ဗီဒီယိုကားတွေ ရှိနေစေချင်သေးတယ်ဆိုတဲ့ အေးမြတ်သူ


အေးမြတ်သူဟာ အကယ်ဒမီနဲ့ တေ့လွဲလွဲသွားတယ်လို့ဆိုရမယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရည်နဲ့ အရွယ် အားဖြင့် အလားအလာကောင်းနေဆဲ မင်းသမီး တလက်ပါ။ ဒါရိုက်တာကောင်း၊ ဇာတ်လမ်းကောင်းသာရမယ်ဆိုရင် အေးမြတ်သူမှာ မျှော်လင့်စရာတွေ အများကြီးရှိပါတယ်။


အေးမြတ်သူနဲ့ စကားခေတ္တပြောကြစဉ် သူမက မြန်မာရုပ်ရှင်လောကနဲ့ ဗီဒီယိုလောကအကြောင်း ပြောသွားပါတယ်။ အေးမြတ်သူက မန္တလေးသူတွေလို စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ''ကျွန်တော် ကျွန်တော်''လို့ ပြောတတ်ပါတယ်။



သူမကပြောတာကတော့ ''ကျွန်တော်ခရီးတွေ တော်တော်သွားဖြစ်ပါတယ်။ တချို့နယ်တွေမှာ ရုပ်ရှင်ရုံ မရှိပါဘူး။ မြို့နဲ့ဝေးတဲ့ သွားရေးလာရေးနည်းနည်းခက်ခဲတဲ့ ရွာတွေမှာ ရုပ်ရှင်ရုံမရှိဘူး။ ရုပ်ရှင်ကြည့်ဖို့အတွက် ဧရာဝတီမြစ်ကိုဖြတ်ပြီးလာဖို့ မလွယ်ဘူး။ ရုပ်ရှင်ရုံရှိခဲ့ရင်တောင် လာကြည့်ဖို့ မလွယ်သေးဘူး။ ကျွန်တော် ပရိသတ်နေရာကနေ၀င်ပြောရရင် ဗီဒီယိုကို ရှိစေချင်တယ်။ တနေ့တာပင်ပန်းနွမ်းနယ်မှုအတွက် လူတွေဟာ စိတ်အပန်းဖြေချင်ကြတယ်။ ဒါကြောင့် ဗီဒီယိုခွေလေးထိုးပြီး ကြည့်ချင်ကြတယ်။ အိုးမကွာ အိမ်မကွာမိသားစုနဲ့ ၀ိုင်းဖွဲ့ကြည့်ချင်ကြတယ်။ ရုပ်ရှင်ရုံကို သွားကြည့်စရာ မလိုဘူးပေါ့။ ဗီဒီယိုဆိုတာ နိုင်ငံတကာမှာမရှိပေမယ့် မြန်မာပြည်၊ မြန်မာပရိသတ်အနေနဲ့ကတော့ ရှိနေစေချင်သေးတယ်။ ကျွန်တော် ခရီးသွားတုန်းက ပရိသတ်တွေနဲ့တွေ့တော့ ''မအေးပွင့်ကြည့်ပြီးပြီလား''ဆိုပြီးမေးတော့ သူတို့ မအေးပွင့်ကို မသိကြဘူး။ ဂျက်မပဲသိတယ်။ ဂျက်မက DVD ခွေ ထွက်တာကိုး။ မအေးပွင့်ကားက DVD မှမထွက်တာ၊ အဲလိုကွာခြား တာတွေရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်ကတော့ ဗီဒီယိုဆိုတာလည်း ရှိနေစေချင်သေးတယ်လို့ပြောတာ''ဟု အေးမြတ်သူက ဗီဒီယိုနှင့်ပရိသတ် ဆက်နွှယ်မှုကို အကျိုးသင့် အကြောင်းသင့်ပြောပြခဲ့ပါသည်။


ထို့ကြောင့် နောင်တိုင်းပြည်တိုးတက်လာသည့်အခါ လူတွေလည်း စီးပွားရေးတွေ၊ ဖွံ့ဖြိုးပြီး စားဝတ်နေရေး အဆင်ပြေလာသည့်အခါ ရုပ်ရှင်သည် ပြန်လည်ဦးမော့လာပါလိမ့် မည်။ ဗီဒီယိုဆိုတာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မည်။