စွန့်စားခန်းမင်းသမီး ယဉ်လက်


မန်မာ့ရုပ်ရှင်ဗီဒီယိုကားတွေမှာ စွန့်စားခန်းတွေရိုက်လျှင် ကိုယ်တိုင်သရုပ်မဆောင်ဘဲ လူစားထိုးတတ်ကြပါတယ်။ ကိုယ်တိုင်အနာမခံကြပါဘူး။ အန္တရာယ်လည်း များမယ်။ ကိုယ်ခန္ဓာနာကျင်မှာကို လည်း စိုးရိမ်ရတယ်မဟုတ်ပါလား။ အဲဒီလို လူစားထိုးသရုပ်ဆောင်တာဟာ မင်းသားတွေအတွက် သရုပ်ဆောင်ကြပါတယ်။


ယခင်ကစွန့်စားခန်းတွေဆိုရင် မင်းသားတွေသာများပေမဲ့ ယနေ့ခေတ်မှာတော့ ထူးထူးခြားခြား မင်းသမီးတလက် ပေါ်ထွက်လို့လာပါတယ်။ သူမရဲ့နာမည်က ယဉ်လက်တဲ့။



ယဉ်လက်ဆိုတော့ ထိုင်းက နိုင်ငံရေးခေါင်းဆောင်အမျိုးသမီးယဉ်လတ်နဲ့ နာမည်ချင်းတူပါတယ်။ ဒါပေမဲ့ သူ့နာမည်က လတ်မဟုတ်ဘဲ ယဉ်လက်လို့ သိရပါတယ်။ ယဉ်လက်က 'စနေမ'ဆိုတဲ့ ဗီဒီယိုကားမှာ အစဦးဆုံး သရုပ်ဆောင်ပါတယ်။ အဲဒီတုန်းက သူမအသက် (၁၆၊ ၁၇)နှစ်ပဲ ရှိပါသေးတယ်။ သူမက အခုလို စွန့်စားခန်း တွေ ရိုက်နိုင်တာကတော့ သူမဟာ တိုက်ကွမ်ဒိုကစားသူဖြစ်တယ်။ ရေကူးတယ်၊ မြင်းစီးတယ်။ လှုပ်လှုပ်ရှားရှား အက်ရှင်ကားတွေမှာ သရုပ်ဆောင်ရတဲ့ပညာမှန်သမျှကို လေ့လာထားတယ်။ သူမကိုယ်တိုင်ကလည်း အဲဒါမျိုးဝါသနာပါပါတယ်။


'စနေမ'၊ ဒါရိုက်တာဝိုင်းရဲ့'အချိန်တိုင်း နေရာတိုင်း'၊ မင်းသားထွန်းထွန်းနဲ့ သရုပ်ဆောင်တဲ့ '၃၇၉'ဆိုတဲ့ ဇာတ်ကားတွေမှာ ပရိသတ်အတော်များများ သဘောကျကြတာ သိရပါတယ်။


သူမဟာ အက်ရှင်ကားတွေ လူစားမထိုးဘဲ ရိုက်တဲ့အတွက် မီးလောင်ဒဏ်ရာ ရဖူးတယ်။ ဆိုင်ကယ် မှောက်ဖူးတယ်၊ မြင်းခြေနင်းကွင်းပြတ်ထွက်သွားတာတွေ ရှိဖူးတယ်။ ယဉ်လက်ရဲ့ ထူးခြားတဲ့အခြား ၀ါသနာ တခုကတော့ ပန်းချီဆွဲတာပါ။ သူမဟာ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ ပထမနှစ်ဂုဏ်ထူး တန်းဝင်တဲ့အထိ ဖြေဆိုနိုင်သူ ဖြစ်ပါတယ်။ ယခုတော့ အင်္ဂလိပ်စာအဝေးသင် တက်နေပါတယ်။ ပန်းချီကို အခရိုင်းလစ်၊ ရေဆေးပန်းချီ တော်တော်များများဆွဲဖြစ်ကြောင်း သိရပါတယ်။


အခုလို ထူးထူးခြားခြားအက်ရှင်ကား၊ စွန့်စားခန်းတွေ သရုပ်ဆောင်တဲ့ ယဉ်လက်ဟာတကယ်တော့ သရုပ်ဆောင်ဘ၀မှာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ချင်ပါတယ်တဲ့။ အက်ရှင်ရော၊ ဒရာမာရော၊ ဇာတ်လမ်းစုံစုံကို သရုပ်ဆောင်ချင်တယ်လို့ ပြောပါတယ်။


ဟိုယခင်ခေတ်က မီးပုံးပျံစီးရင်း ရုပ်ရှင်ရိုက်ခဲ့တဲ့ မီးပုံးပျံဦးကျော်ရင် ရှိခဲ့ပါတယ်။ ပြီးတော့ ရုပ်ရှင်မှာ လူစားမထိုးဘဲ ဖိုက်တင်တွေ၊ စွန့်စားခန်းတွေကိုရိုက်ခဲ့တဲ့ မင်းသားတွေ ရှိခဲ့ပါတယ်။ ယခုတော့ စွန့်စားခန်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်တဲ့ ယဉ်လက်ဆိုတဲ့ မင်းသမီးတလက် ထွက်ပေါ်လာပါတယ်။


စွန့်စားခန်းရိုက်ရင်း ပရိသတ်ကြိုက်လာတဲ့ ယဉ်လက်ဟာ တခြားသောဒရာမာကား၊ Romance ကားတွေလည်းရိုက်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဒါမှ သရုပ်ဆောင်တယောက်အဖြစ် တဖက် တည်းမဟုတ်ဘဲ ဘက်ပေါင်းစုံမှ တော်လာတတ်လာမယ့် မင်းသမီးတလက်ဖြစ်လာမှာပါ။


အခုတော့ စွန့်စားခန်းတွေနဲ့ လမိုင်းကပ်နေတဲ့ ယဉ်လက်ကို ဆက်လက်အား ပေးကြပါစို့လို့ ရေးသားလိုက်ရပါတယ်။


NW