မြန်မာပြည်တက္ကသိုလ်ပညာရေးသမိုင်းကြောင်းနှင့် တက္ကသိုလ်ပညာရေး တိုးတက်ရန် အဆိုပြုချက်များ


 မြန်မာပြည်တက္ကသိုလ်ပညာရေးသမိုင်းကြောင်းနှင့် တက္ကသိုလ်ပညာရေး တိုးတက်ရန် အဆိုပြုချက်များ


စာရေးသူမှာ ယခင်အပတ်များက မြန်မာပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော ဆောင်း ပါးများရေးသားခဲ့ပါသည်။ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံမှာ 'ပညာရေးကဏ္ဍ'တိုးတက်ရေးပင် ဖြစ်ပါသည်။ မိမိတို့တိုင်းပြည်ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားလိုပါလျှင် မိမိတို့၏ပညာရေးစနစ်ကို စတင်ပြင်ဆင်ကြရပါမည်။


ဤဆောင်းပါးတွင် ပညာရေးစနစ်တွင် အရေးကြီး အစိတ်အပိုင်းဖြစ်သော တက္ကသိုလ်ပညာရေးစနစ်ကို သမိုင်းအခြေခံမှစ၍ ဖော်ပြပါမည်။


မြန်မာအများစုတို့သည် ကိုလိုနီခေတ်မတိုင်မီ ကျေးလက်ဒေသများတွင်သာ နေထိုင်ခဲ့ကြ၍ လယ်ယာစိုက်ပျိုးရေးဖြင့်သာ အသက်မွေးခဲ့ကြသည်။ မြန်မာတို့၏ သမိုင်းကြောင်းတလျှောက် ပညာရေးမှာလည်း ဗုဒ္ဓဘာသာကိုအခြေခံသော ဘ၀ခံယူချက်နှင့် လက်တွေ့တွက်နည်းချက်နည်းများ ပါဝင်သော ဘုန်းတော်ကြီးကျောင်းပညာရေးသည် အဓိက ဖြစ်ခဲ့သည်။ မြန်မာတို့၏ ထိုခေတ်မှ လူ့ဘောင်အသိုင်းအ၀ိုင်းအတွက် တွက်တတ်၊ ချက်တတ်ပြီး ဗုဒ္ဓ၏သွန်သင်ဆုံးမချက်အရ နေထိုင်စားသောက်ရန်ဖြစ်ခဲ့၍ ထိုပညာရေးစနစ်သည် ထိုခေတ်ထိုအခြေအနေအရ ကောင်းစွာဖူလုံခဲ့သည်။


၁၉ ရာစုနှစ်အလယ်မှစ၍ မိမိတို့တိုင်းပြည်ကို နိုင်ငံခြားသားများက အုပ်ချုပ်ခဲ့ပြီး ကိုလိုနီနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ ကိုလိုနီနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်ဆိုရာတွင် မိမိတို့တိုင်းပြည်သည် ကမ္ဘာပေါ်တွင်ဖြစ် ပေါ်နေသောစနစ်နှင့် ထိတွေ့မှုရှိလာခဲ့သည်ဟုလည်း သတ်မှတ်နိုင်၍ ထိုသည်မှာ ယခုခေတ်အခေါ် Globalization ၏ ပထမအဆင့်ဟု သတ်မှတ်နိုင်သည်။ ထိုအချိန်အခါတွင် ဗြိတိသျှတို့သည် မိမိတို့ တိုင်းပြည်ကို Civil Administration ခေါ် အရပ်ဘက်အုပ်ချုပ်မှုစနစ်ကို ကိုင်တွယ်ကျင့်သုံးကြရ၍ ထိုအုပ်ချုပ်မှုစနစ်ကို အထောက်အကူပြုမည့်သူများ လိုအပ်လာပေတော့သည်။


