အိမ်ရာတွေနဲ့ အစိုးရတရပ်ရဲ့တာဝန်


(စင်ကာပူ၊ သြစတြေးလျမှသည် မြန်မာပြည်သို့-၃)


သူငယ်ချင်းရေ ငါအခု သြစတြေးလျမှာ ငှားနေတဲ့အိမ်ရဲ့ စာတိုက်ပုံးထဲကို အိမ်ပွဲစားတယောက် ကြော်ငြာလာ ထည့်သွားတယ်။ အဲဒီကြော်ငြာထဲမှာတော့ ငါတို့ရပ်ကွက်ထဲက ဆောက်လက်စ တထပ်တိုက်ပုလေးကို ဘယ်ဈေးနဲ့ရောင်းမယ်ပေါ့။ အိမ်လေးက အိပ်ခန်းသုံးခန်း၊ အိမ်သာရေချိုးခန်း နှစ်လုံး၊ ကားတစီးစာ ကားဂိုဒေါင် စသဖြင့် ပါတဲ့အိမ်ပေါ့။ ငါစိတ်ဝင်စားမိတာက အဲဒီအိမ်ထက်ကို ဒီအိမ်ကိုဝယ်ရင် First Home Buyer Grant လို့ခေါ်တဲ့ ပထမဆုံး အိမ်ဝယ်သူကို အစိုးရပေးတဲ့ထောက်ပံ့ကြေး သြ စတြေးလျဒေါ်လာ တသောင်းခွဲရနိုင် တယ်ဆိုတဲ့အကြောင်းလေးကိုပဲ။ မင်းသိတဲ့အတိုင်းပဲ ငါတို့မြန်မာပြည်မှာ လည်း ကျူးကျော်ပြဿနာက တော် တော်ကြီးမားတယ်လေ။ နေစရာမရှိလို့ တကယ်ပဲကျူးကျူး၊ စီးပွားဖြစ်ပဲ ကျူးကျူး နိုင်ငံတော်ပိုင်ဖြစ်ဖြစ် ကုမ္ပဏီ ပိုင်ဖြစ်ဖြစ် တဦးချင်းပိုင်ဖြစ်ဖြစ် ဘယ် သူကမှ ဘယ်သူ့ကိုကျူးတာဟာ မကောင်းဘူးမဟုတ်လား။ အဲဒါကြောင့် ဒီနိုင်ငံတွေမှာ ဘာလို့ကျူးကျော်မရှိလဲ။ ဒါမှမဟုတ် ဘာကြောင့် အိမ်ခြေမဲ့တွေ မများရလဲ၊ အဲဒီလိုမများအောင် အစိုးရ ဘယ်လိုလုပ်ဆောင်နေလဲ၊ အစိုးရလုပ်ဆောင်ချက်တွေ ထောက်ပံ့ကြေးတွေက တကယ်ရော ထိရောက်မှုတွေရှိရဲ့လားဆိုတာတွေကို လိုက်လေ့လာဖြစ်တဲ့အကြောင်း ဒီတခေါက်ပြောပြချင်တယ်။ မင်းအချိန်ရရင် အေးဆေးဖတ်ပေါ့ကွာ။


