ကျောင်းသားဝတ္တရား


အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာ့အလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်း ကိုယ်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌၊ လူဖြစ်ကျိုးနပ်ပေမည်။ ကမ္ဘာ၏ နောင်ခေတ်အမွေခံဖြစ်ကြသော ကျွန်တော်တို့၊ ကျောင်းသားတို့မှာလည်း အထူးသဖြင့် အသက် ၁၆ နှစ်၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျှင် ကျောင်းသား၏ ၀တ္တရားသည် အဘယ်နည်း။


          အမြင်ကျယ်ကျယ်၊ ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသားဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်း၏အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်နောက်ကျသည့် အယူမျှသာဖြစ်ပေသည်။


          ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့ သည် လောကရေး၊ ဓမ္မရေးပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သာ ပညာမှစာအုပ်ပေစာကို အံ၍ရသော အမှတ်သညာနှစ်ရပ်ကို ခွဲခြား၍ ထားလေ သည်။ စာမေးပွဲကို အောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆတ်ဆတ် မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲ၏ အကြောင်းသနစ်ကို ဖော်ထုတ်လာကြ၏။ An examination of examinations စာမေးပွဲများ၏ အကျိုးအပြစ် စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြသထားပေ၏။ စာမေးပွဲတခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးအား စစ်ဆေးစေရာ အဖြေတခုတည်းကိုပင် အမှတ်ပေးပုံခြင်း မတူသည်ကို တွေ့ရပေသည်။ တဖန် စာစစ်သူ တဦးတည်း ၎င်းတနှစ်ခန့်က ဖျက်ခဲ့သော အဖြေကို နောက်ထပ်စစ်ဆေးသည့်အခါ ပထမအမှတ်ပေးပုံနှင့် နောက်တခါ အမှတ်ပေးပုံခြင်းမှာ ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော် ပြဇာတ်ရေးဆရာ ဘားနဒ်ရှောကလည်း တရံသောအခါက အတန်းထဲတွင် ထိပ်ကျသော ကျောင်းသားသည် လောကတွင် အောက်ဆုံးထစ် ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။


ဤတွင် ကမ္ဘာကျော် စာရေးဆရာကြီး၏ ၎င်းရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို။ သို့ရာတွင် ၎င်းကား အကြောင်းမဲ့မရေးသားရာ။ ယင်းသို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇ၀င်တွင် သာဓက အထောက်အထား များကို ကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်း မဟုတ်ပေ။ ဥပမာ အနည်းငယ်ထုတ်ပြရသော် ယခုခေတ် ကမ္ဘာ့ထိပ်တန်းသမားများတွင် ဟစ်တလာ၊ မူဆိုလီနီတို့သည် ကျောင်းမှပင် ကောင်းစွာမနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှရှိ၍ ကျောင်းသားအဖြစ် နေစဉ်အခါက ထူးထူးချွန်ချွန် မရှိချေ။ ဂျဝါဟာလ်လာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော်ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်ခဲ့လင့်ကစား ကျောင်းသားအဖြစ်ဖြင့် များစွာမထူးချွန်လှ။ ဘီအေဂုဏ်ထူးတန်းတွင် ဒုတိယ တန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၎င်းအထက် ပထမရခဲ့သောသူတဦးမှာ ရန်ကုန်တွင် ပါမောက္ခတဦးအဖြစ်ဖြင့် ၎င်းကဲ့သို့ ကျော်ကြားခြင်း မရှိပေ။ အင်္ဂလိပ်စာရေးဆရာကြီးများ ဖြစ်ကြသော ဂိုးလ်စမစ်၊ ဆာဝါလတာစကော့ စသော ပုဂ္ဂိုလ်တို့မှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်း မရှိ။ ဆာဝါလတာ စကော့မှာမူ လူ့ငနွားဟုပင် ဆရာ၏ အခေါ်ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ ဖြစ်ရခြင်း၏ အကြောင်းကိုစစ်လျှင် လူသားတဦးတယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟု ချိန်ဆရန် တထစ်ချ သတ်မှတ်ထားသောနည်း မရှိသောကြောင့် ဖြစ်ပေသည်။


          စင်စစ်သော်ကား ကျောင်းတွင် တခါမျှမနေဖူး၍ စာတလုံးမျှ မသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏။ ဤကား ဖြစ်နိုင်သည့် အကြောင်းကို အလွန်ဆိုခြင်း ဖြစ်ပေသည်။ ယခုကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၎င်းတို့ရေးရာဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လောကအလုပ် ၀တ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန် ဖြစ်ပေသည်။ အကယ်၍ စာမတတ်သူသည် လောကအမှတ်အသားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန် မလိုချေ။ ထိုကြောင့်ပင် မူဆိုလီနီက ၎င်း၏ အတ္တုပ္ပတ္တိတွင် ကျွန်ုပ်ဖတ်ခဲ့သော အကြီးဆုံးသော စာအုပ်ကား ကျွန်ုပ်နေခဲ့၊ နေဆဲသော လောကကြီးပင်တည်းဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်ပေစာမှ ကျော်လွန်သောပညာကို အဘယ်သို့ရအံ့နည်း။


