၈၈၈၈ ဆိုတာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ခဲ့တဲ့ ပြည်သူလူထုတရပ်လုံးနဲ့ ဆိုင်ပါတယ်

ဦးလှရွှေ ( ၁၉၆၂ကျောင်းသားခေါင်းဆောင်)


၈၈ မျိုးဆက် အချို့ပါဝင်ဖွဲ့စည်းတည်ထောင်ထားသော ပါတီသစ်တခုက ရှစ်လေးလုံးပါတီဟု အမည်ပေး ဖွဲ့စည်းလိုက်သည့်အပေါ် တနိုင်ငံလုံး၊ တမျိုးသားလုံးနှင့် သက်ဆိုင်သောအရေးကိစ္စတခုကို ပါတီတခု၏ အကျိုးစီးပွားအတွက် မဖြစ်သင့်ကြောင်းနှင့် ရှစ်လေးလုံး နိုင်ငံရေးပုံရိပ်တခုကို ပါတီတခုက ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်သည်ဟု ရှုမြင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများမြင့်တက်ခဲ့သည်။ ယင်းသို့ ရှစ်လေးလုံးပါတီဟု အမည်ပေးဖွဲ့စည်းလိုက်သည့်အပေါ်တွင် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့၏ အမြင်သဘောထားကို ဖော်ပြပေးလိုက်ပါသည်။


ဦးလှရွှေ ( ၁၉၆၂ကျောင်းသားခေါင်းဆောင်)


ပါတီနာမည်ကို ကျယ်ကျယ်ဝန်းဝန်းနဲ့ ရှည်ရှည်ဝေးဝေး စဉ်းစားပြီးတော့ရွေးရင် ပိုကောင်းတာပေါ့။ ဒါမှ မဟုတ်ရင် တယောက်နဲ့တယောက် ပြောစရာတွေ ဖြစ်နေတာပေါ့။ တော်တော်များများကတော့ အထူးသဖြင့် လူငယ်တွေက ဒီလိုလုပ်တာ သိပ်မကြိုက်ကြဘူး။ ၈၈ ရဲ့ နိုင်ငံရေးပုံရိပ်ကို အသုံးချတယ်လို့ ယူဆကြတယ်။ အန်ကယ်သဘောကတော့ နိုင်ငံရေးပါတီထူထောင်တာပဲ။ ပါတီနာမည်တွေ ပေါလွန်လွန်းလို့။ လွတ်လွတ်လပ်လပ်လုပ်ရင် ပိုကောင်းတာပေါ့။ လွတ်လွတ်လပ်လပ် နာမည်တခုရွေးလိုက်ရင် တယောက်နဲ့ တယောက် ပြောစရာမဖြစ်တော့ဘူးပေါ့။ တကယ်တမ်းပြောရမယ်ဆိုရင် သူတို့ကလည်း လုပ်တာ ကိုင်တာ မဟုတ်သလို ဒီဘက်ကလည်း sensitive ဖြစ်တာပေါ့။ သူတို့ကလည်း ရှစ်လေးလုံးနိုင်ငံရေးပုံရိပ်ကို သူတို့လုပ်ခဲ့ သလို အကျိုးသက်ရောက်စေတဲ့ ဒီစကားလုံးမျိုးကိုသုံးတာတော့ မသင့်တော်ဘူးပေါ့။ အမှန်တကယ်ကတော့ နာမည်တွေအများကြီးရှိပါတယ်။ သီးခြားလွတ်လပ်တဲ့ နာမည်တခုဆိုရင် ဒီပြဿနာမပေါ်တော့ဘူးပေါ့။ အခုတော့ လုပ်တဲ့ဘက်ကလည်းလုပ်တယ်။ ဝေဖန်တဲ့ဘက်ကလည်း ဝေဖန်တော့မှာပေါ့။

မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး)

မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး)


သူတို့ကလည်း နှစ်နဲ့ချီပြီးတော့ အစည်းအဝေးတွေလုပ်ပြီး ဆုံးဖြတ်ကြတာကိုး။ ဆုံးဖြတ်ပြီးတော့ လုပ်ကြတာဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုတော့ ပြန်ပြီးတော့ မဝေဖန်ချင်ပါဘူး။ ဒီကိစ္စက သူတို့လုပ်တဲ့ကိစ္စ သူတို့ပဲ တာဝန်ယူကြရမှာပါ။ သူတို့ကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံပြီး လုပ်နိုင်ရင်ပြီးတာပါပဲ။ ဝေဖန်တာတွေ ကတော့ အမျိုးမျိုးပါပဲ။ ဝေဖန်တဲ့သူတွေကိုလည်း အပြစ်မပြောချင်ပါဘူး။ သူတို့ရဲ့ခံစားချက်ကိုး။ နာမည်ပေးတဲ့ သူ၊ လုပ်တဲ့သူတွေကလည်း သူတို့ယုံကြည်ချက်နဲ့ အမည်မှည့်ခဲ့ကြတာကိုး။ ဒီမိုကရေစီမှာကတော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လေ။ ကိုယ့်ရဲ့လွတ်လပ်ခွင့်ဟာ ကိုယ့်ရဲ့တာဝန်သိစိတ်နဲ့ ဘယ်လောက်ကန့်သတ်နိုင်မလဲဆိုတာ ကြည့်ရမှာပါ။

