'တကယ်လို့များ  ဖားမွေးမြူရေးလုပ်ငန်းသာ  တွင်ကျယ်သွားပြီဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း  စားဖားဈေးကွက်  ၁၂  ရာသီပတ်လုံး  ရှိနေမှာပါ'

ပြည်တွင်း၌ တဦးတည်းရှိသော စားဖားသားဖောက်ရောင်းသူ ကိုမိုးရဲနှင့် တွေ့ဆုံခြင်း


 


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့မဈေးမှ လေးမိုင်ခန့်ဝေးသည့်နေရာတွင် ကဒပ္ပနကျေးရွာရှိနေသည်။ ထိုရွာသို့အသွားလမ်းမှာ ပဲတီစိမ်းပင်များဖြင့် ပြည့်နေသော လယ်ကွင်းပြင်များကို ဖြတ်သွားရသည်။ ဆိုင် ကယ်စီးရင်းမြင်ရသည့် မြင်ကွင်းများမှာ စိတ်ကို ကြည်နူးစေသည်။ မျက်စိတဆုံး စိုက်ခင်းပြင်များ၊ လတ်ဆတ် သောလေများက မွန်းကြပ်မှုမှန်သမျှကို အဝေးသို့မောင်းထုတ်လိုက်ပါသည်။ ပြီးတော့ ထိုရွာ၌ စိတ်ဝင်စား စရာကောင်းသည့် လုပ်ငန်းတခုရှိနေသည်။ ထိုလုပ်ငန်းမှာ ကိုမိုးရဲ၏ ဖားသားဖောက်မွေးမြူရေးလုပ်ငန်း ဖြစ်သည်။ ပြည်တွင်းဈေးကွက် ခိုင်ခိုင်မာမာမရှိသေးသော်လည်း သူ၏လုပ်ငန်းမှာ စိတ်ဝင်စားစရာကောင်း သည်ကတော့ အမှန်ပင်ဖြစ်သည်။ အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ''ဆယ်လမွန်'' ငါး/ဖားသားဖောက်နှင့် အသားတိုးမွေးမြူရောင်းချ ရေးလုပ်ငန်းပိုင်ရှင် ကိုမိုးရဲနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပါသည်။


စားဖားမွေးမြူရေးလုပ်ငန်းကို ဘာကြောင့် စိတ်ဝင်စားရတာလဲ။


ကျွန်တော်က အရင်ကလယ်စိုက်တယ်။ လယ်စိုက်တဲ့အခါ တခုသတိထားမိတာက စားဖားလေးတွေ ရှားပါးလာတယ်ဆိုတာပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် မိုးကျတာနဲ့ လယ်ကွင်းတွေမှာ ညဘက် မီးအိမ်နဲ့ တုတ်နဲ့ ဖားလိုက်ရိုက်ရင် ခဏလေးနဲ့ အများကြီးရတယ်။ ခုနောက်ပိုင်းရှားပါးလာတယ်။ ဘာကြောင့် ရှားပါးလာလဲဆိုတော့ အခု လူတွေက ကျွန်တော်တို့ ငယ်ငယ်တုန်းကလို မိုးတွင်ဘက်တင် ဖားရိုက်တာ မဟုတ်ဘဲနဲ့ ဖမ်းနည်းမျိုးစုံနဲ့ဖမ်းတယ်။ နောက်တချက်က လယ်ကွင်းတွေထဲကို ဆားငန်ရေတွေဝင်တဲ့အတွက် ဖားတွေသေတာတွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်က လယ်ဖားတွေကို ဖမ်းပြီး ၂၀၁၅ ခုနှစ်လောက်ကစပြီး မွေးကြည့်တာ။ နောက်တချက်က တရုတ်၊ စင်ကာပူ၊ ထိုင်းတို့မှာဆိုရင် ဖားမွေးမြူရေးလုပ်ငန်းတွေ တိုးတက်နေတဲ့အတွက် ၁၂ ရာသီပတ်လုံး ဈေးကွက်ထဲမှာရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ မိုးတွင်းမှာ ပဲရှိတယ်။ တကယ်လို့များ ဖားမွေးမြူရေးလုပ်ငန်းသာ တွင်ကျယ်သွားပြီဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း စားဖားဈေးကွက် ၁၂ ရာသီပတ်လုံးရှိနေမှာပါ။ စားဖားမျိုးတုံးမှုကိုလည်း အထိုက်အလျောက် ကာကွယ်နိုင် မယ်လို့လည်း ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီလုပ်ငန်းကို စတင်လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။


လက်ရှိ မြန်မာနိုင်ငံမှာ စားဖားဈေးကွက်နဲ့ ဈေးကွက်ထဲမှာရှိတဲ့ စားဖားတွေက ဘာတွေများ ဖြစ်မလဲ။


