“မမှန်မကန်ဥပဒေတွေကြောင့် ကျွန်တော်တို့နိုင်ငံမှာ တရားစီရင်ရေးရော အုပ်ချုပ်ရေးရော တိုးတက်သင့်သလောက် မတိုးတက်တာပါ”

မကွေးတိုင်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိချုပ် ဦးဆန်းလင်းနှင့်တွေ့ဆုံခြင်း


နိုင်ငံတနိုင်ငံမှာ ဥပဒေက အလွန်အရေးပါပါတယ်။ ထို့အတူပင် ဥပဒေကို စောင့်ရှောက်ထိန်းကျောင်းပေးရတဲ့ ဥပဒေ၀န်ထမ်းတွေကလည်း  အရေးကြီးပါတယ်။ ခိုင်မာတဲ့ဥပဒေတွေ သက်ဝင်လှုပ်ရှားနေဖို့ဆိုရင် ဥပဒေ ၀န်ထမ်းတွေ ကိုယ်ခံအားကောင်းဖို့ လိုပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မှာပါ။ လက်ရှိမှာ ဥပဒေ ၀န်ထမ်းတွေ ဘယ်လိုအခြေအနေမျိုးနဲ့ သွားနေပါသလဲ။ ကိုယ်ခံအားကောင်းကောင်းနဲ့ ဥပဒေတွေကို ဘယ်လိုစောင့်ရှောက်ပေးနေပါသလဲ။ ထိုအကြောင်းအရာများနဲ့ပတ်သက်လို့ တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ပါတယ်။


မေး။ ။ ဥပဒေ၀န်ထမ်းတွေ ရတဲ့လစာတ၀က်က အိမ်လခဖြစ်နေလို့ စားမလောက်တော့ လာဘ် စားတာမဖြစ်နိုင်ဘူးလား ဆရာရဲ့သဘောထား အမြင်ကို ပြောပြပါခင်ဗျ။


ဖြေ။ ။ ပြောရရင်တော့ လာဘ်မစားပါနဲ့လို့ဘဲ ပြောရမှာပဲ။ ၀န်ထမ်းတွေလည်း လောက်လောက်ငှငှတော့ ရသင့်ပါတယ်။ ၀န်ထမ်းအိမ်ရာတွေရောပေါ့။ စားမလောက်လို့ဆိုတာထက် ကောင်းကောင်းဝတ်ချင်လို့ ကောင်းကောင်းနေချင်လို့ ကောင်းကောင်းစားချင်လို့ လုပ်တယ်ဆိုတာက အဲဒါတွေကမကောင်းဘူး။ စားမလောက်လို့ လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆို တာကတော့ ပြောရတာခက်တာပေါ့။ လာဘ်စားတာ ပြင်းပြင်း၊ မပြင်းပြင်း၊ နည်းနည်း၊ များများ လာဘ်ပေးလာဘ်ယူတယ်လို့ တိုင်တယ်ဆိုရင်တောင် ကျွန်တော်တို့ အရေးယူတာ မဟုတ်ပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ပေါ့။ အဲဒီကိုပို့ရတယ်။ ကျွန်တော်တို့ တိုက်ရိုက်မပို့ပါဘူး။ အစိုးရအဖွဲ့ရှိသေးတယ်။ တိုင်တာက အစိုးရအဖွဲ့ကို တိုင်တာများပါတယ်။ ပြည် ထောင်စုရှေ့နေချုပ်ဆီ တိုက်ရိုက်တိုင်ပါတယ်။ ကျွန်တော်တို့ ဥပဒေချုပ်ရုံးကို တိုင်တာနည်းပါတယ်။ ပြည် ထောင်စုရှေ့နေချုပ်ရုံးက စစ်ပါဆိုရင် ကျွန်တော်တို့ စစ်မယ်။ တွေ့ရှိချက်ကို ပြည်ထောင်စုရှေ့နေချုပ်ဆီ ပြန်ပို့တယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း တိုက်ရိုက်အရေးယူလို့ မရဘူး။ သက်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း စစ်ဆေးတွေ့ရှိတဲ့ အစီရင်ခံစာကို အလွယ်တကူ လက်ခံပြီး လုပ်ပေးတာမရှိပါဘူး။ အဲဒီကော်မရှင်ကထပ် စစ်ဆေးပြီးတော့ သူတို့က တရားစွဲသင့်တယ်ထင်လို့ တရားစွဲတာပါ။ တရားစွဲတဲ့အတိုင်းအတာမှာလည်း နောက်ပိုင်း လွတ်ချင်လည်းလွတ်မယ်။ ထောင်ကျချင်လည်း ကျမယ်ပေါ့။ ဒါတွေက မပြောနိုင်ဘူး။ ပြောချင် တာက များမှနည်းမှ စားလောက်လို့တော့ မဟုတ် ဘူးလေ။ ၀န်ထမ်းအိမ်ရာကတော့ ကျွန်တော်တို့ လုပ်နေပါပြီ။ ပေါက်မြို့မှာ ဥပဒေရုံးနဲ့ ၀န်ထမ်းအိမ်ရာတွေ ဖွင့်လှစ်လွှဲပြောင်းပေးခဲ့ပြီးပါပြီ။ အခုဒီမှာလည်း လုပ်နေပါတယ်။


