ဇာတ်ကားရိုက်ခကြေးနည်းလို့ကတော့ မလာနဲ့ ဆိုနမ်းကာပူးတဲ့ ဘာမှတ်လို့လဲ


ဘောလီးဝုဒ်က နာမည်ကျော်မင်းသမီး ဆိုနမ်းကာပူးဆိုတာ တန်ရာတန်ကြေးနဲ့ အလုပ်လုပ်တဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတလက် ဖြစ်ပါတယ်။ မကြာသေးမီက သူဟာ ရုပ်ရှင်ထုတ် လုပ်သူတွေက အလွန်နည်းပါးတဲ့ သရုပ်ဆောင်ကြေးပေးလို့ ရုပ်ရှင်ကားတကားကို လက်မခံဘဲ ငြင်းလိုက်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်။


ရုပ်ရှင်ထုတ်လုပ်တဲ့သူတွေရဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်တဲ့ဇာတ်ကားက မအောင်မြင်ခဲ့တဲ့အတွက် သူတို့ဆီမှာ ငွေကြေးအလုံအလောက်မရှိတော့ဘူးလို့ မင်းသမီး ဆိုနမ်းက ပြောပြတယ်။ ဆိုနမ်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလကတည်းက ဘောလီးဝုဒ်ရဲ့ ထိပ်တန်းမင်းသမီးတလက် ဖြစ်လာတဲ့အတွက် သူ့အနေနဲ့ ဒီလိုကြေးနဲ့ မထိုက်တန်ဘူးလို့ ပြောပါတယ်။


''မကြာသေးမီက ကျွန်မကို ဇာတ်ကားတကား လာကမ်းလှမ်းတယ်။ ကျွန်မကလည်း ဒီကားကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ ပေးမယ့်ကြေးက ချေးပေကြေးပဲ။ ဒါနဲ့ ကျွန်မက ဖုန်း ပြန်ဆက်လိုက်တယ်။ ဒါဟာ မလေးမစားလုပ်တဲ့သဘောပဲလို့။ သူတို့လည်း တုန်လှုပ်သွားကြတယ်။ ရုပ်ရှင်လောကမှာ ဆယ်နှစ်လောက်နေလာခဲ့ပြီးတဲ့ ကျွန်မကို ဒီလိုအဆင့်မျိုးထားရသလား။ လွန်ခဲ့တဲ့တနှစ်က အမြတ်အစွန်းတွေရခဲ့တဲ့ Neerja ဇာတ်ကားရိုက်ပေးခဲ့တဲ့ ကျွန်မလို မင်းသမီးကို ဒီလိုကြေးနည်းနည်းနဲ့ ပေးငှားဖို့ဆုံးဖြတ်ရသလားလို့ ကျွန်မက သူတို့ကို ပြောလိုက်တယ်လို့ ဆိုနမ်းကာပူးက အင်ဒီယန်းအိတ်စ်ပရက်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

 


သို့သော်လည်း ဘောလီးဝုဒ်ရုပ်ရှင်လောကမှာ ပြိုင်ဆိုင်မှုတွေက ပြင်းထန်နေတယ်။ တချို့မင်းသမီးတွေက နာမည်ကြီးအောင်မြင်တဲ့ မင်းသီးတွေဖြစ်လို့ အနုပညာကြေးကို ထိုက်ထိုက်တန်တန်ရမှ ဇာတ်ကားရိုက်တယ်၊ မရရင် မရိုက်ဘူး။ ဒါပေမဲ့လည်း တချို့မင်းသမီးတွေကတော့ ကြေးနည်းနည်းရလည်း ရိုက်ရရင်ပြီးရောဆိုပြီး ဇာတ်ကားတွေ လက်ခံရိုက်ကူးလေ့ရှိပါတယ်။ ဒီလိုမျိုးတွေရှိနေတဲ့အတွက် မင်းသမီးဆိုနမ်းကာပူးက အိန္ဒိယရုပ်ရှင်လောကမှာ မင်းသမီးတွေ၊ သရုပ်ဆောင်တွေ တန်းတူရည်တူ အခကြေးငွေရရှိရေးအတွက် သူမရဲ့ တိုက်ပွဲဝင်လှုပ်ရှားမှုဟာ အတားအဆီးတွေ ဖြစ်နေပါတယ်လို့ ပြောတယ်။


 ဆိုနမ်းကာပူးဟာ မကြာမီ ဇန်န၀ါရီလ၂၆ ရက်မှာ စတင်ပြသတော့မယ့် Padman  ဇာတ်ကားထဲမှာ အက်ရှ် လေကူးမားနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်။


တေဇာဝင်း


Ref ; Indian Expres