၂၀၁၆ မှာ ယိုးဒယားဘက်ကလာတဲ့ ယိုးဒယားဖားကို စပြီးတော့ မွေးတယ်။ အဲဒီနှစ် ဈေးကွက်အခြေ အနေအရ မြန်မာဈေးကွက်ထဲမှာ တွက်ခြေမကိုက်ဘူး။ ကြည့်မြင်တိုင် စံပြငါးဈေးနဲ့ အင်းစိန်ဘက်က ဒိုင်တွေ မှာ သွင်းခဲ့ရတယ်။ တပိဿာ ၃,၇၀၀ နဲ့ ၄,၀၀၀ ကြားပဲရတယ်။ အဲဒီဒိုင်ကနေ ဈေးကွက်ထဲပြန်ဖြန့်တဲ့ အခါမှာဆိုရင် အနည်းဆုံး ၉,၀၀၀ နဲ့ ၁၀,၀၀၀ မှာရှိတယ်။ ဖားက ဘယ်အချိန် ဈေးကောင်းလည်းဆိုတော့ အောက်တိုဘာလလောက်ကနေ မေလလယ်အထိ ဈေးကောင်းတယ်။ အဲလို ဈေးနှိမ်ခံရတာတွေရှိလို့ ရန်ကုန်မြို့က ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ချိတ်ပြီးရောင်းတယ်။ အခု လက်ရှိ ဟိုတယ်တွေ၊ စား သောက်ဆိုင်တွေကို စားဖား တပိဿာ ၉,၀၀၀ နဲ့ ၁၂,၀၀၀ ကြား ရောင်းနေရတယ်။ ဈေးကွက်ထဲမှာ ကျော်စံကေး၊ တရုတ်စားဖား၊ ထိုင်းဖားနဲ့ တရုတ်ဖားက ဈေးကောင်းမရဘူး။ ဘာလို့လဲဆိုတော့ ထိုင်းဖားက အ၀ါရောင်၊ တရုတ်ဖားက အမည်းရောင်ရှိပြီး မြန်မာစားဖားထက် ဘုတွေပိုများတော့ မြန်မာစားဖားလောက် လူတွေက သိပ်မစားကြဘူး။ ဒါပေမဲ့ စားသောက်ဆိုင်၊ ဟိုတယ်တွေကို သွင်းရင်တော့ ဖားတွေက ဈေးအတူတူပဲ။


စားဖားတွေကို သားဖောက်တဲ့အပိုင်းနဲ့ အစာကျွေးတဲ့အပိုင်း ပြောပြပါ။


စားဖားတွေကို ၁၂ ရာသီပတ်လုံး သားဖောက်လို့ ရပါတယ်။ အမတကောင်၊ အထီးတကောင် တစုံချင်းစီ သားဖောက်ရပါတယ်။ အမတကောင်ကို တခါသားဖောက်ရင် သားပေါက်သောင်းဂဏန်းထိ ပေါက်ပါတယ်။ ဖားသားဖောက်ရင် အမရော၊ အထီးရော ဆေးထိုးပေးပါတယ်။ ဆေးထိုးပေးမှ သားပေါက်တဲ့အခါကျရင် တချိန်တည်း၊ တပြိုင်တည်းပေါက်တာပါ။ တကောင်က ၁ ရက်လောက် စောသွားတာနဲ့ သားပေါက်တာတွေ မညီမျှဘဲ အသေအပျောက်များပါတယ်။ အစာကျွေးတဲ့အပိုင်းမှာဆိုရင်တော့ ပရိုတင်းကြွယ်ဝတဲ့ သဘာဝအစားအစာဖြစ်တဲ့ တီတောင်တို့၊  ခြတို့၊ ပလူကောင်တွေတို့ကို ၀လင်စွာစားရရင် ပိုပြီး ကြီးထွားတယ်။ သားပေါက်နှုန်းလည်း ပိုများတယ်။ ဖားမွေးမြူရေးကန်တွေမှာ ညဘက်ဆိုရင် မီးချောင်းတွေ ထွန်းထားပေးရင် ပလူကောင်တွေကို ဖားတွေ စားသုံးနိုင်မယ်ဖြစ်ပါတယ်။ ဒါပေမဲ့ သဘာဝအစားအစာတွေကို ၀လင်စွာကျွေးဖို့အတွက်ဆိုရင် စားဖားတွေက အများကြီးဖြစ်တဲ့အတွက် အခက်အခဲရှိပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံကနေ အစာတောင့် အိတ်တွေကို မှာယူရပါတယ်။ တအိတ်ကို ကျပ်သုံးသောင်းနဲ့လေးသောင်းကြား ရှိပါတယ်။ ကျွန်တော်တို့ဆီကနေ ဖားသားပေါက်ဝယ်ယူပြီး မွေးတဲ့သူတွေက ကျွန်တော့ဆီကပဲ အစာအိတ် တွေဝယ်ယူကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုချိန်ထိ ပြည်တွင်းမှာ စားဖား အစာတောင့်ထုတ်တဲ့ လုပ်ငန်းက မရှိသေးတဲ့အတွက် ထိုင်းကနေ၀ယ်ယူပြီး ဖားမွေးမြူသူတွေကို အစာပြန်ရောင်းရတာပါ။