ဗြိတိသျှအုပ်ချုပ်ရေးစနစ်ကို အထောက်အကူပြု သော လိုအပ်ချက်ကိုဖြည့်တင်းရန် ပထမဦးစွာအထက် တန်းကျောင်းများသာ တည်ထောင်ခဲ့၍ ထိုကျောင်းများမှာလည်း မြို့ကြီးများတွင်သာ တည်ရှိခဲ့ပြီး ၂၀ ရာစုနှစ်အစပိုင်းခန့်တွင် မြန်မာပြည်သူလူထုအများစုတို့မှာ ဗြိတိသျှပညာရေးစနစ် သို့မဟုတ် ခေတ်ပညာ ရေးစနစ်တို့နှင့် မပတ်သက်ဘဲ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်သည် အပြိုင်အဆိုင်ရပ်တည်ခဲ့သည်။၁၉၀၀ ခုနှစ်ခန့်မှ ပထမကမ္ဘာစစ်မတိုင်မီ ၁၉၁၄ ခုနှစ် ခန့်အထိ မြန်မာအများစုတို့၏ပညာရေးစနစ်မှာ အဓိက အားဖြင့် ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်သာ ဖြစ်ခဲ့သည်။


ပထမကမ္ဘာစစ်အတွင်း အချို့သောမြန်မာတပ် များသည် မြန်မာပြည်တွင် လုပ်ကိုင်လျက်ရှိသော ဗြိတိသျှအရာရှိများ၏ ခေါင်းဆောင်မှုအောက်၌ အရှေ့ အလယ်ပိုင်းဒေသများတွင် တိုက်ခိုက်ခဲ့ကြရပြီး ထူးချွန် သောသူများလည်း ပေါ်ပေါက်ခဲ့သည်။ (The Journey Outwards, Maurice Collis) ပထမ ကမ္ဘာစစ်ကြီး ပြီးသည့်အချိန်မှစ၍ ဗြိတိသျှတို့၏မြန်မာ ပြည်အပါအ၀င် အိန္ဒိယပြည်ကိုအုပ်ချုပ်သည့်စနစ်များ ပြောင်းလဲခဲ့သည်။ ယခင်က အုပ်ချုပ်သူအရာရှိများဆိုလျှင် ဗြိတိသျှလူမျိုးများသာ အများအားဖြင့်ထားရှိခဲ့ သော်လည်း စစ်ပြီးသည့် ၁၉၁၇ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားများကိုလည်း ခရိုင်ဝန်၊ အရေးပိုင်စသော အထိုက်အလျောက်မြင့်မားသော ရာထူးများကိုပေးအပ်ခဲ့သည့်အကြောင်းများမှာ ဗြိတိသျှအရာရှိများကို အသုံးချခြင်းသည် ငွေကြေးပိုမိုကုန်ကျခြင်း၊ တိုင်းရင်းသားအရာရှိများသည် သက်ဆိုင်ရာဘာသာစကားများ ကိုလည်း ကျွမ်းကျင်ကြသောကြောင့် ပိုမိုထိရောက်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ (Freedom at midnight by Larry Collins and Dominique Lapierre)  ပထမဦးစွာအဆင့်မြင့်သော I.C.S ခေါ် အထွေထွေ အုပ်ချုပ်ရေးအရာရှိများကို ဗြိတိန်မှ တက္ကသိုလ်ကောင်းကြီးများမှ Honours Degree ဘွဲ့ရရှိသူများကိုသာခန့်အပ်ခဲ့၍ နောင်အခါ ထိုစနစ်ကိုလည်း ဖျက်သိမ်းပြီး ကိုလိုနီတက္ကသိုလ်များမှ Honours Degree ဘွဲ့ရရှိသူများကိုလည်း I.C.S အရာရှိများအဖြစ် ခန့်အပ်ခဲ့ကြသည်။


