မောင်စိမ်းနီ-မင်းသစ်၊ မင်းသစ်-မောင်စိမ်းနီ


လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)၀န်းကျင်က စာပေလောကမှာ 'မောင်စိမ်းနီ-မင်းသစ်၊ မင်းသစ်- မောင်စိမ်းနီ'လို့ အများက တွဲခေါ်လေ့ရှိကြတဲ့ ကဗျာ ဆရာ၊ စာရေးဆရာနှစ်ယောက်ရှိပါတယ်။ စာပေ လောကမှာ ပရဟိတလုပ်ငန်းတွေ လုပ်လေ့ရှိကြလို့ပါ။


အဲဒီပရဟိတလုပ်ငန်းတွေ သက်ဆုံးတိုင် စူးစူးနစ်နစ်လုပ်သွားသူကတော့ မောင်စိမ်းနီပါ။ မင်းသစ်ကတော့ စာပေလောကမှာလည်း စွဲစွဲမြဲမြဲမနေတဲ့ ပြောက်ကျားစာရေးဆရာမို့ ပရဟိတလုပ်ငန်းတွေကို မောင်စိမ်းနီလောက် မလုပ်နိုင်ခဲ့ပါဘူး။ မကြာသေးခင်ကမှ ကွယ်လွန်ခဲ့တဲ့ မောင်စိမ်းနီကတော့ စာပေအထူး သဖြင့် ကဗျာနဲ့ ပတ်သက်လာရင် ဘ၀ပါပုံပေးထားခဲ့သူပါ။
မောင်စိမ်းနီနဲ့ မင်းသစ်ကို 'သူဌေးတရှဉ်း'လို့ အမည်တပ်ပေးသူကတော့ ဆရာဆင်ကြီး (ဆရာ ဆင်ဖြူကျွန်း အောင်သိန်း) ပါ။ တကယ်တော့ သူတို့ နှစ်ယောက်ဟာ သူဌေးတွေမဟုတ်ပါဘူး။ မောင်စိမ်းနီ က စည်ပင်က အရာရှိငယ်တယောက်၊ မင်းသစ်က ကျူရှင်ဆရာပါ။ ဒီတော့ တခြားစာပေလောကသား တွေနဲ့စာရင် နည်းနည်းသောင်သာပါတယ်။ အနူတောက လူချောတွေပေါ့။ ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ သာရေး၊ နေရေး၊ မိသားစုရေးကအစ ကူညီဖို့ ဘယ်တော့မှ လက်မနှေးခဲ့ကြပါဘူး။ မရှိရင် ရှိတာရှာကြံ ပေါင်နှံပြီးပေးပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က ကုန်သွားတာကို အစားပြန်ဖြည့်နိုင်တဲ့သူတွေကိုး။


ဒီလိုနဲ့ သူတို့ နှစ်ယောက်ကို သူဌေးတရှဉ်းလို့ စာပေလောက,က သတ်မှတ်ကြပါတယ်။ တကယ်တော့ မောင်စိမ်းနီရော၊ မင်းသစ်ပါ ကိုယ့်ဝမ်းနာကိုယ်သာသိကြတဲ့ ရွှေကျောင်းပြောင်ပြောင်ကြီးတွေပါ။ ဒါပေမဲ့ စာပေလောကသားတွေအတွက် (၂၄)နာရီ တံခါးဖွင့်ထားကြပါတယ်။ အချိန်မရွေး လာအိပ်၊ လာစား၊ လာနေနိုင်ကြပါတယ်။ မင်းသစ်ကတော့ သူ့ခြံကြီးကကျယ်တော့ အနုပညာသမားတွေအတွက် အမျိုး သားတဆောင်၊ အမျိုးသမီးတဆောင် ဆောက်ပေးထားပါတယ်။ နေရေး၊ စားရေးသာမက သောက်ရေးအထိ တာဝန်ယူပါတယ်။
မောင်စိမ်းနီရဲ့အိမ်မှာလည်း ဒီအတိုင်းပါပဲ။ ဒီတော့ တခိျု့စာသမားတွေက မောင်စိမ်းနီအိမ်မှာ သုံး-လေးလနေလိုက်၊ ပျင်းလာရင် မင်းသစ်ရဲ့ အဆောင်ပြောင်းလိုက်နဲ့ နေကြပါတယ်။
မင်းသစ်ရဲ့ အဆောင်ကြီးတွေကတော့ ၁၉၉၁ မှာ မင်းသစ်စီးပွားပျက်တော့ ဆိတ်သုဉ်းသွားခဲ့ပါတယ်။ ဒီတော့လည်း မောင်စိမ်းနီရဲ့အိမ်ကို စုပြုံရောက်ကုန်ကြတော့တာပါပဲ။
ဒါကတော့ မောင်စိမ်းနီနဲ့ မင်းသစ်ကို အတွင်း သိသောလူတယောက်ရဲ့ ပုံကြမ်းရေးနည်းနဲ့ ရေးပြတာပါ။ ဒါပေမဲ့ တယောက်တည်း ကျန်ရစ်ခဲ့တဲ့ မင်းသစ်လည်း လွမ်းချင်ပါသေးတယ်။