ပြည်တွင်းမှာ စားဖားသားပေါက် မွေးမြူချင်တယ်ဆိုရင် ဘယ်လိုမွေးမြူရမလဲ၊ ဘယ်လိုအကျိုးအမြတ်ပြန်ရနိုင်မလဲ။


ပြည်တွင်းမှာ ဖားသားပေါက်ကို ရောင်းတာ ကျွန်တော်တယောက်တည်းရှိတယ်။ ဖား (၁၀၀၀) မွေးမယ်ဆိုရင် သေချာနည်းမှန်လမ်းမှန်ဆိုရင်တော့ ၃ သိန်းလောက်ကျန်တယ်။ ဖားသားပေါက်က တကောင်ကို နှစ်ရာ၊ အစာက သုံးအိတ်ကျွေးရတယ်။ ဖားသားပေါက်ကို ၂ လခွဲ ၃ လမွေးရင် ရောင်းတန်းဝင်ပြီး ရောင်းတန်းဝင်တဲ့အရွယ် အသေးဆုံးက ၁၂ ကျပ်သားပဲ။ သုံးလထက် ကျော်မွေးလို့လည်း မကောင်းဘူး။ ကြီးထွားနှုန်းက သိပ်မတက်တော့ဘူး။ ကျွန်တော့ဆီက ဖားသားပေါက်က ရှမ်း၊ ဧရာဝတီ၊ မွန်၊ ကရင်၊ ရခိုင်၊ ရန်ကုန်တိုင်းဒေသကြီးက လူတွေကမှာပြီးတော့ မွေးကြတယ်။ ပြန်ကြားရတဲ့သတင်းကတော့ ၀မ်းသာစရာ ကောင်းတယ်။ ဖားသားပေါက် ၀ယ်ယူချင်တယ်ဆိုရင် ကျွန်တော်က ဖားသားဖောက်တွေကို ကားဂိတ်၊ လေယာဉ်ဆိပ်ရောက်တဲ့အထိ ပို့ပေးတယ်။ ဥပမာ-ဖားသားပေါက်အကောင် ၅၀၀ ၀ယ်မယ်ဆိုရင် တကောင်ကို ၂၀၀ ကျပ်နဲ့ အကောင် ၅၀၀ တန်ဖိုးရယ်၊ လေယာဉ်၊ ကားဝန်ဆောင်မှုရယ်ပေးမယ်ဆိုရင် ကျွန်တော်က အရောက်ပို့ပေးတယ်။


စားဖားတွေကို စားသုံးတဲ့နေရာအပြင် ဘယ်လိုနေရာမျိုးတွေမှာရော အသုံးချနိုင်သေးလဲ။


ပြီးခဲ့တဲ့နှစ်တုန်းက ဆရာဒေါက်တာဦးခင်မောင်လွင် (Fame)က ကျွန်တော့ဆီကိုလာပြီးတော့ စားဖားတွေကို ၀ယ်တယ်။ ဘာလုပ်ဖို့လဲဆိုတော့ ပြင်ဦးလွင် အော်ဂဲနစ်ပန်းခြံမှာ ပိုးသတ်ဆေးအစား ဖားတွေကိုသုံးဖို့ပါ။ အော်ဂဲနစ်ပန်းခြံဆိုတော့ ပိုးသတ်ဆေးသုံးလို့မရဘူး။ အပင်တွေကိုဖျက်ဆီးတဲ့ ပိုးတွေဟာ ဖားရဲ့ အစာမို့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စားဖားတွေကိုမွေးရင် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်တယ်လို့ ထင်တယ်။


 

