သေနတ်ကိုမုန်းတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး


ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုကြောင့် နာမည်ကျော်ကြားလူသိများခဲ့သည့် ဟောလီးဝုဒ်မင်းသားကြီးရော်ဂျာမိုးသည် အသက် (၈၉)နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။ ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲများ များစွာရှိသည့်အနက် ရော်ဂျာမိုးသည် ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲ ခုနစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုကြောင့် ဂျိမ်းစ်ဘွန်း သက်တမ်းအရှည်ဆုံးသော မင်းသားကြီးဖြစ်သည်။


ရော်ဂျာမိုးကို ၁၉၂၇ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် လန်ဒန်တောင်ပိုင်း စတော့ဝဲလ်၌ မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ ရဲအရာရှိတဦးဖြစ်သည်။ အသက် (၁၅)နှစ်တွင် ရော်ဂျာမိုးသည် အနုပညာကောလိပ်သို့ တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် မိုးသည် အင်နီမေးရှင်းစတူဒီယိုတခု၌ အလုပ်သင်အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ သို့သော်လည်း ၎င်းကို အရည်အချင်းမရှိဟုဆိုကာ အလုပ်မှ ထုတ်ပယ်ခဲ့သည်။
ကံကောင်းသည်ဟုဆိုရပေမည်။ ရော်ဂျာမိုး၏ဖခင်သည် စုံစမ်းထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး ဖြစ်နေပြီး ရုပ်ရှင်ဒါရိုက်တာ ဘရီယန်ဒက်စ်မွန်ဟတ်(ဇ်)၏အိမ်ကို ဓားပြတိုက်လုယက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တာဝန် ပေးခံရသည်။ ဖခင်ဖြစ်သူက ရော်ဂျာမိုးကို ရုပ်ရှင်ဒါရိုက်တာ ဘရီယန်နှင့်မိတ်ဆက်ပေးခဲ့ပြီး ဒါရိုက်တာဘရီယန်က ရော်ဂျာမိုးကိုဆီဇာနှင့် ကလီယိုပါထရာဇာတ်ကားတွင် ဇာတ်ပို့အရန် မင်းသားအဖြစ် ထည့်သွင်းရိုက်ကူးခဲ့သည်။



ယင်းနောက် ဒါရိုက်တာ ဘရီယန်က ရော်ဂျာမိုးအား လန်ဒန်ရှိ Royal Aca-damy of Dramatic Art တွင် ပညာ သင်ကြားနိုင်ရန်ထောက်ပံ့ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် သူ၏ရုပ်ရည်သွင်ပြင်၊ ပြဇာတ်နှင့်ရုပ်မြင်သံကြားများတွင် သာမန်အခန်းမှ ပါဝင်သရုပ်ဆောင်မှုများကို MGM ရုပ်ရှင်ကုမ္ပဏီက သဘောကျခဲ့၍ ရော်ဂျာမိုးသည် အမေရိကန်သို့ ခရီးဆန့်ခဲ့ရသည်။


ရော်ဂျာမိုးသည် အသက်(၁၇)နှစ်အရွယ်က ကျောင်းနေဖက် Doorn Van Steyn ဆိုသည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့သော်လည်း ယနေ့အချိန်တွင်မူ သူ့ထက် အသက်(၁၂)နှစ်ကြီးသော အဆိုကျော်ဒေါ်ရသီစကွိုင်းရား ဆိုသူနှင့် ပေါင်းသင်းနေခဲ့သည်။ ရော်ဂျာမိုးသည် အမေရိကတွင် ပွဲဦးထွက် “The Last Time I Saw Paris” ဇာတ်ကားကို မင်းသမီးအယ်လီဇဘတ်တေလာနှင့် ရိုက်ကူးခဲ့သည်။ ရော်ဂျာမိုးသည် ၁၉၆၂ ခုနှစ်က The Saints ရုပ်သံစီးရီးဖြင့် နာမည်ကြီးခဲ့သည်။ သူ၏ ပထမဦးဆုံးဂျိမ်းစ်ဘွန်းဇာတ်ကားမှာ Live and Let Dia ဇာတ်ကားဖြစ်ပြီးနောက်ထပ် ဂျိမ်းစ်ဘွန်းဇာတ်ကားခြောက်ကား ဆက်လက်ရိုက်ကူးခဲ့ရသည်။ အသက် (၅၇) နှစ်အရွယ်တွင် A View to a Kill ဇာတ်ကားဖြင့် ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲကို အပြီးသတ်ရိုက်ကူးခဲ့သည်။


''တကယ်ပါ ကျွန်တော်ဟာ ဘွန်းရဲ့နေ့ရက်တွေအတွက် စိတ်မကောင်းဖြစ်ရတာတွေ မရှိပါဘူး။ ကျွန်တော် စိတ်မကောင်းဖြစ်မိတာကတော့ ယေဘုယျအားဖြင့် ဟီးရိုးတွေကို သူတို့လက်ထဲ လက်နက်ကိုင်ခိုင်းပြီး ပုံဖော်ထားတာပါပဲ။ အမှန်ပြောရရင် ကျွန်တော်ဟာ သေနတ်ကို အမြဲတမ်းမုန်းတီးပါတယ်''ဟု မင်းသားကြီးက ပြောခဲ့သည်။


ထွဋ်ဝင်းထွဋ်
Ref; BBC