တင်ပြခဲ့သော ဗြိတိသျှတို့၏ ရာထူးခန့်အပ်ရေးမူပြောင်းသွားသည့်အတွက် မြန်မာပြည်တွင်လည်း တက္ကသိုလ်တရပ်တည်ထောင်ရန် လိုအပ်လာပေတော့သည်။ ၁၉၂၀ ခုနှစ်မတိုင်ခင်က မြန်မာပြည်တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့သာရှိပြီး ကာလကတ္တားတက္ကသိုလ်မှ စာမေးပွဲများကို ဖြေဆိုရ သည်။ ၁၉၂၀ ခုနှစ်တွင် ဥပဒေနှင့်အပြည့်အစုံ ရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ကြသည့်အခါ ကျောင်းသား များနှင့်သဘောထားကွဲလွဲကြပြီး အမျိုးသားနေ့ဟုခေါ်ဆိုကြသော ပထမကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ သည်။ မြန်မာပြည်၏ ကိုလိုနီအုပ်ချုပ်မှုစနစ်ကို အထောက်အကူပြုလိုသော ရည်ရွယ်ချက်ဖြင့် ထိုတက္ကသိုလ်ကို တည်ထောင်ခဲ့၍ နောင်မြန်မာပြည် လွတ်လပ်ရေးရပြီးသည့် ၁၉၅၀ ခုနှစ်နောက်ပိုင်း အထူးသဖြင့် လက်ဝဲအယူအဆရှိသူများက 'ကိုလိုနီပညာရေးစနစ်'ဟု သမုတ်ကြသည်။ အမှန်စင်စစ်မှာလည်း ထိုအခေါ်အဝေါ်သည် များစွာမှားယွင်းမှုမရှိဘဲ တက္ကသိုလ်များ၏ အဓိကလုပ်ငန်းရပ်များဖြစ်သော (၁) စာသင်ကြားသောလုပ်ငန်းစဉ် (၂) သုတေသနလုပ်ငန်း နှင့် (၃) ကျောင်းသားများစဉ်းစားတွေးခေါ်မှုကို မြေ တောင်မြှောက်ပေးသော လုပ်ငန်းရပ်များမှ ရန်ကုန် တက္ကသိုလ်တွင် သုတေသနလုပ်ငန်းရပ်များမရှိခဲ့ပေ။ တက္ကသိုလ်ဆိုသည်မှာ ခေတ်အမီဆုံးနှင့် အဆင့်အမြင့် ဆုံးပညာများကို ပို့ချရမည်ဖြစ်၍ ထိုသို့ခေတ်မီအဆင့် မြင့်စေရန်မှာ သုတေသနလုပ်ငန်းရပ်များနှင့် တွဲဖက်ကြရပါမည်။


ထို့အပြင် ဗြိတိန်မှ တက္ကသိုလ်များနည်းတူ ဘွဲ့ရရှိရေးအတွက် စုစုပေါင်းစာသင်နှစ် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်၊ သင်ကြားခြင်းအစား မြန်မာပြည် ၏မိဘများတောင်းဆိုသော စုစုပေါင်းစာသင်နှစ် ၁၄ နှစ်ကိုလည်း လက်ခံလိုက်ကြသည်။ (၁၀ တန်းအောင် ပြီး ၄ နှစ်) ထို့အပြင်များစွာသော သင်ကြားပို့ချရန် ဆရာများကိုလည်း ဈေးပေါပေါနှင့် အလွယ်တကူရရှိနိုင်သော အိန္ဒိယပြည်မှ ဆရာများကိုသာ ငှားရမ်းခဲ့သည်။ ဦးနုရေးသားသော 'တာတေ စနေသား'ကို ဖတ်လျှင် ဦးနုကိုယ်တိုင် အလွတ်ကျက်သင်ကြားသော ဆရာတဦးနှင့်ကြုံရပုံကို ဖော်ပြထားပါသည်။ ထို့ကြောင့် ကိုလိုနီပညာရေးစနစ်ဟု သမုတ်ခြင်းမှာလည်း တစိတ်တဒေသအားဖြင့် မှန်ကန်ပေမည်။


ရန်ကုန်တက္ကသိုလ်အပါအ၀င် အခြားကိုလိုနီ တိုင်းပြည်များမှ တက္ကသိုလ်များနှင့်ပတ်သက်၍ မှတ် သားဖွယ်အချက်တို့မှာ တဖက်ကလည်း ဗြိတိသျှအုပ်ချုပ်ရေးစနစ်ကို အထောက်အကူပြုရန်ဖြစ်ပြီး တဖက် မှလည်း သင်ကြားသောတက္ကသိုလ်ဆရာများဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားများကို ပညာပေးလို ခြင်း၊ စဉ်းစားဥာဏ်ရင့်သန်စေလိုခြင်းစသော လုပ်ငန်းရပ်များကိုလည်း ထည့်သွင်းပါဝင်ခဲ့သည်။


ထိုအချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား နိုင်ငံရေးခေါင်းဆောင်များကဲ့သို့ အတွေးအခေါ်၊ အမြော်အမြင် မြင့်မားသူများပေါ်ပေါက်ခဲ့ရသော အကြောင်းတို့ ဖြစ်သည်။ တက္ကသိုလ်များ၏ ထုံးစံအတိုင်း ကျောင်းသားများကို ပွင့်လင်းစွာ ဆွေးနွေးစေခဲ့ခြင်း၊ တက္ကသိုလ်ဝင်းအတွင်းသို့ ရင့်ကျက်သော နိုင်ငံရေးသမားများကို ဖိတ်ခေါ်ဟောပြောစေခဲ့ခြင်းစသော လုပ်ငန်းရပ်များမှာ ယင်းတို့၏ကိုလိုနီစနစ်ကို ပြန်လည်တိုက်ခိုက်ကြသော အတွေးအခေါ်၊ မြင့်မားကြသော လူငယ်ပညာရှင်များကိုလည်း ပေါ်ပေါက်စေခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘ၀ကဆိုလျှင် ရင့်ကျက်သောနိုင်ငံရေးသမားကြီးများထံမှ များစွာလေ့လာခဲ့ကြောင်း အတ္ထုပ္ပတ္တိများတွင် ဖော်ပြလေ့ရှိကြသည်။ ဤသည်မှာ ဗြိတိသျှ ကိုလိုနီအပါအ၀င် အခြားသော ကိုလိုနီနိုင်ငံများ ကြုံတွေ့ရသော သဘာဝအချက်၊ Paradox ခေါ် ဆန့်ကျင်ဘက်မှ ပေါ်ထွက်လာသော ကောင်းမွန်သောရလဒ်များဖြစ်သည်။


ရန်ကုန်တက္ကသိုလ်နှင့်ပတ်သက်၍ လွတ်လပ်ရေးရလာသည့်အခါ မြန်မာပြည်ပညာရေးစနစ်တွင် အရေးကြီးအခန်းကဏ္ဍတွင်ပါဝင်ခဲ့သော ပါမောက္ခချုပ် ဒေါက်တာထင်အောင်သည် ယင်းကိုယ်တိုင် Oxford တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ပညာသင်ခဲ့သည့်အတွက် ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ဖြစ်ရန် များစွာကြိုးစားအားထုတ်ခဲ့သည်။ ဆရာကြီး၏ အားထုတ်ချက်များတွင် တက္ကသိုလ် ဆရာများသည် သင်ကြားပို့ချခြင်းလုပ်ငန်းရပ်များအပြင် သုတေသနစာတမ်းများကိုလည်း ရေးသားကြရမည်။ တက္ကသိုလ်ဆရာများသည် နိုင်ငံခြားမှ အဆင့်မြင့်ဘွဲ့ဒီဂရီများရရှိရမည် စသည်တို့ပါဝင်သည်။ သို့သော် ဆရာကြီးဒေါက်တာထင်အောင်၏လိုအပ်ချက်များကို ဟန့်တားလျက်ရှိသောအချက်များမှာ ထို ၁၉၅၀ ခုနှစ်ခန့်က မြန်မာပြည်တွင် ပညာတတ်ဘွဲ့ရများ၊ များစွာလိုအပ်လျက်ရှိသဖြင့် ဗြိတိန်ရှိ တက္ကသိုလ်များကဲ့သို့ စုစုပေါင်းစာသင်နှစ် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်ခန့် သင်ကြားခြင်းကို မလိုက်လျောနိုင်ဘဲ ၁၀ တန်းအောင်ပြီး ၄ နှစ်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ထူးချွန်သောသူများအတွက်သာ တနှစ်ပိုတိုး၍ Honours Degree အဖြစ်သာ ဆောင်ရွက်ခဲ့သည်။သို့သော် ၁၉၅၀ ခုနှစ်များရှိ တက္ကသိုလ်များတွင် ကျောင်းသားများ၏ လွတ်လပ်စွာတွေးခေါ်မှုကို အားပေးသောအစီအစဉ်များမှာ ဆက်လက်ရှင်သန်ခဲ့သည်။ အပတ်စဉ် စကားရည်လုပွဲများ၊ ဆွေးနွေးပွဲများ၊ အားကစားကဏ္ဍတွင် အားပေးမှုများ စသည်တို့မှာ ဒုတိယကမ္ဘာစစ်မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကကဲ့သို့ ဆက်လက်ရှင်သန်ခဲ့သည်။