''မနေ့ညက ကိုစိမ်းနီဆုံးသွားပြီ'' ဆိုတဲ့ ကိုအောင်ဇင်မင်းအသံကို ဖုန်းထဲက ကြားလိုက်ရတာနဲ့ ရင်ထဲက တစုံတရာလွင့်စင်ပျောက်ဆုံးသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ကျန်းမာရေးမကောင်းပေမဲ့ လူတွဲခေါ်ပြီး သမက်လေးရဲ့ကားနဲ့ သူ့အိမ်ကိုသွားခဲ့ပါတယ်။
သူ့သားကြီးနဲ့သမီးကြီးက ကျွန်တော့်ကို ဖက်ငိုတော့ ကျွန်တော်လည်း မျက်ရည်မဆည်နိုင်တော့ပါဘူး။ သွားနှင့်တော့ ရဲဘော်ရေ။
သူ့ကို စတွေ့တော့ ထုံးစံအတိုင်း ၁၉၇၀ ခေတ်၊ မိုးဝေမဂ္ဂဇင်းမှာပါ။ မျက်နှာထားဆိုးဆိုးနဲ့ စကားနှစ်ခွန်း ပြောရင် တခွန်းက ဆဲတာပါ။ တွေ့တွေ့ချင်းစိတ်ကုန်သွားပါတယ်။


အဲဒီနေ့က ညနေစောင်းတော့ မိုးဝေကနေ ပုဇွန်တောင် သေတင်းကုပ်ကို ရွှေ့မယ်လုပ်ကြတော့ သူ့ဆီက အရက်ဖိုးတောင်းကြပါတယ်။ မောင်သင်းခိုင်နဲ့ မောင်လေးအောင်က သူ့အကျီ င်္အိတ်ထဲအထိ ဇွတ် နှိုက်ကြပါတယ်။ လိုအပ်သလောက် ပိုက်ဆံထုတ်ပေးပြီး ဆဲရင်းဆိုရင်း သူကျန်ရစ်ခဲ့ပါတယ်။ ကျွန်တော်က ကိုသင်းခိုင်ကို -
''ကိုစိမ်းနီရော မလိုက်ဘူးလားဗျ''လို့ မေးတော့ ကိုသင်းခိုင်ရဲ့အဖြေကြောင့် အံ့သြရသလို သူ့ကိုလည်း လေးစားသွားမိပါတယ်။
''မောင်စိမ်းနီက အရက်တို့၊ ဆေးလိပ်တို့ကို လက်ဖျားနဲ့တောင် မတို့ဘူးဗျ''တဲ့ ခင်ဗျာ။
ကျွန်တော်တို့အုပ်စုထဲမှာ အရက်သမားကြီးပုံ ပေါက်နေတာက ရုပ်ကြမ်းကြီးနဲ့သူ။
ဒါ့ကြောင့် ကိုနတ်(ဆရာနတ်နွယ်)က မကြာခဏ စ,လေ့ရှိပါတယ်။
''ကိုစိမ်းနီရယ်၊ ခင်ဗျားမသောက်လည်း ခင်ဗျားတို့အုပ်စုထဲမှာ ခင်ဗျားကိုပဲ အရက်သမားကြီးလို့ ထင်နေကြတာ။ မထူးပါဘူးဗျာ။ နာမည်ပျက်ပြီးသားပဲ။ သောက်သာ သောက်လိုက်ပါတော့''
ကိုနတ်ရဲ့စကားကိုကြားတော့ သူမဲ့ပြုံးလေးပြုံးနေပါတယ်။