မေး။ ။ သက်သေခံခိုင်ခိုင်မာမာမရှိဘဲ ရှေ့နေက အမှုစဉ်ရေးပေးလို့ ပြစ်မှုကြောင်းအရ တရားရုံးမှာ စွဲတင်ခံနေရတွေ ရှိနေပါတယ်။ အဲဒီလိုသာဆို ပြည်သူတွေနစ်နာမနေဘူးလား။ အဲဒါဥပဒေရုံးတွေက သေချာစိစစ်မှုတွေ မလုပ်သင့်ဘူးလား။


ဖြေ။ ။ မမှန်မကန် စွဲတင်လာရင်တော့ စွပ်စွဲခံရသူမှာ ထိခိုက်နစ်နာတာတွေ ရှိနိုင်ပါတယ်။ ရဲအရေး ပိုင်တဲ့အမှုတွေဆိုရင်တော့ ကျွန်တော်တို့ ဥပဒေရုံးနဲ့ ဆိုင်တာပေါ့။ ရဲအရေးမပိုင်တဲ့အမှုဆိုရင်တော့ သက် ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီနဲ့ တရားရုံးကို ဦးတိုက်လျှောက်ရတာရှိတာပေါ့။ ကျွန်တော်တို့ဖက် ရောက်လာရင်တော့ စွဲသင့်တဲ့အမှုကိုတော့ စွဲဖို့၊ မစွဲ သင့်တဲ့အမှုကိုတော့ မစွဲဖို့ ကျွန်တော်တို့စိစစ်အကြံပေး နေပါတယ်။ အမှုတွဲတွေက များလွန်းလို့ အိမ်အထိတောင်ယူပြီးစစ်ဆေးပေးနေပါတယ်။ ဒါ့အပြင် အစိုးရရဲ့ စာချုပ်စာတမ်းတွေ၊ MoU တွေလည်း လုပ်နေရလို့ ကွင်းဆင်းတာတောင် သိပ်မလုပ်နိုင်ဘူး။


မေး။ ။ ဥပဒေတွေ တိတိကျကျရှိပါလျက် လိုရာစွဲတရားစွဲဆိုမှုတွေ ပြင်ဆင်ချက်တွေ ရှိနေလို့ နိုင်ငံရဲ့ တည်ဆဲဥပဒေတွေဟာ ပြည်သူအတွက် ကြောက်စရာဘီလူးတကောင်လိုများ ဖြစ်မနေဘူးလား။