ဖားမွေးမြူရေးလုပ်မယ့်သူတွေအနေနဲ့ ဘာတွေကို သိထားသင့်သလဲ။


ဖားမွေးမြူရေးလုပ်မယ်ဆိုရင် ကန်ကို ကွန်ကရစ် ကန်ပဲဖြစ်ဖြစ်၊ တာပေါ်လင်စနဲ့လုပ်ထားတဲ့ ကန်ပဲဖြစ်ဖြစ် ပြုလုပ်ရမယ်။ ပြီးရင် သန့်စင်တဲ့ရေထည့်ရမယ်။ ကန်အရွယ်အစားလိုက်ပြီး ဖားကိုထည့်ရမယ်။ ဖားတွေ အရမ်းကျပ်လို့မရဘူး။ ဖြစ်နိုင်ရင် တနေ့တခါ ရေလဲပေးရင် ကြီးထွားနှုန်း ပိုကောင်းတယ်။ လယ်ဖားတွေ ဘာတွေကျတော့ ရေကစီးနေတော့ မသိသာပေမဲ့ ကန်နဲ့ထည့်မွေးရင် ရေညစ်ပတ်တာနဲ့ ဖားတွေ အသေ အပျောက်များတယ်။ ဖားတွေအရွယ်ကြီးသွားပြီဆိုရင် ဖားတထိုင်စာ ရေ၀ပ်ကျင်းလေးထားပေးရတယ်။ ရေ ကန်ဟာ အရိပ်ရဖို့အရေးကြီးတယ်။ ဖားအစာတောင့်ကိုလည်း ပထမလမှာ အသေးစာကျွေးရမယ်။ ဒုတိယ လမှာ အလတ်စာကျွေးရမယ်။ တတိယလမှာ အကြီးစာ ကျွေးရမယ်။ ၃ လပြည့်ရင်တော့ ဈေးကွက်ထဲ ထုတ်လို့ရပါပြီ။


ဖားမွေးမြူရေးလုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့သူတွေကိုရော ဘာများပြောချင်လဲ။


ကျွန်တော်ကတော့ ဖားမွေးမြူရေးလုပ်ငန်းဟာ ခုလက်ရှိဈေးကွက်မှာ တခြား သား၊ ငါး၊ ပုစွန်တွေလောက် မတွင်ကျယ်သေးပေမဲ့ အတိုင်းအတာ တခုထိတော့ နေရာရနေပြီ။ ကျွန်တော့ဆီကနေ ဖားသားပေါက် ၀ယ်ယူပြီး မွေးတဲ့သူတွေ ဖားအရွယ်ရောက်လာလို့ ပြန်ရောင်းချင်ရင် ကျွန်တော်က ဟိုတယ်တွေ၊ စားသောက် ဆိုင်တွေကလည်း ကျွန်တော့ဆီကနေ စားဖားတွေကို ၀ယ်ယူချင်တယ်ဆိုရင် အရှင်ယူချင်ရင်လည်း ရတယ်။ အသေလိုချင်ရင်လည်း ရေခဲရိုက်ပြီး ပို့ပေးတယ်။ ကျွန်တော်က ဖားသားပေါက်ရော၊ အရွယ်ရောက်တဲ့ ဈေးကွက်ဝင်ဖားရော ရောင်းပေးတယ်။ ဖုန်း ၀၉ ၇၉၆၂၇၆၀၈၀ ကို ဆက်သွယ်ပြီးတော့ မှာယူလို့ရတယ်။


အခု ဖားမွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်တာရှိပါသေးလဲ။


ဖားမွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာတွေတော့ အများကြီးရှိတယ်။ ငါးလုပ်ငန်း ရှင်အသင်းတို့၊ ကဏန်းတို့၊ ငါးရှဥ့်စတဲ့လုပ်ငန်းရှင် အသင်းတွေအဖြစ် အစိုးရက အသိအမှတ်ပြုပြီး ဖွဲ့စည်းပေးထားတယ်။ အစိုးရကလည်း ထောက်ပံ့ပေးတယ်။ ကျွန်တော်တို့ ခုစားဖားမွေးမြူရေးက လူတွေ သိပ်မသိသေးတော့ အစိုးရအထောက်အပံ့က မရသေးဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ စားဖားမွေးမြူရေးကို အစိုးရက အကူအညီအထောက်အပံ့ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့နိုင်ငံမှာ စားဖားမွေးမြူသူတွေက အရင်ကထက်စာရင် ပိုများလာသလို။ ဈေးကွက်ကလည်း အရင်ကထက်စာရင် ၀ယ်လိုအား ပိုကောင်းလာတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံမှာက စားဖားမွေးမြူရေးက တိုးတက်ပြီးတော့ ပြည်ပပို့ကုန်အဖြစ် ပို့နိုင်နေပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း အတိုင်းအတာတခုထိ တိုးတက်ဖို့အတွက် ဒီထက်မက ပြည်သူလူထုရော၊ အစိုးရပါ စိတ်ပါဝင်စားပြီး ကူညီထောက်ပံ့ပေးမယ်ဆိုရင် အောင်မြင်မယ်လို့ ထင်ပါတယ်။


သားချမ်းမြတ် - တွေ့ဆုံမေးမြန်းသည်။