ထိုသို့သော ၁၉၅၀ ခုနှစ်များက တက္ကသိုလ်ကြီးတွင် သင်ကြားပို့ချသော လုပ်ငန်းရပ်များအပြင် Research ခေါ်သုတေသနလုပ်ငန်းရပ်များပါ ပိုမိုတိုးချဲ့ရန် ကြိုးစားနေချိန် ၁၉၆၂ ခုနှစ်တွင် တိုင်းပြည်သည် နိုင်ငံရေးစနစ်အပြောင်းအလဲနှင့်အတူ ပညာရေးစနစ်သစ်တရပ်ကို ပြန်လည်ပြင်ဆင်ခဲ့ကြပြန်သည်။ ထိုပညာရေးစနစ်သစ်တွင် အမေရိကန်ရှိများစွာသော တက္ကသိုလ်များကဲ့သို့  Majoring System အထူး ဘာသာစနစ်သို့ပြောင်းလဲ၍ တက္ကသိုလ်ပညာရေးစနစ်ကိုမြှင့်တင်ရန် ကြိုးစားခဲ့သည်။ သို့သော် အမေရိကန်ရှိ တက္ကသိုလ်များတွင် ဘွဲ့ရရန် စုစုပေါင်းစာသင်နှစ် ၁၆ နှစ်၊ လိုအပ်၍ မြန်မာပြည်၏ ၁၉၆၃ ခုနှစ်စနစ်သစ်မှာ ဘွဲ့ရရှိရန် စုစုပေါင်းစာသင်နှစ် ၁၄ နှစ်သာ ဖြစ်ခဲ့သည်။ (၁၀ တန်းအောင်ပြီး ၄ နှစ်) ၁၉၆၃ ခုနှစ်ခန့်မှ ၁၉၇၆ ခုနှစ်ခန့်အထိ ဆရာဒေါက်တာညီညီ ဦးဆောင်ပြင်ဆင်ခဲ့သော တက္ကသိုလ်ပညာရေးစနစ်တွင် ကောင်းမွန် သောအချက်များ များစွာပါဝင်ခဲ့သော်လည်း ထိုအချိန်အခါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုအစိုးရက လက်ခံ လိုက်သည့်အချိန်မှစ၍ လွတ်လပ်စွာတွေးခေါ်မှုကိုအားပေးသော အစီအစဉ်များရပ်တန့်ခဲ့ကြသည်။ တက္ကသိုလ် ၀င်းအတွင်း လွတ်လပ်စွာ ဆွေးနွေးနိုင်သောစကား ရည်လုပွဲများကို ခွင့်မပြုတော့ပေ။


ထို့အပြင် တိုင်းပြည်၏စီးပွားရေးစနစ်မှာ ကျဆင်းလာခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍမရှိတော့သဖြင့် ၁၉၆၈ ခုနှစ်ခန့်မှစ၍ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များမှ ဘွဲ့ရများမှလွဲလျှင် အခြားဘွဲ့ရများမှာ အောက်တန်းစာရေးအလုပ်ကိုရရန်ပင် ခက်ခဲလာတော့သည်။ ထို့ကြောင့် ထိုအချိန်အခါမှစ၍ တက္ကသိုလ်ကြီးများတွင် ပညာသင်ခြင်းသည် ပညာတတ်၍ အလုပ်အကိုင်ရရှိရန်ဆိုသော ရည်ရွယ်ချက်မှာ လွန်စွာအားနည်းလာပြီး ဂုဏ်ရှိရန်နှင့် ဘွဲ့ဒီဂရီများ ရယူခြင်းသည် အဓိကဖြစ်ခဲ့သည်။ ဆရာလုပ်သူများ ကလည်း ကျောင်းသားများအလုပ်အကိုင်ကောင်းကောင်းမရရှိသည့်အတွက် ဘွဲ့ဒီဂရီများကို လွယ်ကူစွာ ပေးသောစနစ်သို့ တဖြည်းဖြည်းပြောင်းလဲတော့သည်။