ဖြေ။ ။ ဖြစ်တာပေါ့။ ဥပဒေကို ကိုင်တွယ်ကျင့်သုံးတဲ့သူအပေါ်မှာ မူတည်ပါတယ်။ မှန်မှန်ကန်ကန် ကိုင်တွယ် ကျင့်သုံးမယ် ဆိုရင်တော့ ပြည်သူမနစ်နာဘူးပေါ့။ မမှန်မကန်ကိုင်တွယ်ကျင့်သုံးတယ်ဆိုရင်တော့ ပြည်သူနစ်နာမှာပေါ့။ သဘောရိုးနဲ့ မှားယွင်း တာလည်းဖြစ်နိုင်သလို အဂတိတရားတပါးပါးကြောင့် လည်း မှားယွင်းတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါကျတော့ ပဏာမအားဖြင့် ဖြေရှင်းသူဖက်က မှန်တယ်ဆိုတော့ အဆင့်ဆင့်မှာ သက်သာခွင့်ရနိုင်သလိုရချင်မှလည်း ရနိုင်မယ်။ ဥပဒေကို ကိုင်တွယ် ကျင့်သုံးတဲ့ သူတွေပေါ်မှာလည်း မူတည်ပါတယ်။ မမှန်မကန်လုပ်တယ်ဆိုတော့ ပြည်သူက ဖော်ထုတ်ဖို့ လိုပါတယ်။ အဲဒီမှာလည်း ပြောချင်တာက တိုင်စာတွေများနေတာရော သိသလား။ တိုင်တော့ တိုင်ပါ၊ ဒါပေမဲ့ မလိုအပ်ဘဲ တိုင်တဲ့အခါကျတော့ တိုင်စာရေးပေးတဲ့ သူတွေ၊ တိုင်စာထုတ်လုပ်တဲ့ ကွန်ပျူတာဆိုင်တွေပဲ ချမ်းသာမှာပေါ့။ တိုင်စာဆိုတာ တခမ်းတနားကြီးလေ။ တိုင်စာရေးပေးခက သောင်းဂဏန်းပေးရမယ်ပေါ့။ ပြည်သူတွေမှာ အဲဒါလည်း စဉ်းစားဖို့လိုပါတယ်။


မေး။ ။ မကွေးတိုင်းမှာ တရားရုံးနဲ့ လယ်ယာမြေစီမံခန့်ခွဲကော်မတီအဆင့်ဆင့် ရုံးနှစ်ရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ပြည်သူတွေ အများကြီးရှိပါတယ်။ ပြစ်မှုကြောင်းအရလည်း ရှိပါတယ်။ တရားရေးမဏ္ဍိုင်တည့်မတ်ဖို့ ဘယ်လိုပြောချင်ပါသလဲ။


