သမားရိုးကျ စိတ်ကူးတွေထဲကဖောက်ထွက်ချင်လို့ Original Gangster ဖန်တီးခဲ့တယ်ဆိုတဲ့ ယုန်လေး


“Original Gangster 2” ရုံတင်ပြီးနောက်ပိုင်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ တော်တော်လေးတော့ ရေပန်းစား လှုပ်ခတ်ခဲ့ပါတယ်။ မြင့်မြတ်၊ ယုန်လေး၊ ခင်လှိုင်နဲ့ထူးခြားတို့ရဲ့ သရုပ်ဆောင်ချက်တွေကို တမူဆန်းလို့ တချို့သော ရုပ်ရှင်ကြည့်ပရိသတ်တွေက ကျေနပ်နိုင်ကြပေမဲ့ တချို့တချို့သော ပရိသတ်တွေကတော့ မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်နေကြလို့ လူငယ်တွေ အတုခိုးမှားမှာကို စိုးရိမ်တယ်လို့လည်း ဝေဖန်သံတွေကြားသိရပါတယ်။ ဒါနဲ့ပတ်သက်လို့ Original Gangster ရဲ့ မူလ ဇာတ်လမ်းဇာတ်ညွှန်းသရုပ်ဆောင် ယုန်လေးရဲ့အမြင်ကို မေးကြည့်တော့-


''အစ်မ ပြောသလိုပါပဲ။ ဝေဖန်မှုတွေကတော့ ရှိပါတယ်။ အပြုသဘောလည်း ဆောင်သလို ဘာလုပ်လုပ် ဝေဖန် မယ်ဆိုတဲ့ လူတွေကလည်း ဒုနဲ့ဒေးဆိုသလိုပေါ့ဗျာ။ ကျွန်တော်ကတော့ ပရိသတ်ကို လုပ်ပြချင်တယ်။ ကျွန်တော်လုပ်နိုင်တာကို အမြတ်အစွန်းမကြည့်ဘဲ လုပ်ပြတာပါ။ ပုံမှန်သမားရိုးကျထဲက ခွဲထွက်ပြချင်တဲ့စိတ်နဲ့ ဖန်တီးတာပါ။ တကယ်တမ်း အပြင်မှာလည်း တကယ့်လူမိုက်တွေ၊ ဇိုးတွေဆိုတာ ရှိနေတာပဲလေ။ အားပေးတဲ့ သဘောမျိုး မဟုတ်ဘူးဗျ။ ကျွန်တော်က ပုံမှန်ချစ်ကြိုက်ကွဲညားဆိုတာမျိုးကို မလုပ်ချင်ဘူး။ ဒါပါပဲ။ အပြုသဘောနဲ့ ဝေဖန်ကြတဲ့အပေါ် ထောက်ပြပြင်ဆင်ပေးကြတဲ့အပေါ် ကျွန်တော်တို့ကလည်း ကျေးဇူးတင်တယ်။ ပြန်ပြင်ဆင်ဖို့လည်း အမြဲကြိုးစားပါ့မယ်။ အသားလွတ်ဝေဖန်တာတွေကိုတော့ လျစ်လျူရှုထားတယ်ဗျာ''လို့ ယုန်လေးက သူ့ရဲ့သဘောထားနဲ့ ရည်ရွယ်ချက်တွေကို ပြောပါတယ်။


''လတ်တလောမှာ ကျွန်တော်တို့ Original Gangster 3 ကို ဆက်တိုက်ရိုက်ကူးနေတာ။ ၃ ရက်စာလောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့ကားတိုက်တာတွေ၊ ကားမှောက်တာတွေကို ထပ်ဖြည့်ရိုက်မယ်၊ ပိုပြီး ပီပြင်အောင် လုပ်နေတယ်။ ပြီးရင် Original Gangster သီချင်းခွေထွက်ဖို့ ပြင်ဆင်နေတယ်။ ထုံးစံအတိုင်း ကျွန်တော်တို့ ဆိုနေကျပုံစံမျိုးလေးပဲ လုပ်ထားတယ်။ သီချင်းကတော့ ၁၂ ပုဒ်လောက်အထိပါလိမ့်မယ်။ D ဖြိုး၊ ဝေလျှံ၊ ကျွန်တော်နဲ့ တခြားနာမည်ရပြီးသား ပရိသတ် အားပေးမှုရပြီးသား အဆိုတော်တွေပါမယ်လို့''သူ့ရဲ့အနုပညာနဲ့ ပတ်သက်ပြီး လက်တို့ပါသေးတယ်။


''ပရိသတ်တွေက 2 ကို အရမ်းပဲ အားပေးကြတာတွေ့ခဲ့ရတယ်။ ကျွန်တော့်ကိုတွေ့ရင် ငရဲလို့ အော်ခေါ်ကြတယ်။ ဇာတ်ကားထဲက Plot တွေ ''အပျင်းပြေ လူလာသတ်တာ''ဆိုပြီး နှုတ်ဆက်ပြတယ်။ ဒါတွေက ကျွန်တော်တို့အတွက် ခွန်အားတွေပါ။ ကျွန်တော်နဲ့ မြင့်မြတ်တို့ ဒီကားကို ပရိုဂျူဆာအနေနဲ့ ထုတ်ရိုက်တာ။ မင်းသားလုပ်ချင်းလွန်းလို့ ထုတ်ပေးမယ့်လူမရှိလို့ မဟုတ်ဘူးဗျ။''


''နောက်ထပ် 3,4 ကိုလည်း အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ စိတ်ကူးရှိတယ်။ ပရိသတ်တွေကြည့်ပြီး ဟင်ခနဲ၊ ဟာခနဲဖြစ်သွားစေရမယ်ဗျာ။ သမားရိုးကျထဲက ခွဲထွက်နိုင်အောင် အမြဲတမ်း ဂရုစိုက်တယ်။ ဒါကျွန်တော့်ရဲ့ ပရိသတ်တွေအပေါ်ထားနိုင်တဲ့ စေတနာပါပဲ''လို့ ဆိုပါတယ်။


အဖြူရောင်