'အောင်ဝင်းခိုင်ကို ဖမ်းမိခြင်းအားဖြင့် သူ့ကိုဘယ်သူက  စေခိုင်းတယ်ဆိုတဲ့အချက်ကို သိနိုင်မယ်။ ဒီအချက်ကိုက ကွင်းဆက်ပြတ်နေတယ်။ ဒါပေမဲ့ . . .' တရားလွှတ်တော်ရှေ့နေ ဦးနေလနှင့် တွေ့ဆုံခြင်း


 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံခံခဲ့ရသည်မှာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်တွင် တနှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ ဦးကိုနီကို လုပ်ကြံခဲ့သည့် ကြည်လင်းနှင့်ပူးပေါင်းကြံစည်ကြသည့် အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကို ဖမ်းဆီး၍ လူသတ်မှုအပါအ၀င် အခြားပုဒ်မများနှင့် အမှုဖွင့်စစ်ဆေးမှုများပြုလုပ်လျက်ရှိနေသည်။ အောင်ဝင်းခိုင်မှာ လွတ်မြောက်နေဆဲဖြစ်သည်။ ဦးကိုနီကို သေနတ်ဖြင့်ပစ်ခဲ့သူ ကြည်လင်းကို ဖမ်းဆီးစဉ် တက္ကစီယာဉ်မောင်း ကိုနေ၀င်းလည်း သေဆုံးခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ အမှုအခြေအနေ မည်ကဲ့သို့ရှိနေပြီကို သိရှိနိုင်ရန် ဦးကိုနီအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေဦးနေလကို News Watch က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။


ဆရာဦးကိုနီ လုပ်ကြံခံရတဲ့အမှုကို ဆရာစပြီးတော့ လက်ခံဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါ။


ဆရာနဲ့ ဆရာဦးကိုနီနဲ့က ရှေ့နေကြီး ဦးကိုယုရဲ့ တပည့်တွေပါ။ တက္ကသိုလ်တက်တုန်းကလည်း သူငယ် ချင်းတွေ၊ ၁၉၇၈ ခုနှစ် မွန် ဥပဒေသီးသန့်သင်တန်းဆိုပြီး ကျောင်းအတူတူ ထောင်ခဲ့တယ်။ ၁၉၈၂ ခုနှစ် ကျတော့ ဆရာက စာသင်တဲ့လုပ်ငန်းကို ရပ်လိုက်တယ်။ ဆရာဦးကိုနီကတော့ စာသင်တဲ့အလုပ်ကို ဆက်လုပ်ရင်းနဲ့ ရှေ့နေလုပ်တယ်။ ရှေ့နေဘ၀ကို အတူတူဖြတ်သန်းခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်တဲ့ရှေ့နေအသင်းဆိုပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတော်အဆင့် တည်ထောင်တဲ့အခါမှာ ပိုပြီးနီးနီးစပ်စပ် လုပ်ခဲ့ကြတယ်။ မြန်မာပြည်အနှံ့ ခရီးအတူတူသွားခဲ့ကြတယ်။ ဆရာဦးကိုနီ လုပ်ကြံခံရတဲ့အချိန် ဦးကိုနီက သီးသန့်  Law Firm တခု ထောင်ထားတယ်။ ဒီအမှုကို ဆရာ လိုက်ပါဆောင်ရွက်ရမယ်လို့ မထင်ဘူး။ ဦးကိုနီရဲ့ Law Firm က ရှေ့နေတယောက်ယောက်က လိုက်ပါ ဆောင်ရွက်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ဦးကိုနီရဲ့ မိသားစုဝင်တွေ၊ ရှေ့နေအသိုင်းအ၀ိုင်းတွေ တိုင်ပင် လိုက်ကြပြီးတော့ ဆရာ့ကို ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ ကမ်းလှမ်းကြတယ်။ မိသားစုချင်းကလည်း ရင်းနှီးနေတဲ့အခါကျတော့ ဒီအမှုကို ဆရာလက်ခံခဲ့တယ်။ မျှော်လင့်မထားဘဲနဲ့ လက်ခံဖြစ်ခဲ့တယ်။


