၂၀၂၀   မှာ  ဒေါ်အောင်ဆန်းစုကြည်နိုင်မယ်၊  ကဆုန်လပြည့်ကျော်တရက်မှ သီတင်းကျွတ်လကွယ်နေ့အထိ   ကာကွယ်ရေးပိုင်းဆိုင်ရာ အကြီးအကဲတွေအပြောင်းအလဲမြင်တယ်ဟု ဟောကိန်းထုတ်


ဇန်န၀ါရီလ ၃၁ ရက်က ကမ္ဘာတလွှား နေရာတော်တော်များများမှာ ထူးထူးခြားခြားလငပုပ်ဖမ်းခြင်း၊ လအပြည့် ဖြစ်ခြင်း၊ အပြာရောင်လအဖြစ် ပြောင်းခြင်းဆိုသော ဖြစ်စဉ်သုံးမျိုး တညတည်းတွင် ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ တညတည်း ဖြစ်စဉ်သုံးမျိုးဖြစ်ခဲ့ခြင်း “Super Blood Blue Moon” ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေး နက္ခတ်ဗေဒပညာရှင်များဖြစ်သည့် ဆရာဇော်မြင့်နှင့် ဒေါက်တာမြတ်သစ်တို့က မန္တလေးမြို့တော် ခန်းမရှေ့ကျုံးတောင်ဘက်ဘေးတွင် ယင်းထူးခြားဖြစ်စဉ်ကိုကြည့်ရှုရင်း နိုင်ငံ၏ရှေ့ပြေးနိမိတ်များကို အောက်ပါအတိုင်း ဟောကိန်းထုတ်ခဲ့ကြသည်။  


ဒေါက်တာမြတ်သစ်


ကာရကဋ်ရာသီမှာ လာပြီးတော့ ရာဟုဂြိုဟ်ဖမ်း စားတယ်။ ကျွန်တော်တို့က ပညာအမြင်နဲ့ပဲ ပြောချင်ပါတယ်။ လောကီအနေနဲ့။ နဂါးခေါင်းနဲ့အမြီးက ကာရကဋ်ရာသီနဲ့ မကရရာသီက ဟိုဘက် ဒီဘက်ပိတ် ပြီးတော့ ရပ်ထား တယ်။ ရပ်ထားတဲ့နေရာမှာ ခေါင်းထဲကို ၀င်လျှိုလာတယ်။ လျှိုလာတော့ ဒါဖမ်းစားတယ်ခေါ်တာပေါ့။ လကြတ်တဲ့အချိန်မှာ ကောင်းတာ တွေရင်ဆိုင်ရမယ်။ မကောင်းတာတွေလည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပတ်သက်လို့ ပြောချင်တာက နိမိတ်ဖတ်ရရင် ကောင်းတာလည်း ကြုံတွေ့တာရှိသလို၊ မကောင်းတာလည်း ကြုံတွေ့တာ ရှိမယ်။ အဲတော့ ကောင်းတာနဲ့ မကောင်းတာ ဘယ်ဟာကများမလဲ။ မကောင်းတာ ပိုပြီးများမယ်လို့။ ကောင်းတာက အချိန်အတိုင်း အတာလေးတခုအနေနဲ့ စောင့်ရပါလိမ့်မယ်။ မစောင့်လို့လည်း မရပါဘူး။ ကျွန်တော်နောက်ကြောင်း နည်းနည်းပြန်ပြောချင်ပါတယ်။ ၂၀၁၇ သြဂုတ်လက စပြီးတော့ ဂြိုဟ်တွေက တခြမ်းတည်း ကာရကဋ်ကနေ တောက်လျှောက်ဝင်လာတာ တူရာသီ၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ ယခုထိအခန်းကြီးထဲမှာ ပိတ်မိနေတာ။ သြဂုတ်လကနေစပြီး ဆင်းလာလိမ့်တာ ရာဟုဖမ်းစားတာထဲကို ၀င်တယ်။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ ၁ အချက် တဖက်သတ် မြန်မာနိုင်ငံမှာ ဆူပူမှုတွေ၊ အဓိကရုဏ်းဖြစ် တာတွေ၊ ကတိသစ္စာမဲ့တာတွေ၊ တဦးနဲ့ တဦးသစ္စာမဲ့တာတွေ ဖြစ်လာမယ်။ ဒါ တွေကို လက်ရှိအစိုးရအနေနဲ့က ရင်စည်း၊ ခါးစည်းခံရမယ့် ကိန်းတခုလို့ ကျွန်တော့အနေနဲ့ မြင်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလဇာတာနဲ့ တိုင်းပြည်ရှေ့ရေး


ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ရှိရင် သူ့ရဲ့မူလဇာတာက မင်းဧကရာဇ်နက္ခတ်ပေါ့နော်။ မင်းဧကရာဇ်နက္ခတ် ရထားတယ်။ ဘယ်သူရတာလဲ လက်ချိုးရေလို့ရပါတယ်။ မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ ရတယ်ဆိုတာ ဒီလိုမင်းဧကရာဇ် နက္ခတ်ရတဲ့ပုဂ္ဂိုလ်ဟာ ဘုရင့်နောင်ရတယ်။ အခု အမေဒေါ်အောင် ဆန်းစုကြည်ရတယ်။ ကျွန်တော်တို့နက္ခတ်အရ ဒီနှစ်ယောက်ပဲမြင်တယ်။ အဲတော့ အမေဒေါ်အောင်ဆန်း စုကြည်ဟာ ၂၀၂၀ လည်း သူဆက်ရှိမယ်။ ပြိုင်ဆိုင်မှုတွေအနေနဲ့လည်း နောင်ဟိုဘက်လည်း ဆက်ရှိမယ်။ တိုင်းပြည်ကိုလက်တွဲခေါ်ပြီးတော့ ဦးဆောင်ဖို့ မြင်ပါတယ်။ အသက်အန္တရာယ်တော့ မမြင်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးညံ့တာတို့၊ ဘာတို့တော့ ရင်ဆိုင်ကြုံတွေ့ရမယ်။ အဲဒါက ၁ အချက်။ ၂ အချက်က ဒီဂြိုဟ်တွေဟာ ကာလတခုကိုရောက်ရင် အနီးကပ်လုပ်ကြံတာတွေ၊ သစ္စာမဲ့တာတွေကတော့ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။ ဒါတွေကို သူကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့က တချို့ဟာတွေကျတော့ ထိန်းဟောရတယ်။ ဘယ်အစိုးရပဲ တက်တက်ပါ တိုင်းပြည်ခေါင်းဆောင် သိပ်ထိခိုက်မယ့်ဟာမျိုးကျတော့ ကျွန်တော်တို့ ဟောရတာ နည်းနည်းထိန်း ပြီးတော့ဟောတာပဲ။ ကောင်းတယ်လို့မြင်လို့ ကျွန်တော်က ထိန်းပြီးပြောခြင်းဖြစ်ပါတယ်။


ဆက်ပြောရရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အခက်အခဲတွေတော့ သူကျော်လွှားရလိမ့်မယ်။ အကျဉ်းကျအခက်အခဲတော့ သူခါးစည်းရင်ခံရလိမ့်မယ်။ ဒီမြန်မာနိုင်ငံအစိုးရနဲ့ ရင်ဆိုင်ရမယ်။ ဘယ်အစိုးရ တက်တက် ဒီနက္ခတ်ကတော့ရင်ဆိုင်ရမယ့် နက္ခတ်တရပ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်။ အဲတော့ ဒီနှစ်က အစိုးရအတွက် အခက်အခဲ အကျပ်အတည်းတွေနဲ့ အများဆုံးရင်ဆိုင်ရမယ်။ 