အဲဒါဟာ မောင်စိမ်းနီရဲ့ ပင်ကိုယ်စရိုက်ပါပဲ။ မောင်စိမ်းနီနဲ့ ကျွန်တော့်ကို နှစ်ကိုယ့်တစိတ်လို ခွဲမရအောင် ချစ်ကြတဲ့ ရဲဘော်နှစ်ယောက်လို့ အများက သတ်မှတ်ကြပေမဲ့ နှစ်ယောက်သား ကျိတ်ပြီးရန်ဖြစ်ခဲ့ရတာတွေ အများကြီးပါ။
သင်္ကြန်နီးလာရင် သူ့ရဲ့သင်္ကြန်ပိုးက ထပါပြီ။ ရှိသမျှပုံအောပေါင်နှံပြီး သင်္ကြန်သံချပ်ကားထွက်လာပါတယ်။ နာမည်က 'လက်ခုပ်ထဲက ရေ'တဲ့ ခင်ဗျ။ ထောက်လှမ်းရေး နားကြားပြင်းကတ်လောက်တဲ့ နာမည်ပါပဲ။
သူတို့ရဲ့ 'လက်ခုပ်ထဲကရေ' သံချပ်ကားကြီး မဂိုလမ်း(ရွှေဘုံသာလမ်း)ရဲ့ စခန်းရှေ့ကိုရောက်တော့ တခါတည်း အဖမ်းခံရတော့တာပါပဲ။
မောင်စိမ်းနီနဲ့ မောင်လွမ်းစည်က ကျွန်တော်တို့ မပြောရပါကြောင်း၊ မဆိုရပါကြောင်း၊ ရဲစခန်းထဲမှာ ဖြေရှင်းနေချိန်မှာ သံချပ်ကားပေါ်မှာ အောင်ဇင်မင်းက ကဗျာတွေရွတ်လိုက်၊ ငြိမ်းချမ်းရေးသီချင်းတွေဆိုလိုက်နဲ့ ရှေ့ကဖုံး နောက်ကပေါ်တော့တာပါပဲ။
မောင်စိမ်းနီတို့က သူတို့ဟာ အကျဉ်းထောင်ဆိုတဲ့စကားလုံး မသုံးပါဘူးလို့ ရဲစခန်းမှာ ဗြောင်လိမ်နေတုန်း အောင်ဇင်မင်းရဲ့ ကဗျာရွတ်သံ၊ မိန့်ခွန်းခြွေသံကြီးက သံချပ်ကားပေါ်ကနေ ဟိန်းထွက်လာပါတယ်။
''ရဲဘော်တို့ အဖိနှိပ်ခံ ကမ္ဘာ့ပြည်သူတွေက အကျဉ်းထောင်၊ ရာပေါင်းများစွာကို ဖြတ်သန်းနေ ရချိန်မှာ''
ရဲအုပ်ကြီးရဲ့ မျက်နှာ ရဲခနဲဖြစ်သွားပါတယ်။
''ကဲ ဒီကောင်တွေကို ထွက်ခွင့်ပိတ်၊ ကားဘေးက ဆိုင်းဘုတ်တွေကို အမည်းသုတ်။ ပြီးရင် မင်းတို့မြန် မြန်သွားကြတော့''
တကယ်တော့ လူသားဆန်တဲ့ ပြည်သူနဲ့နီးတဲ့ ရဲတွေနဲ့ တွေ့လာလို့သာ၊ သူတို့သက်သာရာ ရတာပါ။ ထောက်လှမ်းရေးအစစ်နဲ့ ဆိုရင် ကိုယ့်လူတွေ စစ်ကြောရေးနဲ့ အင်းစိန်ထောင်တခုခုပါပဲ။