ဒီအမှုမှာ လက်ရှိရုံးချိန်း ဘယ်လောက်ရှိပြီလဲ။ သက်သေတွေရော ဘယ်နှယောက်လောက်ရှိပြီလဲ။


ရုံးချိန်းကတော့ ၃၉ ချိန်းရှိပြီ။ သက်သေက အမှတ်စဉ် ၇၆ ယောက်ရှိပြီပေါ့။ ဒီ ၇၆ ယောက်မြောက်ဟာ ဆရာတို့ရဲ့ သက်သေစာရင်းထဲမှာ နောက်ဆုံးပဲ။ ရာဇ၀တ်မှုတွေမှာ အမှုစစ်ရဲအရာရှိကို စစ်တဲ့အဆင့်ဟာ အမှုတခုရဲ့ နောက်ဆုံးဘိတ်မှာ အားလုံးကို နိဂုံးချုပ်ဖို့စစ်တာ။ နောက်ဆုံးဘိတ်စစ်တာကတော့ အမှုစစ်အရာရှိ ရဲမှူးတင်မောင်ဆွေပေါ့။ အဲဒီမှာ သက်သေ ၄ ဦးကျန်နေတာရှိတယ်။ အဲဒီ ၄ ဦးထဲမှာ တဦးကတော့ သေဆုံးသွားပြီ။ နောက် ၃ ယောက်က လတ်တလောမှာ ရှာမတွေ့ဘူး။ သို့သော်လည်းပဲ အဲဒီသက်သေကို မတွေ့တွေ့အောင်ရှာဖို့ လိုသလား၊ မလိုသလားဆိုတာကတော့ ဥပဒေအရာရှိနဲ့တိုင်ပင်ပြီး ဆရာတို့ စဉ်းစားနေတဲ့ အဆင့်ပဲရှိတယ်။ ဆရာ့အနေနဲ့ ပြောမယ်ဆိုရင်တော့ မှုခင်းရဲတပ်ဖွဲ့ (CID) က အမှုစစ်အရာရှိက ဒီအမှုကို ပြင်ဆင်ပြီးတော့ တရားရုံးကို တင်သွင်းလာတဲ့အတွက်ကြောင့် ဒီအမှုတခုလုံးကို ခြုံငုံပြီးတော့ ကောက်ချက်ဆွဲလို့ရနိုင်တဲ့ သက်သေကို အဓိက စစ်မေးတဲ့အဆင့်ကိုရောက်နေပါပြီ။ လာမယ့်ရုံးချိန်း ဇန်န၀ါရီ ၂၅၊ ၂၆ မှာ စစ်ပါမယ်။