ထိုသည်မှများစွာသော တက္ကသိုလ်များတွင် စာသင်ကြားကြခြင်းမှာ အစိုးရ၊ မိဘနှင့်ဆရာများ ငွေကုန်၊ အချိန်ကုန်ပညာလည်း များစွာမတတ်၊ အလုပ်အကိုင်လည်း မည်မည်ရရမရနိုင်သောကြောင့် ဂုဏ်ရှိရန် ဘွဲ့ဒီဂရီများရယူခြင်းသည် အဓိကဆိုသော ခံယူချက်သို့ တစတစပြောင်းလဲခဲ့ကြသည်။ ထို့အပြင် တိုင်းပြည်သည်  Isolation ခေါ် အထီးကျန်ဘ၀သို့ သက်ဆင်းခဲ့ခြင်းမှာ ပညာရေးစနစ်တွင် ဆိုးကျိုးများ ပေါ်ပေါက်ခဲ့သည်။ ၁၉၇၆ ခုနှစ် ၀န်းကျင်အချိန်မှစ၍ ၆ နှစ်ခန့် စမ်းသပ်ကြပြန်သော Regional College စနစ်မှာ မြန်မာတက္ကသိုလ်ပညာရေးစနစ်တခုလုံး၏ အဆင့်အတန်းကို များစွာကျဆင်းစေခဲ့သည်။ အမှန်စင်စစ် ထိုအချိန်တွင် ဆရာညီညီ၏  Majoring System  ပညာရေးစနစ်မှာ ကောင်းကျိုးများစွာရှိခဲ့သော်လည်း မလိုအပ်ပါဘဲ ထို  Regional College စနစ်ကို ကျင့်သုံးခဲ့၍ ကျောင်းသားများ စာသင်ကြားမှု လျော့နည်း၍ နစ်နာခဲ့ကြရပြန်သည်။     