ဒါနဲ့ ငါးမရတော့လည်း ရေချိုးပြန်ကြတာပေါ့ ဆိုပြီး သံချပ်ကားကို ရေပက်ခံကားဘ၀ပြောင်းပြီး မြို့ လုံးပတ်လည်လှည့်ကြပါတယ်။ ကဗျာမရွတ်ရတော့ မောင်စိမ်းနီကလွဲလို့ တကားလုံး 'ကဗျာသောက်'ကြ ပါတယ်။
သင်္ကြန်ပြီးတော့ သူ့မှာ ကြွေးပတ်ချာလည်ဝိုင်းပြီး ကျန်ရစ်ပါတယ်။ အစကတည်းက သူသင်္ကြန် ပိုးထတာကို သဘောမတူခဲ့တဲ့ ကျွန်တော်နဲ့ ရန်ဖြစ်ကြပါလေရော။ ဒါလည်း အမှတ်မရှိပါဘူး။ နောင်နှစ်ကျတော့ အပိတ်ခံထားရတဲ့ 'လက်ခုပ်ထဲကရေ'အစား၊ 'အနီနဲ့ အပြာ'ဆိုပြီး သံချပ်ကားထွက်ပြန်တာပါပဲ။ နာမည်က ထောင်စော်နံနေပေမဲ့ အနီနဲ့အပြာဟာ သက်တမ်းရှည်ခဲ့ပါတယ်။


အမြတ်အစွန်းအနေနဲ့ကတော့ သူ့သင်္ကြန်ကားကနေ ကဗျာဆရာ၊ ကာတွန်းဆရာအသစ်လေးတွေ မွေးထုတ်နိုင်ခဲ့တာပါပဲ။
သူနဲ့ ကျွန်တော်ကတော့ သင်္ကြန်ရောက်တိုင်း တကျက်ကျက်ပါပဲ။ အဲ သူ့ရဲ့မဟေသီ မနု။ မနုက ဟိုတုန်းက လျှို့ဝှက်သည်းဖိုမှာ ဗန်းမော်မျိုးမျိုးယဉ်ဆိုတဲ့ ကလောင်နာမည်နဲ့ နယ်ချဲ့ဆန့်ကျင်ရေးကဗျာတွေရေးခဲ့တဲ့ ကဗျာဆရာမတယောက်ပါ။ မှတ်မှတ်ရရလျှို့ဝှက်သည်းဖိုမဂ္ဂဇင်းကဗျာတွေကို စာတည်းအဖြစ် ကိုနေသွေး(ဆရာနေသွေးနီ) တို့ လုပ်နေတဲ့အချိန်ကပေါ့။
စောစောက စကားဆက်ရရင် ကျွန်တော်နဲ့သူကသာ ရန်ဖြစ်နေတာ၊ သူ့ဇနီးမနုတင်မကပါဘူး။ သူ့ သားသမီးတွေပါ သင်္ကြန်ပိုးဝင်ကုန်ကြတာပေါ့။ နောက်ဆုံးတော့ ကျွန်တော်ပဲ လက်မြှောက်လိုက်ရပါတော့ တယ်။


မောင်စိမ်းနီနဲ့ မင်းသစ်တို့ တခါတရံ စီးပွားရေး မပြေလည်တဲ့အခါမှာတော့ ကူနိုင်-ကယ်နိုင်မယ့်သူ မရှိပါဘူး။ သူ့မရှိကိုယ်ကယ်၊ ကိုယ့်မရှိသူကယ်နဲ့ စခန်းသွားခဲ့ကြရတာပါပဲ။
အမှန်အတိုင်းပြောရရင် ငွေကြေးမှာ စနစ်ဇယား မရှိတဲ့ ကျွန်တော့်ကိုပဲ သူကူရတာများပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မိသားစုနှစ်ခုလုံး အခင်မင်မပျက်ခဲ့ကြပါဘူး။ အင်မတန်လေးနက်ခဲ့ကြတဲ့ မိသားစုနှစ်စုပါ။
၁၉၇၀ မှာ ကျွန်တော့်အုပ်စုထဲက ကဗျာဆရာ မောင်ရည်ညွှန်းတို့ ဗကပ ပြဿနာတက်တဲ့အခါမှာ တလကျော်ကျော်လောက် သူအထိန်းသိမ်းခံရပါသေး တယ်။ မောင်ရည်ညွှန်းက နောက်ကြောင်းရှင်းအောင် လုပ်ခဲ့လေတော့ လူသိများတဲ့ခေါင်းဆောင်လို့ အသတ်မှတ်ခံရတဲ့သူပဲ တလခွဲလောက်နေခဲ့ရတာပါ။