ဆရာထင်လင်းဦး (ဆောင်းပါးရှင်)

 ဆရာထင်လင်းဦး (ဆောင်းပါးရှင်)


ပါတီအမည်ကိစ္စကတော့ ပြောစရာရှိတာပေါ့။ ပါတီထောင်တဲ့ကိစ္စကတော့ ပြောစရာမရှိပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံဆိုတာက သမိုင်းမှာမှတ်တမ်းဝင်သွားပြီးပြီလေ။ လူမသိသူမသိ မဟုတ်ဘူး။ ၈ ရက် ၈ လ ၈၈ မှာ စခဲ့တဲ့  ရှစ်လေးလုံးအရေးတော်ပုံကြီးက MCC ခန်းမမှာ  ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားတောင် ကျင်းပပြီးပြီလေ။ ရှစ်လေးလုံး ၂၅ နှစ်မြောက်ဆိုပြီး အခမ်းအနားတွေ တခမ်းတနားကျင်းပခဲ့ကြပြီးပြီ။ ဆိုတော့ တနိုင်ငံကလည်း သိသွားပြီ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ရှစ်လေးလုံးဆိုတာသမိုင်းမှာ မော်ကွန်းထိုးလိုက်တာပဲလေ။ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်သောဆိုတဲ့ နာမ၀ိသေနနဲ့ သမိုင်းမှာ မော်ကွန်းထိုးလိုက်တဲ့ နေ့တနေ့ကိုတော့ ယူမသုံးသင့်ဘူး။ ကိုယ်တိုင်ပါဝင်ခဲ့လို့ဆိုတာတော့ ပြောလို့မရဘူး။ အဲဒီအထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူတွေက အများကြီးပဲ။ သေဆုံးခဲ့တဲ့သူတွေလည်း အများကြီးပဲ။ ထောင်ကျ သွားခဲ့တဲ့သူတွေလည်း အများကြီးပဲ။ ရှစ်လေးလုံးဆိုတဲ့အရာကြီးအောင်မြင်ဖို့အတွက်က ဂက်စ်မီးဖိုလို အပေါက်တပေါက်တည်းကထွက်ပြီး လောင်ကျွမ်းကြတာ မဟုတ်ဘူး။ ရှစ်လေးလုံးဖြစ်ဖို့အတွက် မီးဖိုတဖိုနဲ့ အတူပဲ ထင်းချောင်းပေါင်းများစွာ အလောင်ခံခဲ့ရတာ။ အဲဒါကို နားလည်ဖို့လိုတယ်။ ဘာဖြစ်လဲ တို့ဘာသာ သုံးတာ သုံးလို့ရတာပဲ။ တို့နဲ့လည်းဆိုင်လို့ သုံးတာပဲဆိုရင်တော့ မြန်မာဘီယာလို ဖြစ်လိမ့်မယ်။ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့။ တနိုင်ငံသားလုံးနဲ့ သက်ဆိုင်တဲ့ အမိမြန်မာနိုင်ငံတော်ရဲ့ အမည်က ဘီယာပုလင်းပေါ်ရောက် သွားတဲ့အခါကျတော့ ကိုယ့်နိုင်ငံအကြောင်း ကိုယ်အော်ချင်ရင်တောင် ဘီယာပုလင်းကြီး မျက်စိထဲပြေးမြင်ပြီး တော့ အဆင်မပြေလှဘူး။


နောက်တချက်က ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတာ တနိုင်ငံလုံးက ရဟန်းရှင်လူ ကျောင်းသား အကုန်ပါခဲ့တာလေ။ သေနတ်ကိုင်နိုင်တဲ့သူမှ ဖက်ဆစ်ကို တော်လှန်ခဲ့တာ မဟုတ်ဘူးလေ။ တနိုင်ငံလုံးက အုန်းအုန်းကျွက်ကျွက်တော်လှန်ခဲ့တာ။ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့ပေါ့။ အဲဒါကြီးကို နောက်ပိုင်း တပ်မတော် အစိုးရအာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ တပ်မတော်နေ့လို့ ပြောင်းလိုက်ရော တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးစရိုက်လက္ခဏာက မှေးမှိန်သွားတယ်ပေါ့။ အဲလို တော်လှန်ရေးနေ့ကို တပ်မတော် နေ့လို့ အမည်ပြောင်းခံခဲ့ရတုန်းက ၀မ်းပန်းတနည်း ဒေါသတကြီးဖြစ်ခဲ့ရတဲ့ လူတွေဟာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ဒီ ၈ လေးလုံး အရေးတော်ပုံကြီးကို နိုင်ငံရေးပါတီတခုက နာမည်အဖြစ် ယူသုံးလိုက်တဲ့ ခံစားချက်မျိုးနဲ့ နှိုင်းယှဉ်ပြီး ခံစားကြည့်ကြပါ။