လက်ရှိအမှုအခြေအနေက ဘယ်အဆင့်ကို ရောက်နေပါပြီလဲ။


ရာဇ၀တ်မှုတွေရှိတဲ့ လုပ်ထုံးလုပ်နည်းအရ ပြောရမယ်ဆိုရင် တရားလိုဘက်ကနေပြီးတော့ မိမိတို့ရဲ့စစ်ဆေးချက်ကို ပိတ်သိမ်းတဲ့အခါမှာ အမှုကို စွဲချက်တင်သင့်၊ မတင်သင့်ဆိုတဲ့အဆင့်ကို ရောက်လာတယ်။ အဲဒီအဆင့်ရောက်လာရင် စွဲချက်တင်တဲ့အခါ ဘယ်လို ပုဒ်မမျိုးတွေနဲ့ စွဲချက်တင်မလဲဆိုတဲ့ဟာက အရေးပါလာတယ်။ အဓိကလေးတွေပြောမယ်ဆိုရင်တော့ ရဲစွဲချက်ကို အခြေခံပြီးတော့ အခုက အမှုကိုစစ်ဆေးနေတယ်။ ဒါပြီးရင် တရားရုံးစွဲချက်ဆိုတာ လာဦးမယ်။ တရားရုံးစွဲချက်လာပြီးရင် ဒီစွဲချက်ကို မကျေနပ်လို့ အထက်တရားရုံးတက်တာလည်း ရှိနိုင်တယ်။ နောက်တခါ စစ်ဆေးပြီးသား သက်သေတွေထဲက ဘယ်သက်သေကို ပြန်စစ်ဆေးမယ်ဆိုတာလည်း ရှိနိုင်တယ်။ အဲဒီလို စစ်ဆေးပြီးတဲ့အခါကျလို့ရှိရင် တရားခံကို စစ်ဆေးမယ်။ ပြီးရင် တရားခံပြ သက်သေတွေကို စစ်ဆေးမယ်။ အခု အနေအထားကတော့ အမှုက တ၀က်လောက်ရောက်ပြီလို့ ပြောနိုင်ပါတယ်။


