ကြိုးစားသလောက် ချပြခွင့်ရှိလာမှာပါလို့ဆိုလိုက်တဲ့ ခင်အင်ကြင်းကျော်


ခုတလော မဂ္ဂဇင်းကာဗာတွေ၊ အလှကုန်ကြော်ငြာတွေနဲ့ အခြားလူသုံးကုန်ပစ္စည်း ကြော်ငြာတွေမှာ အောင်မြင်ကျော်ကြားလာသူ တယောက်ကတော့ Miss Tourism Queen of the Year International Myanmar 2016 ဆုရှင် အလှမယ် ခင်အင်ကြင်းကျော်ပဲ ဖြစ်ပါတယ်။ သူမက အရပ်အမောင်းကောင်းတယ်။ အသားအရေ ကြည်လင်တယ်။ စကားပြောသွက်လက်ပြီး ချိုသာတယ်။ သူမရဲ့အောင်မြင်မှုတွေက Style Plus H အေဂျင်စီက စတင်ခဲ့တယ်။ Style Plus H ရဲ့ဦးဆောင်သူ မလှနုထွန်းကလည်း သူမတို့လို မြန်မာအလှမယ်တွေကို ကမ္ဘာက သိအောင် မြေတောင်မြှောက်ပေးနေတယ်။ တခုတည်းသောအေးဂျင့်ပါ။ ခင်အင်ကြင်းကျော်ဟာ ၂၀၁၆ ခုနှစ်မှာ တော့ ဟောင်ကောင်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သူမကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံအပါအ ၀င် နိုင်ငံပေါင်း ၅၀ ကျော်က အလှမယ်တွေနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ Miss တယောက် လိုက်နာရမယ့် စည်းမျဉ်းတွေ က ခက်ခဲလှပါတယ်။


 


 

ဒီအခက်အခဲတွေကို အန်တုရင်ဆိုင်ရင်း ဖြတ်ကျော်ပြီး ယှဉ်ပြိုင်လာသူပါ။ သူမက ခုဆိုရင် မော်ဒယ် လောကမှာ နာမည်တလုံးနဲ့ ရပ်တည်နိုင်နေပါပြီ။ ပြီးခဲ့တဲ့ ၂ လလောက်ကတော့ ခင်အင်ကြင်းကျော်တယောက် ဘန်ကောက်ကို သွားရောက်ပြီး ရုပ်ရှင်ကားကြီး သွားရောက်ရိုက်ကူးတယ်လို့ သိရပါတယ်။


 


ဇာတ်ကားရဲ့ နာမည်က 'ချိန်ခွင်' တဲ့။ ဒါရိုက်တာက 'စတီးလ်'ဖြစ်ပါတယ်။ ဒီဇာတ်ကား ဇာတ်ဆောင် တွေ ဖြစ်ကြတဲ့ ပူပူနွေးနွေးအကယ်ဒမီဆုရှင် ထွန်းထွန်း၊ ထွန်းကိုကို၊ အေးမြတ်သူတို့နဲ့အတူ ခင်အင်ကြင်းကျော် တယောက်လည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးခွင့်ရလို့ သူမက ''အရမ်းပဲ ရင်ခုန်ပျော်ရွှင်မိပါတယ်။ Miss တယောက်၊ မော်ဒယ်တယောက်ဘ၀ကနေ သရုပ်ဆောင်ဘ၀ကိုရောက်တော့ Miss တယောက်ဘ၀ ပိုပြီးခက်ခဲတာကို တွေ့ခဲ့တယ်။ အင်ကြင်းအတွက် သရုပ်ဆောင်ဝမ်းစာ မပြည့်သေးလို့ အများကြီးကြိုးစားပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှု မရှိခဲ့ပါဘူး။ ဘယ်ပညာဖြစ်ဖြစ် ၀မ်းစာပြည့်မှ သာ ကိုယ့်အတွက် ကြိုးစားသလောက် ချပြခွင့်ရှိလာမှာပါလို့'' ဆိုပါတယ်။


 


ချစ်ခွန်းချို