ဟုတ်တယ်ကွ။ ဒီမှာ အိမ်ဝယ်မယ်ဆိုရင် အိမ်မရှိသေးတဲ့လူက အစိုးရဆီကနေ ထောက်ပံ့ကြေး ဒေါ်လာ ၇,၀၀၀ ကနေ ဒေါ်လာ ၂၆,၀၀၀ အထိ အိမ်ဝယ်တဲ့ ပြည်နယ်ပေါ်မူတည်ပြီး ရနိုင်တယ်။ မင်း မြန်မာငွေနဲ့ တွက်ချင်တယ်ဆိုရင်တော့ အကြမ်းဖျင်း ငွေလဲနှုန်း သြစတြေးလျတဒေါ်လာကို မြန်မာငွေ ၁၀၀၀ နဲ့ အလွယ်တွက်ကြည့်ရင်တော့ မြန်မာငွေကျပ် သိန်း ၇၀ ကနေ သိန်း ၂၆၀ အထိ အစိုးရဆီကရနိုင်တဲ့ သဘောပေါ့။ ပြည်နယ်ပေါ်မူတည်ပြီး မတူဘူးဆိုလို့ မင်းစိတ်ဝင်စားနေပြီ မဟုတ်လား။ ဟုတ်တယ်ကွ။ ဒီမှာက ဖက်ဒရယ်လ်စနစ်ဆိုတော့ ပြည်နယ်တခုနဲ့တခု လုပ်ဆောင်ပုံ အုပ်ချုပ်ပုံထောက်ပံ့ပုံတွေက မတူဘူး။ ငါတို့နိုင်ငံမှာဆိုရင်တော့ ဖက်ဒရယ်လ်ဆိုတာနဲ့ ခွဲထွက်ရေးဆိုတာကြီးကိုပဲ ပြေးမြင်နေတဲ့ သူတွေရယ်၊ ဖက်ဒရယ်လ်ဆိုတာထက်ကို ပိုပြီးလိုချင်နေတဲ့ သူတွေရယ်ကြောင့်ပဲ ငြိမ်းချမ်းရေးဆိုတာကြီးကလည်း ကမ်းမမြင် လမ်းမမြင်ကြီးကိုဖြစ်လို့။ ထားပါ။ ငါပြောချင်တာက ဒီမှာအိမ်ဝယ်တဲ့အကြောင်း။ အရင်တုန်းကဆိုရင်တော့ ဒီကအစိုးရက အိမ်အသစ်ပဲဝယ်ဝယ် အဟောင်းပဲဝယ်ဝယ် ဒေါ်လာ ၇,၅၀၀ ပဲထောက်ပံ့တယ်။ အဲဒီလိုထောက်ပံ့ခြင်းအားဖြင့် အိမ်မ၀ယ်နိုင်တဲ့ သူ့နိုင်ငံသားတွေ အိမ်ဝယ်နိုင်လာမယ်၊ အိမ်ခြံမြေဈေးကွက် အသက်ဝင်လာမယ်၊ အိမ်ပွဲစား၊ စာရင်းကိုင်၊ ဘဏ်စာရေး၊ အိမ်ခြံမြေရှေ့နေ၊ နောက်ဆုံးပြောရရင် အိမ်ပြောင်းရွှေ့ပေးတဲ့ အလုပ်သမား၊ ကားဒရိုင်ဘာ စတာတွေအတွက်ပါ အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်။


အခုနောက်ပိုင်းကြတော့ ပြည်နယ်အစိုးရတော် တော်များများက အိမ်အဟောင်းဝယ်တာကို ထောက်ပံ့ ကြေးမပေးတော့ဘဲ အိမ်အသစ်ဆောက်မှ ဒါမှမဟုတ် ဆောက်ပြီးသား ဘယ်သူမှမနေရသေးတဲ့ အိမ်အသစ် ကိုဝယ်မှ ထောက်ပံ့ကြေးပေးတော့တယ်။ ဒါကလည်း တနည်းအားဖြင့် သူတို့ရဲ့ အိမ်အိုအိမ်ဟောင်းတွေကို ပြန်ဖျက်ပြီး အိမ်အသစ်တွေနဲ့လှပသပ်ရပ်နေတဲ့ မြို့တွေတည်ဆောက်ဖို့၊ ပြီးတော့ ပန်းရန်၊ အုတ်စီ၊ လက် သမား၊ ပိုက်သမား၊ မီးသမား စတဲ့သူတွေ အလုပ်အကိုင်ရရှိ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွေ ငွေကြေး လည်ပတ်မှု၊ စီးဆင်းမှု အားပိုကောင်းအောင် လုပ်တဲ့သဘောပေါ့ကွာ။ ဒီအချိန်မှာ မင်းဘာကိုတွေးနေလဲဆိုတာ ငါသိတယ်။ အခုလောလောဆယ် အရင်အစိုးရရဲ့ခွင့်ပြုချက်တွေကို ပြန်လည်စိစစ်ဖို့ဆိုပြီး ရပ်ထားတဲ့တိုက် တွေကြောင့် ရပ်တန့်သွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအကြောင်း တွေးနေတယ်မဟုတ်လား။ ဟုတ်တယ်ကွ ဒါဟာ ငါတို့အတွက်တော့ သင်ခန်းစာယူစရာပဲမဟုတ်လား။ အေး ဒီမှာကတော့ အစစ အရာရာအစိုးရက ပြည်သူတွေအတွက် စဉ်းစားကြတယ်။ မစဉ်းစားလို့လည်း မရဘူးလေ၊ နောက်ရွေး ကောက်ပွဲအနိုင်ရဖို့က ကိုယ်အာဏာရထားတဲ့အချိန်မှာ အကောင်းဆုံးလုပ်ထားမှ မဟုတ်လား။ အဲဒီတော့ တနည်းအားဖြင့် လူတယောက်က သူ့ရဲ့ပထမဆုံးအိမ်ဝယ်တော့မယ်ဆိုရင် ဘဏ်ကနေ ပိုက်ဆံချေးနိုင် မလားဆိုတာကို စုံစမ်းရတယ်။ ပုံမှန်ဝင်ငွေရတဲ့အလုပ် အကိုင်တခုတော့ရှိနေမှ ဘဏ်ကချေးတာပေါ့။ တခြား ပြည်နယ်တော့ မသိဘူးကွာ။ ငါနေတဲ့ ပြည်နယ်မှာတော့ အိမ်ဈေးက ဒေါ်လာ ၂ သိန်းခွဲ ၀န်းကျင်လောက် ဆိုရပြီ။ ဘဏ်ကနေ ၉၀% လောက်အထိ ချေးပေးတယ်ဆိုတော့ ၁၀% ဖြစ်တဲ့ ဒေါ်လာ နှစ်သောင်းခွဲပဲ ပေးရမယ်။ နှစ်သောင်းခွဲမှာ တသောင်းခွဲလောက်က အစိုးရဆီက ထောက်ပံ့ကြေးရမယ်ဆိုတော့ တသောင်း လောက်စုငွေရှိရုံနဲ့ အိမ်တလုံးဝယ် ကျန်တာကို ဘဏ်က လစဉ်ကိုယ့်အကောင့်ထဲက ဖြတ်သွားတာပဲ။