ဖြေ။ ။ အမှုတွေ ဘာလို့မမှန်မကန်ဖြစ်တာလဲ ဆိုတော့ ထောင်ဒဏ်များရမယ့်ဟာကို နည်းနေတယ်။ ထောင်ကျရမယ့်ဟာ လွတ်နေတယ်။ အဲဒါတွေရဲ့အဓိကအကြောင်းရင်းကတော့ လာဘ်ပေးလာဘ်ယူမှု ကြောင့်ပဲ။ ဗမာလူမျိုးတွေက ညံ့တဲ့သူက ခပ်ရှားရှားပဲ။ လာဘ် ပေးလာဘ်ယူသာမရှိရင် အဲကိစ္စတွေ များပါ့ မလား။ ဥပဒေရုံးတွေနဲ့တင် တရားရုံးတွေနဲ့တင်မရဘူး။ အခုက လူတွေက အလုပ်လုပ်တာတွေကော။ စည်း ကမ်းပိုင်းတွေကော တအားအားနည်းနေတယ်။ ကျွန်တော်လည်း တတ်နိုင်သမျှ မှန်မှန်ကန်ကန်လုပ်ဖို့ လာဘ်ပေးလာဘ်ယူကင်းဖို့ ပြောတော့ပြောနေပါပဲ။ အစိုးရအနေနဲ့တော့ ပြောစရာမလိုပါဘူး။ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့က ကင်းကင်းရှင်းရှင်းနေကြတာပါ။ ကိုယ့်ဝန်ထမ်းငယ်တွေ အကြောင်းကြောင်းကြောင့် အဂတိလိုက်စားမှုရှိကောင်းရှိနိုင်ကြပါတယ်။ ရှိခဲ့ရင်လည်း လျော့ကျဖို့ ဖျောက်ကြဖို့ ဒီလိုပြောရတာပဲ။ စားဝတ်နေရေးပြေလည်ပေမဲ့ ကျကျနနခမ်းခမ်းနားနားနေချင်လို့ လုပ်တဲ့သူတွေရှိမယ်။ အမျိုးမျိုးပေါ့ ဒီဥာဉ်းဆိုးတွေ ဖျောက်ရင်တော့ ကောင်းတာပေါ့။ ဒီဥာဉ်တွေမဖျောက်ရင်တော့ ဒီလာဘ်ပေးလာဘ်ယူမှုက မြန်မာနိုင်ငံရဲ့တရားစီရင်ရေး မမှန်မကန်ဖြစ်တာ။ လာဘ်ပေးလာဘ်ယူဖြစ်တာ ဇာတ်မျောနေဦးမှာပဲ။ ပြည်သူတွေရဲ့ပါဝင်မှုပေါ့။ ပြည်သူတွေက လာဘ်မပေးမှ ၀န်ထမ်းတွေကလည်း လျှော့မှ အဲဒါတွေ ခြုံပြော လိုက်ရင်တော့ လူတွေက ဒီလောက်မညံ့ကြပါဘူး။ တရားသူကြီးလည်း မညံ့ဘူး။ ဥပဒေအရာရှိလည်း မညံ့ဘူး။ ရဲလည်းမညံ့ပါဘူး။ တရားရုံးမှာ အမှုတွေ ကြာနေတာဟာ ပြည်သူတွေလည်း ပင်ပန်းတယ်။ ဥပဒေရုံးတွေလည်း ပင်ပန်းပါတယ်။ ပြစ်ဒဏ်များများ ပေးသင့်တဲ့သူကိုပေးလိုက်ပါ။ လွှတ်သင့်တဲ့လူကို လွှတ်လိုက်ပေါ့။ ပြစ်ဒဏ်များများပေးရမှာကို ပြစ်ဒဏ်နည်းနည်းပေးလိုက်ရင် တရားစီရင်ရေးက ကြာတာပေါ့။ လာဘ်ပေးလာဘ်ယူမှုတွေရှိနေလို့ပါ။ လာဘ်ပေးပြီးမတရားသဖြင့် ယှဉ်ပြိုင်မယ်ဆိုရင်တော့ တရားစီရင်ရေးက ကြန့်ကြာမယ် အမှန်တရားကို အဖြေထုတ်ဖို့လည်း အလှမ်းဝေးတယ်ပေါ့။


မေး။ ။ ဆရာ့အနေနဲ့ပြောချင်တာရှိရင် ဖြည့်စွက်ပြောပေးပါခင်ဗျ။


ဖြေ။ ။ ကျွန်တော်တို့နိုင်ငံမှာ မမှန်မကန်ဥပဒေတွေ ထွန်းကားနေတယ်။ အဲဒီမမှန်မကန်ဥပဒေတွေကြောင့် နိုင်ငံမှာ တရားစီရင်ရေးရော။ အုပ်ချုပ်ရေးရော တိုးတက်သင့်သလောက် မတိုးတက်တာဘဲ။ ကျွန်တော့်အမြင်အရတော့ လူတွေတော်တော်များများရဲ့စိတ်ဓာတ်တွေက ပျက်ပြားနေတယ်။ အဲဒီထဲမှာ ကိုယ်မပါဖို့ဘဲ အဓိကကျပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က အတုယူစရာ ဗိုလ်ချုပ်အောင်ဆန်းရှိသလို အခုလည်း ဒေါ်အောင်ဆန်းစုကြည်ရှိပါတယ်။ သူတို့ ပြောစကားတွေဟာ အတုယူစရာ ပြုပြင်စရာတွေပါ။


တွေ့ဆုံမေးမြန်းသူ-စောကျော်ဝင်း