ဒီအမှုကို စစ်ဆေးနေဆဲကာလမှာ ထူးခြားတဲ့ တွေ့ရှိချက်တွေရှိရင်လည်း သိချင်ပါတယ်။


အဓိကအားဖြင့်ကတော့ အခု ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်နဲ့ အောင်ဝင်းဇော်တို့ဟာ ဦးကိုနီကို လုပ်ကြံဖို့အတွက် စတင်ကြံစည်ကြတဲ့ ညီအစ်ကိုအရင်းတွေ ဖြစ်တယ်။ အောင်ဝင်းခိုင်ကတော့ တပ်မတော်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့တယ်။ အောင်ဝင်းဇော်ကတော့ ဗိုလ်ကြီးအဆင့်နဲ့ ပြစ်ဒဏ်ကျခံပြီးတော့ ထွက်ခဲ့ရတယ်။ အောင်ဝင်းဇော်နဲ့ ကြည်လင်း (ခ) ဖိုးထူးတို့ဟာ ဘုတလင် တရားရုံးမှာ ဘုရားဌာပနာဖောက်မှုနဲ့ တယောက်ကို ထောင်ဒဏ် ၂၇ နှစ်စီ ကျခံခဲ့ရတယ်။ ပြစ်ဒဏ်ချမှတ်တဲ့အချိန်က ၂၀၀၃ ခုနှစ်ပေါ့။ ၂၀၁၄ မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်အဆင့်ဆင့်နဲ့ လွတ်မြောက်လာတဲ့သူ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အောင်ဝင်းဇော်နဲ့ ကြည်လင်း (ခ)ဖိုးထူးတို့ဟာ တဦးနဲ့တဦး တော်တော်လေးကို နီးနီးစပ်စပ်နဲ့ ပြစ်မှုတခုကို အတူတူကျူးလွန်ပြီး ပြစ်ဒဏ် အတူတူကျခံခဲ့တဲ့သူတွေဖြစ်တယ်ဆိုတဲ့ ဆက်စပ်မှုကတော့ရတယ်။ အောင်ဝင်းခိုင်နဲ့ အောင်ဝင်းဇော်တို့ကတော့ ညီအစ်ကိုတွေ ဖြစ်ကြတယ်။ ဒီလုပ်ငန်းကို လုပ်ကြံဖို့အတွက် စတင်ကြံစည်တယ်ဆိုတဲ့ အချက်ကတော့ အမှုထဲမှာ ပေါ်ပေါက်တယ်။ နောက်တခါ ဇေယျာဖြိုးကိစ္စ၊ ဇေယျာဖြိုးဟာ ဒီအမှုကိစ္စမှာ ငွေကြေးအဓိကထောက်ပံ့တာတွေ ရှိတယ်။ ဇေယျာဖြိုးတို့မှာ ရောင်နီဖြိုးကုမ္ပဏီရယ်၊ ZYP ကုမ္ပဏီရယ်၊ အခြား ကုမ္ပဏီတွေရှိကြတယ်။ လိုအပ်တဲ့အချိန်မှာ အကြမ်း ဖက်မှုတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်အောင် စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ပဲ ယူဆရတယ်။ ဆိုလိုတဲ့ သဘောက သူတို့အကြမ်းဖက်ကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ ငွေလိုမယ်။ ငွေလိုတဲ့အတွက်ကြောင့် ဒီစီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ထားကြတယ်။ အောင် ၀င်းခိုင်ဆိုလို့ရှိရင် ရောင်နီဖြိုးကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ။ ဒီအချက်ကိုလည်း သွားတွေ့ရတယ်။ ငွေ ကြေးထောက်ပံ့မှုနဲ့ပတ်သက်လို့ကတော့ ဇေယျာဖြိုးက ဆောင်ရွက်တယ်။ အစိုးရနဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေလည်း သူတို့ တော်တော်များများ လုပ်တယ်။ အထူးသဖြင့် ရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းကို တော်တော်များများလုပ်တယ်။ အဲဒီကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေအားလုံးဟာ အကြမ်း ဖက်လုပ်ငန်းတွေလုပ်ဖို့အတွက် တည်ထောင်ထားတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ်လို့ ဆရာ့အနေနဲ့ တွေ့ရှိရ တယ်။ နောက်တချက်က ဒီအမှုက တနှစ်ပြည့်တော့မယ်ဆိုပေမဲ့ တရားရုံးကနေ အောင်ဝင်းခိုင် ဖမ်းဆီးရမိ ရေးအတွက် ကြိုးပမ်းတဲ့ကာလမှာ နှစ်လလောက် အချိန်ကြန့်ကြာမှုဖြစ်ခဲ့တယ်။ ဒါပေမဲ့ တပတ်တခါ ပျက်ကွက်မှုမရှိအောင် စစ်ဆေးနေတာကိုကြည့်ရင် ဒီအမှုဟာ ကြန့်ကြာနေတယ်လို့ မပြောနိုင်ဘူး။ သက် သေခံဥပဒေ ပြင်ဆင်ချက်အရ ဗီဒီယိုဖိုင်တွေ အားလုံးကိုအသုံးပြုပြီး စစ်ဆေးတယ်။ ဒါက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ပဲ။ ဒီဗီဒီယိုဖိုင်တွေပေါ်မှာ အောင်ဝင်းဇော်ရယ်၊ ကြည်လင်းရယ်၊ အောင်ဝင်းခိုင်ရယ် ဆက် စပ်မှုတွေအားလုံးဟာ ဒီဗီဒီယိုဖိုင်တွေမှာ ပေါ်တယ်။ ဒါတွေအားလုံးဟာ သူတို့တွေ မဟုတ်ပါဘူးလို့ မငြင်း ဆိုနိုင်ဘူး။ လုပ်ကြံမှုဖြစ်ခါနီး တယောက်နဲ့တယောက် ဖုန်းဆက်ခဲ့တာတွေလည်း တွေ့ရတယ်။ ကြည်လင်းရဲ့ လုပ်ကြံသတ်ဖြတ်မှုမှာ အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင် ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတာ ပေါ်ပေါက်တယ်။ ဒါက ကွင်းဆက်မပြတ်တဲ့ သက်သေခံချက်တွေအရ ဒီအမှုထဲမှာ ဒီလိုပေါ်ပေါက်နေပါတယ်။


ဒီအမှုမှာ တရားသူကြီးပြောင်းသွားတာက အမှုအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်ပါသလဲ။


