၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရွှေကြို ၁၆ ဦး ဖေဖော်ဝါရီ ၂၇ ရက်တွင် အပြီးသတ်ရွေးချယ်မည်


၂၀၁၆ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားအတွက် အကယ်ဒမီရွှေကြို ၁၆ ဦးကို ဖေဖော်ဝါရီ ၂၇ ရက်တွင် အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ သိရသည်။


အကယ်ဒမီ ရွှေကြိုများကို ထည့်သွင်းထားခြင်းသည် ၎င်းတို့အနေဖြင့် မြန်မာ့ရုပ်ရှင်လောကအတွင်း ၀င်ရောက်နိုင်မည့် အခွင့် အလမ်းများရရှိနိုင်ရေးအတွက်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံးနာယက၊ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ မောင်နှင်းမိုးက News Watch သို့ ပြောသည်။



''ရွှေကြိုဆိုတာ ရုပ်ရှင်လောကထဲကို ခြေလှမ်းစ၀င်ချင်သူတွေအတွက် အခွင့် အရေးရအောင် လုပ်တာ။ ရွှေကြိုပြီးတော့ မင်းသမီး၊ မင်းသားတွေဖြစ်သွားတာတွေ ရှိတယ်။ ရုပ်ရှင်လောကထဲ ၀င်ဆံ့လို့ရတာပေါ့''ဟု ဒါရိုက်တာအကယ်ဒမီမောင်နှင်းမိုးက ပြောသည်။


အကယ်ဒမီရွှေကြိုဆိုသည်မှာ ယခင်က အကယ်ဒမီဗန်းကိုင်များကို အမည်ပြောင်းလဲထားခြင်းဖြစ်ပြီး အကယ်ဒမီရွှေကြိုဟူ၍ အမည်ပြောင်းလဲထည့်သွင်းထားခြင်းမှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။


၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် အကယ်ဒမီရွှေကြိုးလျှာက်လွှာထုတ်ယူသူ ၇၀၀ ကျော်ရှိပြီး ပြန်လည်လျှောက်ထားသူ ၆၀၀ ကျော်ရှိကြောင်း၊ ၎င်းတို့အနက်မှ ၁၈၀ ကျော်ကို ပဏာမရွေးချယ်ပြီးနောက် အဆင့်ဆင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့ရာ နောက်ဆုံးဆန်ခါတင်အဖြစ် အမျိုးသား အကယ်ဒမီရွှေကြိုရှစ်ဦးနှင့် အမျိုးသမီး အကယ်ဒမီရွှေကြိုရှစ်ဦး စုစုပေါင်း ၁၆ ဦး ရွေးချယ်သွားမည် ဖြစ်ကြောင်းသိရသည်။


၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲအခမ်းအနားကို ၂၀၁၇ မတ်လ ၁၈ ရက်တွင် ရန်ကုန်မြို့ ရန်ကုန်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


လင်းလင်းအောင်