၂၀၁၈ ထဲမှာ ဒီလကြတ်ပြီးတဲ့နောက်မှာ ကျွန်တော်နိမိတ်ဖတ်ခဲ့ပါမယ်။ ဇူလိုင်လ ၁၇ ရက်ကနေ အောက်တိုဘာအတွင်းမှာ ထပ်ပြီးတော့ ဆူပူမှုတွေ၊ အဓိကရုဏ်းတွေ ထပ်ပြီး ကြုံတွေ့လိမ့်မယ်။ တိုင်း ပြည်အကြီးအကျယ် မင်းပြောင်းမင်းလွဲတွေ လာဦးမယ်။ အဲတော့ တိုင်းပြည်စပြီးတော့ ၂၀၁၆ တက်က တည်းက  အဆိပ်နက္ခတ်နဲ့ သင့်တယ်ပေါ့။  ခင်ဗျားတို့နားလည်အောင်ပြောရရင် အဆိပ်နက္ခတ်နဲ့ တိုင်းပြည် ကိုမင်းက အုပ်ချုပ်ဖို့တက်လာတယ်။  တိုင်းပြည်မင်းဟာ မမြဲပါဘူး။ ဘယ်လို မမြဲတာလဲ။ အဆိပ်နက္ခတ် ဆိုတာ ခင်ဗျားတို့ နားလည်အောင်ပြောရင်တော့  အဆိပ်နဲ့တူတဲ့နက္ခတ်မှာ များသောအားဖြင့် မင်းတွေ ပြုတ်တာတို့၊ မင်းတွေ သေတာတို့၊ မင်းတွေ အခက်အခဲ ဒုက္ခရောက်တာတို့ အဲဒီနက္ခတ်မှာ တက်လာတဲ့အတွက် တိုင်းပြည်အုပ်ချုပ်တဲ့မင်းအတွက် ကြီးစွာသော စိတ်ပင်ပန်းမှု၊ ဆင်းရဲမှု၊ အသက်အန္တရာယ်နီးမှုတွေ အဲလိုလေး တွေ တိုင်းပြည်မင်းက ရောက်နေတယ်။ ဒီလကြတ်တဲ့အချိန်မှာ လဟာကမ္ဘာနဲ့ သိပ်နီးနေတဲ့အခါမှာ ဒါသိပ္ပံနည်းကို ကျွန်တော်ပြန်ပြောချင်တယ်။ ရေတွေကြီးလာမယ်။ မြေတွေကျုံ့လာမယ်။ သဘာဝ ဘေးအန္တရာယ်ကတော့ ကျွန်တော်တို့ဗေဒင်ဆရာမ ဟောလည်း ဒါခင်ဗျားတို့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါ တယ်။ အဲဒီ ကြုံတွေ့တာတွေဟာ ဒါဘယ်တော့ ဖြစ် လာမလဲ။ ဒီဟာရဲ့ အကျိုးပေးက ၁၄ ရက်အတွင်း  အကျိုးတွေက ခံစားလာရလိမ့်မယ်။ ဒါဟာ လကြတ်ခြင်းရဲ့ အကျိုးကျေးဇူးပဲ။


ကာရကဋ်ရာသီ၊ ရေရာသီမှာကြတ်တဲ့အတွက် ဘာဖြစ်မလဲ။ ရေနေသတ္တ၀ါတွေ အသေအကျေ များလာမယ်။ ထူးဆန်းတဲ့ရောဂါတွေ ပေါ်လာမယ်။ အခြေခံလူတန်းစားတွေ ကျန်းမာရေးအတွက် အခက်အခဲ ဒုက္ခတွေ ဖြစ်လာမယ်။ ဒါဟာ လကြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်တယ်။ ကောင်းတဲ့ဘက်က ဘာဖြစ်မလဲ။ အဆိုးပြီးရင် အကောင်း။ တိုင်းပြည်စီးပွားရေးတွေ တိုးတက်လာမယ်။ ဘဏ္ဍာရေးအကျပ်အတည်း တွေ  တဆင့်ပြီးတဆင့် တိုးပွားပြီးတော့ အဆင်ပြေလာလိမ့်မယ်။ အခု လူအများမျှော်လင့်နေတဲ့ အဆောက်အဦ ရောင်းဝယ်တဲ့ကိစ္စတွေ၊ မြေယာအဲဒါတွေတဆင့်ပြီးတဆင့် ၂၀၁၈ ဇူလိုင်လ နောက်ပိုင်းမှာ တိုင်းပြည်က ပြန်ပြီးတော့ မတ်ပြီးတော့ ကောင်းလာလိမ့်မယ်။