တရားသူကြီး ဦးဇော်ထူးက ရာထူးတိုးပြီး ပြောင်းသွားတယ်။ နောက်တယောက် ရောက်လာတာ။ အခု အမှုက တရားသူကြီး ၃ ယောက် ခုံရုံးဖွဲ့ပြီးစစ်တာ။ တယောက်ထဲစစ်တာဆိုရင်တော့ ရှေ့က စစ်ခဲ့တဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ သက်သေတွေရဲ့ အသံတွေ၊ အမူအရာတွေ အစရှိတာတွေအားလုံး တယောက်ထဲစစ်တာဆိုရင် အဆင်ပြေမှာမဟုတ်ဘူး။ အခုက ၃ ယောက်စစ်တာဆိုတော့ တယောက်အ ပြောင်းအလဲဖြစ်ရုံမျှနဲ့ လက်ရှိ ခုံရုံးဖွဲ့ပြီး စစ်ဆေးတဲ့ တရားစီရင်ရေးကို ဘာမှထိခိုက်မှုရှိမှာ မဟုတ်ဘူး။ ဒီအချက်ကို အခြေခံပြီးတော့ အသစ်ပြန်လည်စစ်ဆေးပေးပါလို့ တရားခံဘက်က မတောင်းဆိုသလို ဆရာတို့ ဘက်ကလည်း မတောင်းဆိုဘူး။ ဒီလိုအခြေအနေကို ကြည့်ခြင်းအားဖြင့် ဒီတရားစီရင်ရေးဟာ ပုံမှန်အနေ အထားအတိုင်းပဲရှိနေတယ်။ တရားသူကြီးတယောက် ပြောင်းရုံနဲ့ လက်ရှိတရားစီရင်ရေးကို ထိခိုက်နိုင်စရာ မရှိပါဘူး။


လက်ရှိအချိန်အထိ အဓိကတရားခံတဦးဖြစ်တဲ့ အောင်ဝင်းခိုင်က လွတ်မြောက်နေဆဲဖြစ်တယ်။ အောင်ဝင်းခိုင်ကို ဖမ်းမမိသေးတဲ့အတွက် အမှုတည်ဆောက်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။


အမှုကို စတင်တည်ဆောက်ကတည်းက အမှုမှာ အားနည်းချက်တွေရှိတယ်လို့ ယူဆတယ်။ သို့သော်လည်း ဒီအမှုကို ခိုင်မာအောင်ကြိုးစားပြီး တည်ဆောက်နိုင်ခဲ့တာ အရာထင်တယ်လို့ ပြောရမယ်။ ဥပမာ- ကွင်းဆက်မပြတ်တဲ့ သက်သေတွေ၊ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို စုစည်းနိုင်ခဲ့တယ်။ အောင်ဝင်းခိုင်ကို ဖမ်းမမိတဲ့အတွက်ကြောင့် အမှုမှာတော့ အားနည်းချက်မရှိနိုင်ဘူး။ သို့သော်လည်းပဲ အောင်ဝင်းခိုင်ကို ဖမ်းမိခြင်းအားဖြင့် သူ့ကို ဘယ်သူက စေခိုင်းတယ်ဆိုတဲ့အချက်ကို သိနိုင်မယ်။ ဒီအချက် ကိုက ကွင်းဆက်ပြတ်နေတယ်။ ဒါပေမဲ့ အမှုမှာတော့ ထိခိုက်မှု မရှိပါဘူး။


ရဲတပ်ဖွဲ့ရဲ့ တရားခံတွေအပေါ် လုံခြုံရေးရယူ မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ဆရာ ဘာပြောချင်ပါသလဲ။


