမ်မှာလည်း နေခဲ့ပါတယ်။


အစ်ကိုတို့နဲ့ ကိုတိုးကြီး၊ ကိုထီးတို့နဲ့တွဲဆိုခဲ့ တဲ့ 'မိုးသောက်ခဲ့ပြီ' တေးစီးရီးကို တပ်မက်သူ လူတစုကပဲ နားထောင်တယ်။ ပရိသတ်ကြားမှာ မပေါက်ခဲ့ဘူး၊ ဘာကြောင့်လို့ ထင်ပါသလဲ။


ကျွန်တော်က တေးဆိုနဲ့အောင်မြင်ဖို့ ကံမပါဘူးထင်ပါတယ်။ အခုမှ ကိုယ်ပိုင်သံစဉ်ရဲ့တန်ဖိုးကို နားလည်လာတဲ့သဘောပါ။


အခုခေတ် ဂီတရေစီးကြောင်းနဲ့ အစ်ကိုတို့ရဲ့ဂီတရေစီးကြောင်းလေး ကွာခြားပုံကို ပြောပေးပါ။


အခုခေတ်သီချင်း အများစုက အချိန်၏စမ်းသပ်မှုကို ခံနိုင်ရည်မရှိတော့ဘူး။ ဒါကလည်း ယဉ်ကျေးမှု တိုးတက်လာတာကို အသိအမှတ်ပြုရမှာပဲ။ Copy ၊ ကိုယ်ပိုင်သံစဉ်ရယ်ဆိုတာကတော့ ကိုယ်ပိုင်ကတော့ အားထုတ်ရတာပေါ့။ မကြိုက်မချင်း ဆိုရ တီးရပေါ့ဗျာ။ အခုခေတ် ဂီတရေစီးကြောင်းကိုတော့ မဝေဖန်ချင်ပါဘူးဗျာ။


ကိုနေ၀င်းအနေနဲ့ နောက်ပိုင်း သီချင်းသိပ်မရေးတော့ဘူး။ ဘာကြောင့်ပါလဲ။


ကျွန်တော့ သူငယ်ချင်း သုခမိန်လှိုင်၊ မြင့်မိုးအောင်တို့ကလည်း ပြောပါတယ်။ စိတ်ကူးပေါ်မှ ရေးပေါ့။ ကျန်းမာရေးကလည်း အရင်လောက်မကောင်းတော့ဘူး။ အပင်ပန်းလည်း မခံနိုင်တော့ဘူး ဖြစ်နေလို့ပါ။ အခုတော့ အင်တာဗျူးလာရင် သီချင်းဆိုပြတယ်။ နယ်တွေကိုတော့ခေါ်ရင် သီချင်းလိုက်ဆို ပြပါတယ်။


မေး- တေးရေးကိုနေ၀င်းအပေါ် လွှမ်းမိုးမှုရှိတဲ့ ဂီတပညာရှင်တွေရှိရင် ပြောပြပါ။ ဘယ်လိုသီချင်းတွေနဲ့ ကြီးပြင်းခဲ့ပါသလဲ။


ဖြေ- ကျွန်တော့ကို လွှမ်းမိုးမှုရှိတာက အယ်လဘစ်ပရက်စလေကြောင့်လို့ ပြောလို့ရတယ်။ နောက် ဘီတယ်လ်တို့ရဲ့ Blue တို့ကို ကျွန်တော် လိုက်ပြီး တီးပါတယ်။ နောက်ပြီး Classic လည်း အတုခိုးရေးပါတယ်။


မေး- ကိုနေ၀င်း ဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြောပေးပါ။


ဖြေ- ကျွန်တော့ကို ပရိသတ်တွေက အခုအချိန်အထိ အားပေးတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့ ဖေ့စ်ဘွတ်မှာ ကိုနေ၀င်း ကျန်းမာပါစေ၊ Happy Birthday ဆုတောင်းပေးတာတွေကတော့ ကိုယ်ပိုင်သံစဉ်ကို ခုံမင်စွာရေးခဲ့သူကို အားပေးတာကို ကျေးဇူးတင်ပါတယ်။ သီချင်းတွေလည်း ကိုယ်စွမ်းရှိသမျှ ရေးနေဦးမှာပါ။


မေး- မောင့်လပြည့်ဝန်းကို စာရေးဆရာမ တယောက်က Copy လို့ပြောတယ်။ အဲဒါလေး ပြောနိုင်ရင် ပြောပေးပါဦး။


ဖြေ- အဲဒါ စာရေးဆရာမဂျူးပါ။ သူ့ကို ရုရှား သံရုံးက သူ့ကိုပြောပြလိုက်တဲ့သဘောဖြစ်တယ်။ ဒါကလည်း ကျော်ဟိန်းအစ်ကိုရိုက်တဲ့ရုပ်ရှင်မှာ ကိုယ် ပိုင်သံစဉ်တွေပဲ သုံးတယ်ဆိုပြီးပြောတော့ ဂျူးက Copy လို့ ပြောတယ်။ ဒါကို ကျွန်တော်ရယ်၊ ကိုမောင်မောင်၊ ကိုရဲလွင်၊ ခင်မောင်တိုးတို့ သွားပြီးဖြေရှင်းခဲ့ပါတယ်။ သက်သေပြရတာပေါ့ဗျာ။ ကိုမောင်မောင်ကလည်း ကိုနေ၀င်းတခါမှ မပြောဘူးပေါ့။ ကျွန်တော်က ‘Chord’ သွားတူတဲ့ သဘောပါ။ C7 ကနေ F ကိုမကူးဘဲ ကျွန်တော်က လက်ခတ်ချည်းပဲနဲ့ တီးလိုက်တယ်။ Chord မပြောင်းတဲ့သဘောဖြစ်သွားတယ်။ သံစဉ်တူတာ မဟုတ်ဘူး။ Chord သွားတူတာ။ ဒါကတော့ တိုက်တိုင်ဆိုင်ဆိုင်ပါပဲ။ မလေးရှားနိုင်ငံတော်သီချင်းနဲ့ လက်ကွက်တူသွားတာဖြစ်တယ်။ ကျွန်တော်တို့ ဖြေရှင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကလည်း ကလပ်စစ်ကို တော်တော်တီးတတ်နေပါပြီ။


မေး- နောက်ထပ်သီချင်းသစ်တွေရေးဖို့ရော ရှိပါသလား ခင်ဗျ။


ဖြေ- ကျွန်တော် ကျန်းမာရေးကောင်းရင်၊ အခြေအနေပေးလို့ စိတ်ကူးရလာရင် ရေးပါဦးမယ်။


မေး- အစ်ကို အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးပါ။


ဖြေ- ကျွန်တော်လည်း အခုလို ဖြေကြားခွင့်ရတဲ့အတွက် News Watch ကို ကျေးဇူးတင်ပါတယ်။


သဒ္ဓါထက်အိုင်(လှည်းတန်း)


မေးမြန်းသည်