 


 


 


 


 


 

ဆရာဇော်မြင့်


လငပုပ်ဖမ်းခြင်းနဲ့ မြန်မာပြည်အနာဂတ်


ကျွန်တော်တို့ မြန်မာနိုင်ငံက လူများနဲ့ ဒီတပို့တွဲ လပြည့်နေ့လငပုပ်ဖမ်းတယ်ပေါ့ဗျာ။ အဲဒီမှာ လငပုပ်ဖမ်းတဲ့ အချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ နိမိတ်က ဘယ်လိုဖတ်ကြားနိုင်တယ်ဆို ကျွန်တော်တို့နိုင်ငံတော်က တိုးတက်မယ့် အခြေအနေရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်လာမယ့်အပိုင်းတွေရှိပြီးတော့ နိုင်ငံတော်က လှူတန်းပေး ကမ်းနိုင်မယ့်အဆင့် ရောက်လာမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ ရောင်းဝယ်ရေးအသီးအနှံ ဒါတွေဟာ အခက်အခဲကြုံတွေ့ပြီးမှ အောင်မြင်ပြီးတော့ ကျော်လွှားနိုင်မယ့်အပိုင်းဖြစ်ပါတယ်။ နောက်နိမိတ်တခုက ကျွန်တော်တို့ မြန်မာနိုင်ဟာ အလှူဒကာအဆင့်အထိ။ အလှူဒကာ၊ အလှူဒကာမအဆင့်ထိ ရောက်ရှိပြီးတော့ တိုးတက် လှူဒါန်းနိုင်မယ့်၊ ချမ်းသာနိုင်မယ့် နိမိတ်တွေ တွေ့ပါတယ်။ ဆက်သွယ်ရေးတို့၊ အရောင်းအ၀ယ်တို့ ကောင်းလာမယ့်နိမိတ်တွေပြပါတယ်။ အကြံအစည်းကောင်းပါ မယ်။ နိုင်ငံခြားလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်တဲ့ အခါ စစချင်းတော့ အခက်အခဲလေးတွေ့တယ်။ နောက်ကျတော့ အောင်မြင်လာမယ့် အပိုင်းတွေရှိတယ်။ ဥာဏ် တွေလည်း အောင်မြင်လာမယ့် အပိုင်းတွေဖြစ်တယ်။ အခက်အခဲမျိုးစုံ ကျော်လွှားနိုင်မယ်အပိုင်းတွေဖြစ်တယ်။ ဘက်စုံအောင်မြင်မယ့် အပိုင်းတွေဖြစ်တယ်။ ဖက်စပ်ကုန်သွယ်ရေးလုပ်ငန်းလည်း နောင်ကာလအချိန်ကြာ ကောင်းလာမယ်အပိုင်း မြင်တွေ့ရပါမယ်ဆိုတဲ့အကြောင်း နိမိတ်ဖတ်ကြားပါတယ်။


တပ်မတော်ပိုင်းဆိုင်ရာအနေနဲ့ လာမယ့်က ဆုန်လပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လကွယ် နေ့အထိ ကာကွယ်ရေးပိုင်းဆိုင်ရာအကြီးအကဲတွေ ပြောင်းလဲဖို့ အပြောင်းအလဲတွေ မြင်ပါတယ်။ ကျွန်တော့အနေနဲ့ ဒီလောက်ပဲ ပြောချင်ပါတယ်။