အရင်ဆုံးပြောချင်တာက တရားရုံးရဲ့ အနေအထားပဲ။ တရားရုံးက အရမ်းကျဉ်းတယ်။ နောက်တခါ  အားလုံးကို အလုံပိတ်ပြီးတော့ အဲယားကွန်းမရှိတဲ့ နေရာမှာ ပန်ကာဖွင့်ပြီး အမှုစစ်ရတဲ့ဒုက္ခ။ ၀တ်ရုံတွေဝတ်ထားရတယ်။ လူတွေကလည်း များတယ်။ အဲဒီ ဒုက္ခပေါ့။ အဲဒီအချိန်မှာ ရဲတပ်ဖွဲ့ကတော့ အနီးကပ်စောင့်ရှောက်မှုကိစ္စကို အကြိမ်ကြိမ်အခါခါ ပြောတဲ့အခါကျတော့ အနီးကပ်စောင့်ရှောက်မှုတွေက ရှိလာပါပြီ။ တရားခံဘက်က ဇေယျာဖြိုးရဲ့ မိန်းမနဲ့ ရဲတွေနဲ့ကတော့ ရင်းနှီးလွန်းအားကြီးတယ်။ ဆရာ့ရှေ့မှာ ဖြစ်တဲ့အဖြစ်အပျက်တခုဆိုရင် စာမျက်နှာ ၁၀ မျက်နှာလောက်ရှိတဲ့ စာရိုက်ထားတဲ့စာရွက်ကို လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စတခု တွေ့တယ်။ ပြီးတဲ့အခါကျတော့ တရားသူကြီးရဲ့ ရုံးခန်းထဲကို သွားတဲ့အခါကျတော့ ရဲအရာရှိနဲ့ ဆရာနဲ့ ဒီကိစ္စကို တရားသူကြီးရှေ့မှာ သွားရောက်ပြီး ရှင်းလင်းတဲ့အခါမှာ အဲဒီအမျိုးသမီးက ရဲဆီက စာရွက်ကို ပြန်တောင်းတယ်။ ရဲကလည်း ဒီဟာကို ဆွဲဖြဲမယ့်ပုံစံမျိုးလုပ်တယ်။ သူဘာမှ မဆိုင်ဘဲနဲ့ လက်မှတ်ထိုးခိုင်းလို့ ထိုးပေးရတာပေါ့။ အဲလို ဖြစ်တယ်ပေါ့နော်။ သူတို့က ဦးရောဘတ်စန်းအောင် ပြောသလို ရဲတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ပဲ ဆရာ့အနေနဲ့ အဲဒီအတိုင်းပဲ ထပ်ပြောချင်ပါတယ်။ အပြင် လုံခြုံရေးနဲ့ပတ်သက်လို့ သေဒဏ်ကျနိုင်တဲ့ ပုဒ်မနဲ့ စွဲချက်တင်တဲ့အဆင့်ရောက်လာပြီဆိုရင် သူတို့ရဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့လိုတယ်။ အခုသူတို့ကို ရဲက ပစ်ကတ်ကားနဲ့ ရုံးထုတ်တယ်။ ရဲတွေရော တရားခံ တွေရော ဒီပစ်ကတ်ကားနဲ့ လာတယ်။ ပြန်တယ်။ အန္တရာယ်များပါတယ်။ ရဲအချုပ်ကားနဲ့သယ်ပြီး လုံခြုံရေးအပြည့်ပေးရမယ်။ တရားရုံးအဆင့်က ဒီထက်လုံခြုံတဲ့နေရာမှာ ဒီအမှုမျိုးကို စစ်ဆေးသင့်တယ်။


ဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြောပေးပါ ဆရာ။


ဒီအမှုနဲ့ပတ်သက်ပြီးတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့်ရတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အမှုတည်ဆောက်တဲ့နေရာမှာ အားနည်းတဲ့အတွက်ကြောင့် တော်တော်ခက်ခက်ခဲခဲ ဒီအမှုကို ဆောင်ရွက် နေရတယ်လို့လည်း မှတ်ချက်ပေးချင်ပါတယ်။ ဒီအဆင့်မှာတော့ ဆရာတို့အနေနဲ့ ဒီအမှုဟာ ပြည့်စုံစွာ စစ်ဆေးချက်များ ရရှိခဲ့တယ်လို့လည်း ယူဆပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီအမှုကို အာရုံစိုက်မှု လျော့မသွားကြပါနဲ့လို့ မေတ္တာရပ်ခံလိုပါတယ်။


အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


နှင်းမောင်ဦး