          ထိုပညာစစ်ကို ရရန် လွတ်လပ်စွာ တွေးတော ပြောဆိုဆွေးနွေးလုပ်ကိုင်လိုသော စိတ်ဓာတ်ကို မွေးရန်လို၏။ ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပုဂ္ဂိုလ်များက Academic Freedom ပညာသင်ကြားရေး လွတ်လပ်ခွင့်ဟု ခေါ်ဝေါ်ကြ၏။ ဤအချက်ကား ကမ္ဘာ့ရာဇ၀င်ကို တမျိုးတမည် ပြောင်းလွဲစေသည့် ရီနေဆန့်နှင့် ရီဖောင်မေရှင်း ခေါ် ခေတ်သစ်ဝါဒ လောကဓာတ်ပညာ ပြန့်ပွားရာ အကြောင်းရင်းတည်း။ ဤအချက်ကား ကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလမသုတ္တန် သဘောအရပင်တည်း။         


          ထိုလွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ်ရှိရမည်ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာ တွေးတောပြောဆိုလုပ်ကိုင်ခြင်း မဟုတ်ပေ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းထဲရှိ ဖားသူငယ်ကဲ့သို့ နေ၍ မဖြစ်ပေ။ တဦးနှင့်တဦး ကူးလူးဆက်ဆံရလေသည်။ ယခုခေတ်အခါတွင် ဤသို့ ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင် နယ်ကျယ်လာလေသည်။ ယခု အတိုင်းတိုင်း၊ အပြည်ပြည် ကြုံတွေ့နေရ သော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ့်ဘက်ကိုယ့်သဘောကိုသာ မြင်သော၊ ၀ါဒကြောင့်ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံ ဖြစ်လေသည်။ ထိုသို့ ဖြစ်ရာ လူတိုင်းလူတိုင်း တဦးနှင့်တဦး အပေါင်းအသင်း သမဂ္ဂရှိမှသာ အမျိုးမျိုးသော အယူအဆ၊ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင်ကျယ်လာနိုင်လေသည်။ သို့ . .. အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို၊ အနေအထိုင် ပြုပြင်လာခြင်း စသဖြင့် လောကလူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။


          ထို့ကြောင့် ထိုသို့ ကူးလူးဆက်ဆံ အမြင်သန်အောင်ကျောင်းများ တက္ကသိုလ်များတွင် ကျောင်းအိပ်ကျောင်းစားထားခြင်း၊ အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂအတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ၊ မဆိုရ၊ မလုပ်၊ မဆွေးနွေးရလျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ ၂ ဖက်၊ ၂ ချက်စုံ မှ ပညာရေးအစစ် မည်လေသည်။


          တဖန် ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန် ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ရဲတပ်များ၊ ကစားနည်းများကို ထွင်ကြရ၏။ ထိုမျှမက ယခုအခါ တနိုင်ငံနှင့် တနိုင်ငံမှာ ခွဲစပ်၍ မဖြစ်နိုင်။ တရုတ် ပြည်၊ စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကို လည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊ လူသတ္တ၀ါတို့အားလည်းကောင်း မည်သို့မည်ပုံ ထိခိုက် မည်ဟု သိနိုင်အောင် ကမ္ဘာ့အခြေကိုလည်း မိမိရရ သိရန်လို၏။ ဤသည်တို့ကား အကြမ်းမျှ ကျောင်းသားတို့ ပြုလုပ်ရမည့် ၀တ္တရားများ ဖြစ်ကြ၏။ ထိုကြောင့် ကမ္ဘာရှိ ကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွ ဖြစ်၍ စစ်မက်တားမြစ်ရေး၊ အလုပ်လက်မဲ့ပပျောက်ရေး အကြောင်းစနစ်ကို ရှာဖွေနေကြ၏။ အခြေ အထူးမလှသော စပိန်ပြည်နှင့် တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်နေကြရ၏။ ထိုကြောင့် အချိန်နှင့်အခါအလျောက်လည်း ကျောင်းသား၏ ၀တ္တရားလည်း ကွဲလာ၏။ ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရားအားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများ သည် ယခုလူများကဲ့သို့ မညီညွတ် မလုပ်တတ်၊ မကိုင်တတ် မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထို အသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသော သူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။


မောင်အောင်ဆန်း၊ ဘီ-အေ


မြန်မာနိုင်ငံဆိုင်ရာ၊ 


သမဂ္ဂအသင်း ဥက္ကဋ္ဌ