သူနဲ့ ကျွန်တော်ဟာ ယုံကြည်ချက်၊ ခံယူချက် ချင်းတူကြတာများပါတယ်။ သူ့ကို တိုးတိုးတိတ်တိတ် ကျိတ်ပြီးတော့ ဆန့်ကျင်ဖူးတာကတော့ ဆရာဒဂုန်တာရာနဲ့ ကိုနတ်နွယ်တို့ရဲ့ (နေ-နတ်-မင်း)ဂိုဏ်း၊ ပဋိပက္ခဖြစ်တုန်းကပါပဲ။
တကယ်တော့ လူကြီးတွေ ရန်ပွဲမှာ လူငယ်တွေက ကြားညပ်ရတာပါ။ မောင်စိမ်းနီနဲ့ တော်လှန်ကဗျာအုပ်စုရဲ့ ကဗျာဆရာတွေ ကြားညပ်ခဲ့ကြရတဲ့ ပြဿနာပါ။ အဖြစ်က ဒီလိုပါ။
ဆိုဗီယက်အမျိုးသမီး မလှကျော့ရေးတဲ့ 'သမုဒ္ဒရဲ့ ရေတစ်စက်'ဆိုတဲ့ စာအုပ်မှာ ဆရာဒဂုန်တာရာက အမှာရေးပေးပါတယ်။ အဲဒီစာအုပ်နဲ့ အမှာစာပါအကြောင်းအရာတွေကို ကျွန်တော် တိတိပပ မမှတ်မိတော့ပါ။
အဲဒါကို မော်စကို-ကို ဆန့်ကျင်ပြီး ပီကင်းဘက် ယိမ်းစပြုနေတဲ့ နေ-နတ်-မင်း (မောင်နေ၀င်း၊ နတ်နွယ်၊ မင်းကျော်)ဂိုဏ်းကိုယ်စား ဆရာနတ်နွယ်က ဆရာဒဂုန်တာရာကို နိုင်ငံခြားသူရေးတာကို ထောက်ခံရမလားဆိုပြီး 'မီးပုံကြီး အနီးအဝေး'ဆိုတဲ့ ဆောင်းပါးတစောင်နဲ့ ဝေဖန်ပါတယ်။ အမှားအမှန်တွေကို သုံးသပ်ဖို့ ကျွန်တော် စိတ်မ၀င်စားပါ။
အဲဒါကို မောင်စိမ်းနီတို့ တော်လှန်ကဗျာအုပ်စု က နတ်နွယ်ဆန့်ကျင်ရေးကနေ မိုးဝေဆန့်ကျင်ရေး အထိ ရောက်သွားပါတယ်။ သူတို့အားလုံးနီးပါး (မောင်သင်းခိုင်၊ မောင်စိမ်းနီ၊ နေသွေးနီ၊ အောင်ချိမ့်၊ သခွတ်နီ၊ အောင်ဇင်မင်း) မိုးဝေမှာ ကဗျာမရေးကြတော့ပါဘူး။
အဲဒီအုပ်စုထဲမှာ မပါတာကတော့ မောင်လေးအောင်နဲ့ မင်းသစ်ပါ။ မောင်လေးအောင်က ပုဂ္ဂိုလ် ရေးကိုးကွယ်မှုကြောင့် ကဗျာရေးဖို့ စင်တစင်ပျောက် သွားမှာကို လက်မခံတာပါ။ ဒါကြောင့် မိုးဝေမှာ ဆက်ရေးပါတယ်။ မင်းသစ်ကတော့ ဘာမှမရေးလို့ ဘယ်မှ မရေးဖြစ်တာပါ။
မောင်စိမ်းနီတို့ကတော့ ဒဂုန်တာရာကို ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းမဟုတ် 'စာပေသစ်ကို ခုခံကာကွယ်ခြင်း'လို့ ကြွေးကြော်ကြပါတယ်။ ကာလတခုကို ဖြတ် သန်းပြီးတဲ့အခါ သူတို့ မိုးဝေမှာပြန်ရေးကြပါတယ်။
အဓိကပြောချင်တာက 'မောင်စိမ်းနီရဲ့ ရဲဘော်စိမ်'ပါ။ ရဲဘော်အများစုရဲ့ ရပ်တည်ချက်နောက်ကို လိုက်တဲ့ မောင်စိမ်းနီရဲ့ ရဲဘော်စိတ်ပါ။