ဦးထွန်းကြည် (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်)

 ဦးထွန်းကြည် (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်)


ရှစ်လေးလုံးဆိုတာက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ခဲ့တဲ့ ပြည်သူလူထုတရပ်လုံးနဲ့ ဆိုင်တယ်ပေါ့။ အဲတော့ နာမည်အပ်ါမှာလည်း အမှီအခိုကင်းစေချင်တယ်။ တာထွက်မှာ အမှီအခိုကင်းကင်းနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်စေချင်တယ်။ အခုကျတော့ အစတာထွက်ကတည်းက အမှီအခိုမကင်းခဲ့တဲ့အခါကျတော့ အဲဒီအပေါ်မှာ ဝေဖန်တာတွေ၊ ပြစ်တင်တာတွေ၊ လက်ညှိုးထိုးတာတွေဖြစ်လာတာပေါ့။ ပြည်သူလူထုတွေကိုေ၀၀ါးသွားတဲ့ ပုံစံမျိုးတွေစိတ်ရှုပ်ထွေးဖွယ်ရာ အဖြစ်အပျက်တွေကိုလည်း ဆက်ပြီးတော့ မကြုံစေချင်ဘူး။ ဒီဘက်မှာ NLD ရှိနေတယ်။ နောက်ပါတီတခုက ထပ်ထွက်လာတယ်။ ဒီမိုကရေစံနှုန်းအရ နိုင်ငံရေးပါတီတရပ် ထွက်လာတာ မကန့်ကွက်ဘူး။ အဓိက ပြောချင် တာက နာမည်အပေါ်မှာ စ တာထွက်ကတည်းက ပြောစရာဖြစ်လာတယ်။ အမှီအခို မကင်းဘူးပေါ့။


ဒီတိုင်းပြည်မှာ အာဏာကိုလက်လွှတ်လိုက်ရတဲ့ ပုဂ္ဂိုလ်တွေက ဒီအချိန်မှာ အာဏာရရှိရေးအတွက်ကို သူတို့ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေပေါက်မြောက်အောင်  ကြိုးစားနေတဲ့အချိန်မှာ တကယ့် တကယ် ၂၀၂၀ ကို ဖြတ်သန်းတော့မယ်ဆိုရင် ပြည်သူလူထုရဲ့ အမြင်တွေ၊ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ရှုပ်ထွေးမှုတွေ မဖြစ်ချင်ဘူး။ ရွေးချယ်တဲ့အခါမှာ ခက်ခဲမှုတွေကို မဖြစ်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ မဲကွဲသွားနိုင်မယ့် အခြေအနေတွေရှိတယ်။ မဲကွဲသွားရင် ဘယ်သူတွေ အလေးသာသွားမလဲ။ ဘယ် သူတွေ အတွက်ကို အဲဒီမဲတွေရောက်သွားမလဲဆိုတာ ပါတီထောင်တဲ့သူတွေလည်း သိတယ်။ အစ်ကိုတို့လည်း သိတယ်။ အားလုံးသိတယ်။ နောက်ပြီးတော့ နာမည်ကို အမှီအခိုကင်းကင်းနဲ့ လုပ်စေချင်တယ်။ နာမည်ကိုတောင် အမှီအခိုမကင်းဘူးဆိုရင် ဒီထက်ကြီးမားတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် ပြည်တွင်းငြိမ်းချမ်းရေးအတွက်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဒီမိုကရက် တစ်ဖက်ဒရယ်ပေါ်ပေါက်ရေးတို့မှာ အနှောင့်အသွား၊ အဟန့်အတားတွေ ဖြစ်ပေါ်လာစရာအကြောင်းရှိတယ်။ နောက် ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဖြတ်သန်းရမှာဖြစ်တဲ့အတွက်၊ အကောင်အထည်ဖော်ရမှာဖြစ်တဲ့အတွက် အကန့်အသတ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် ကိစ္စတွေအပေါ်မှာ ဘာတွေပြင်ဆင်ထားသလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ အကန့်အသတ်တွေနဲ့ သွားရမှာဖြစ်တဲ့အတွက် မျှော်မှန်းထားသလောက်ကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးလို့ မြင်ပါတယ်။


လင်းလင်းအောင်  - ဆက်သွယ်မေးမြန်းသည်