ထိုသို့ မြန်မာပြည်ရှိ တက္ကသိုလ်များကို အမျိုးမျိုးပြင်ဆင်ကြရင်း ကျောင်းသားများနှင့် အစိုးရတို့၏ ပြဿနာများကလည်း မကြာမကြာ ထိပ်တိုက်ရင်ဆိုင်မှုများပေါ်ပေါက်ကြ၍ တက္ကသိုလ် ပညာရေးစနစ်ကြီး ကိုလွတ်လပ်ရေးရပြီးစ ဆရာကြီးဒေါက်တာထင်အောင်ကြိုးစားခဲ့သော 'တက္ကသိုလ်များသည် ကမ္ဘာ့ အဆင့်အတန်းမီရန် သုတေသနလုပ်ငန်းရပ်များနှင့် ပူးတွဲရမည်'ဆိုသော Regional College စနစ်ကို ကျင့်သုံးခဲ့သော ၁၉၇၆ နှစ်နောက်ပိုင်း လုံးဝနည်းပါးပျောက်ကွယ်သွားပေပြီ။ တဖန် ၁၉၈၈ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနှင့်တွဲဖက်၍ တက္ကသိုလ်များကို နှစ်ပေါင်းများစွာ ပိတ်ခဲ့ကြသည်။ ၁၉၉၃ ခုနှစ်နောက်ပိုင်း တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်ခြင်း၊ ထို့နောက် အဘက်ဘက်မှ ဝေဖန်ခြင်း ခံနေရခြင်းများကို အဖတ်ဆယ်ကြရန် မြန်မာပြည် တက္ကသိုလ်များတွင်လည်း Master, Ph.D. စသော အဆင့်မြင့်ဘွဲ့များလည်း ပို့ချကြရန် ဆုံးဖြတ်ကြသည်။ ဤစီမံချက်တွင် နိုင်ငံခြားမှဒေါက်တာဘွဲ့ရခဲ့သော် လည်း စာသင်ကြားပို့ချခြင်းမပြုခဲ့သူ စာရေးသူတို့ ကဲ့သို့သော ပညာရှင်များကို ဂုဏ်ထူးဆောင် ပါမောက္ခ များအဖြစ် ခန့်အပ်၍ပါဝင်စေခဲ့သည်။ ထိုအချိန်မှစ၍ စာရေးသူသည်တက္ကသိုလ်အသိုင်းအ၀ိုင်းသို့ ရောက် ရှိခဲ့ပါသည်။ သို့သော် ထိုစာရေးသူတို့ ပံ့ပိုးသင်ကြားပေးခဲ့သောဘွဲ့ရအားလုံးတို့မှာ အဆင့်မြင့်သည်ဟု ဆရာအဖြစ် တိုက်ရိုက်ပါဝင်ခဲ့သူအနေနှင့် မပြောလိုပါ။ အဆင့်မြင့်သော၊ တော်သောသူများရှိခဲ့သကဲ့သို့ အဆင့် နိမ့်များလည်း များစွာပါဝင်ခဲ့ပါသည်။ များစွာသော စာတမ်းများမှာ ကူးချထားခြင်း၊ ခပ်ဆင်ဆင်ထပ်ဆင့် ပွားထားခြင်းများလည်းရှိကြောင်း ၀န်ခံအပ်ပါသည်။ စာရေးသူအနေနှင့် အဓိကအားမရမှုမှာ ဆရာကြီး ဒေါက်တာထင်အောင်ကြိုးစားခဲ့သော 'တက္ကသိုလ်များသည် ကမ္ဘာ့အဆင့်အတန်းမီရန် သုတေသနလုပ်ငန်း ရပ်များနှင့် ပူးတွဲရမည်'ဆိုသော ရည်မှန်းချက်မှာ မရရှိခဲ့၊ သဘောမပေါက်ခဲ့ကြပါ။ တက္ကသိုလ်များတွင် နှစ်ပေါင်းများစွာလုပ်ကိုင်လျက်ရှိသော ဆရာ၊ ဆရာမ များ၊ ပါမောက္ခကြီးများ၊ (စာရေးသူကိုတိုင်သင်ကြား ပို့ချခဲ့သော ပါမောက္ခကြီးများ၊ အပါအ၀င်) Research publications ခေါ် သုတေသနစာတမ်းများကို မေးသည့်အခါ အများစုမှာ မရှိကြပေ။ အများစုမှာ တက္ကသိုလ်ကြီးများတွင် သင်ကြားပို့ချသောလုပ်ငန်း ရပ်များအပြင် သုတေသနလုပ်ငန်းရပ်များ ပူးတွဲပါဝင်မည်ဆိုသည်ကိုပင် မသိကြပေ။ ဘွဲ့ဒီဂရီကြီးများ ကြီးမားစွာရှိကြသော်လည်း များစွာသောစာတမ်းများမှာ အဆင့်မမီခြင်း၊ ကူးချထားခြင်း၊ ခပ်ဆင်ဆင် ထပ်ဆင့်ပွားထားခြင်းနှင့် အဆိုးဆုံးအခြေအနေများတွင် အခြားသောပညာရှင်များက ငွေကြေးရယူ၍ ရေးသားကြခြင်းတို့ကိုပင် တွေ့ရှိရသည်။ 


ယခုအခါတက္ကသိုလ်ပညာရေးစနစ်နှင့်ပတ်သက် ၍ စာရေးသူအယူအဆအရ အောက်ပါလုပ်ငန်းရပ်များ ကို လက်ခံအကောင်အထည်ဖော်သင့်ပေသည်။