အခု မောင်စိမ်းနီရဲ့ မေတ္တာစိတ်၊ မုဒိတာစိတ်ကိုပြောပြချင်ပါသေးတယ်။ ဆရာနတ်နွယ် ကွယ်လွန် ခါနီးအချိန်မှာ ဆရာဒဂုန်တာနဲ့ တွေ့ချင်တယ်ဆိုတော့ အဲဒီပွဲကို ဖြစ်အောင်စီစဉ်ပေးတာလည်း မောင်စိမ်းနီပါပဲ။ အဲဒီပွဲမှာ ကိုနတ်(ဆရာနတ်နွယ်)မျက်ရည်ကျခဲ့ပါတယ်။ ဒါပေမဲ့ အမြင်အာရုံ လုံးဝနီးပါးချို့တဲ့နေတဲ့ ဆရာတာရာဟာ ကိုနတ်ရဲ့မျက်ရည်တွေကို မမြင်နိုင်တော့ပါဘူး။ လွမ်းတယ်ဗျာ။


သူ 'ပိတောက်ပွင့်သစ်'ထုတ်မယ်ဆိုတုန်းကလည်း အပြင်းထန်ဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တာ ကျွန်တော်ပါ။ ပြောမရဘဲ သူဇွတ်လုပ်တော့ သူ့ကို ကျွန်တော်အခေါ်အပြော မလုပ်တော့ပါဘူး။ အသက်တွေကြီးလာပြီး ပိုက်ဆံထပ်ရှာချိန်မရတော့တဲ့ အရွယ်တွေရောက်လာကြပြီမို့ပါ။
သူကတော့ ဇွတ်လုပ်တာပါပဲ။ ကျွန်တော့်ဆီက စာမူတောင်းလို့မရတော့ 'ရှစ်လေးလုံးငွေရတုမဂ္ဂဇင်း' မှာ ကျွန်တော်ရေးခဲ့တဲ့ 'နှလုံးသားရှစ်စိတ်ကွဲတဲ့နေ့' ဆိုတဲ့ ၀တ္ထုလတ်တပုဒ်ကို သူ့မဂ္ဂဇင်းမှာ ထည့်သုံးပါတယ်။ ကျွန်တော့်ကို ခွင့်လည်းမတောင်းပါဘူး။ သူ ဘာမှမသိသလို ရုပ်တည်ကြီးနဲ့ပဲ နေ,နေတာပါ။ မဆန်းပါဘူး။ မင်းသစ်နဲ့ မောင်စိမ်းနီကြားမှာ 'ခွင့်တောင်းတယ်'ဆိုတာ တသက်လုံးကမှ မရှိခဲ့တာပဲဗျာ။ လွမ်းတယ် သူငယ်ချင်းရေ။


ဘာပဲဖြစ်ဖြစ် ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ထုံ့ပိုင်း ထုံးပိုင်းထုတ်ခဲ့ရတဲ့ သူ့ရဲ့ပိတောက်ပွင့်သစ်ဟာ မြန်မာ စာပေလောကမှာ စာသမားတွေ လေးစားရတဲ့ မဂ္ဂဇင်းတစောင်ဆိုတာကိုတော့ ကျွန်တော်လက်ခံလိုက်ရပါပြီ။
'ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်'လို့ သူ ကြွေးကြော်ခဲ့ပါတယ်။
ကိုယ်ဝန်ခံလိုက်ပါတယ် သူငယ်ချင်း။
မောင်စိမ်းနီနဲ့ ပိတောက်ပွင့်သစ်ကို ပြည်သူက ကမ္ပည်းတင်ထားတာ ကြာပါပြီ။


ဒီလွမ်းတချက်စာစုလေးဟာ 'မောင်စိမ်းနီ ဘာလဲ'ဆိုတာကို အကျဉ်းပြရေးသားချက်လေးပါ။
'မောင်စိမ်းနီဘယ်လဲ'ဆိုရင်တော့ ကျွန်တော့် သူငယ်ချင်းကြီးဟာ သုဂတိဘုံ (သို့မဟုတ်) ပရဒိသုဘုံ တနေရာမှာ ပရဟိတတွေလုပ်ရင်း လှူတန်းနေမှာပါ။
ချစ်တဲ့၊ လွမ်းတဲ့


မင်းသစ်