(၁)     တက္ကသိုလ်ကြီးများကိုကမ္ဘာ့ အဆင့်အတန်း မီစေရန် သင်ကြားပို့ချခြင်း၊ သုတေသနလုပ်ငန်းများနှင့် ကျောင်းသားများအတွေးအခေါ် ရင့်ကျက်စေရန်၊ လုပ်ငန်းရပ်များပါဝင်ရန် ကြိုးစားသင့်သည်။


(၂)     တက္ကသိုလ်ကြီးများတွင် တိုင်းပြည်လိုအပ်ချက်ကို အထောက်အကူပြုနိုင်မည့် သုတေသနလုပ် ငန်းရပ်များကို လုပ်ဆောင်သင့်သည်။


(၃)     နှစ်စဉ်ကျောင်းသားပေါင်းများစွာကို လက်ခံ၍ အကျိုးမရှိသော ဘွဲ့ဒီဂရီများပေးခြင်းမှ တိုင်းပြည် လိုအပ်ချက်အတိုင်းသာ အဆင့်အတန်းမီ ပညာတတ်ဘွဲ့ရများကို လက်ခံမွေးထုတ်သင့်သည်။


(၄)     နှစ်စဉ်များစွာသော ကျောင်းသားများအတွက် လက်တွေ့ကျသောပညာများ သင်ပေးသော အဆင့်မြင့် Professional degree colleges ကျောင်းများတည်ဆောက်၍ ထိုလက်တွေ့ပညာရရှိသော ကျောင်းသားများကို တိုင်းပြည်၏ လိုအပ်ချက်နှင့် ညှိနှိုင်း၍ မွေးထုတ်သင့်သည်။


(၅)     တက္ကသိုလ်ပညာရေးစနစ်အပြင် ၁၀ တန်း အဆင့်ရရှိပြီးသူ ကျောင်းသူကျောင်သားများအတွက် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်သော Vocational Education ခေါ် အသက်မွေးဝမ်း ကျောင်းပညာပေးအစီအစဉ်များ တိုးချဲ့သင့်သည်။ (ထိုအစီအစဉ်ဆိုသည်မှာ ကျောင်းတွင်သက်သက် ပညာသင်ကြားခြင်းများမဟုတ်ဘဲ လက်တွေ့နှင့် စာတွေ့တွဲဖက်သော အစီအစဉ်များကို ဆိုလိုပါသည်)


ဤတွင်အရေးကြီးဆုံးဖြတ်ရန်အချက်မှာ မိမိတို့ တိုင်းပြည်တက္ကသိုလ်ပညာရေးစနစ်အတွက် သင့်လျော်သော ခံယူချက်ပင် ဖြစ်ရပေမည်။ တက္ကသိုလ်များတွင် စာသင်ကြခြင်းအားဖြင့် မိမိတို့နိုင်ငံ၊ မိဘနှင့် ဆရာများငွေကုန်၊ အချိန်ကုန်ကြပါသည်။ ထိုသည်မှာ ဘွဲ့ဝတ်စုံနှင့်ဧည့်ခန်းတွင်ချိတ်ထားသော ဓာတ်ပုံထားရှိရန်ထက် ဘွဲ့ယူစာသင်ခဲ့သော ကျောင်းသားများအတွက်သော်လည်းကောင်း၊ နိုင်ငံတော်နှင့် တိုင်းပြည် အတွက်သော်လည်းကောင်း အကျိုးရှိရပေမည်။ ယခုစနစ်၊ ယခုအခြေအနေမှ မိမိတို့ရုန်းထွက်ကြရန် Political Will ခေါ် နိုင်ငံရေးဦးတည်ချက်၊ ဆုံးဖြတ်ချက်၊ ဇွဲနှင့်ဆန္ဒရှိရန် လိုအပ်ပါမည်။ လုပ်ငန်းရပ် အားလုံးမှာ ထို Political Will ရှိလျှင်၊ အမှန်ကို အမှန်ဖြစ်ရန် ရင်ဆိုင်သောသတ္တိရှိလျှင် လိုသောပန်းတိုင်သို့ရောက်ရပေမည်။


ဒေါက်တာကျော်လတ်