ငါတို့နိုင်ငံအတွက်ဆိုရင်တော့ စင်ကာပူအစိုးရရဲ့ ထောက်ပံ့ကြေးအကြောင်းလေးတွေနဲ့ ပိုကိုက်ညီမယ်လို့ ထင်တယ်ကွ။ စင်ကာပူရဲ့ ထောက်ပံ့ရေး အကြောင်းမပြောခင် သူ့ရဲ့သမိုင်းကြောင်းလေး နည်းနည်းရှင်းပြ ချင်တယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့ နောက် စင်ကာပူနိုင်ငံရဲ့ အိမ်ရာအခြေအနေဟာ ဘယ်လောက်ဆိုး နေသလဲဆိုတဲ့အကြောင်းကို British Housing Committee ရဲ့ Report ထဲမှာ စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး၊ လူနေမှုထူထပ်၍ စိတ် ပျက်ဖွယ်ရာအနေအထားနဲ့ ပြည့်နှက်နေသော လူမှုအဖွဲ့ အစည်းဖြစ်သည်လို့ ဖော်ပြထားတယ်။ ၁၉၅၉ နောက်ပိုင်း သီးခြားနိုင်ငံဖြစ်လာတဲ့ စင်ကာပူဟာဆိုရင် အိမ်ရာမလုံလောက်မှုတွေနဲ့ ပြည့်နှက်လို့နေခဲ့ပြီး နောက်ပိုင်းတော့ မင်းလည်းသိကြတဲ့အတိုင်း လီကွမ်ယု ဦးဆောင်တဲ့ PAP အစိုးရတက်လာပြီးတဲ့နောက်မှာ HDB (Housing and Development Board) လို့ ခေါ်တဲ့ အစိုးရအဖွဲ့အစည်းက တိုက်ခန်းတွေကို အရေးတကြီးဆောက်လုပ်ပြီး လူတွေကို ၀ယ်ယူနေထိုင်စေခဲ့တယ်တဲ့။ စင်ကာပူနိုင်ငံကသေးတဲ့အတွက် နေရာအခက်အခဲကြောင့် အထပ်မြင့်တွေကိုပဲဆောက်ခဲ့တော့ တဲနဲ့နေတဲ့ လူတွေ တိုက်ပေါ်ကိုမတက်လို့ အတင်းတွန်းတင်ခဲ့ရတဲ့အပိုင်းတွေလည်း ရှိတာပေါ့ကွာ။ မင်းမှတ်မိလားတော့ မသိဘူး။ စင်ကာပူရဲ့ အမျိုးသားပြတိုက်ကို ငါတို့ရောက်တုန်းက HDB တိုက်ခန်းပေါ်ကို ၀က်တွေ၊ ကြက်တွေခေါ်ယူပြီး မွေးဖို့လုပ်ကြတဲ့ သမိုင်းဓာတ်ပုံလေးတပုံကို ငါတို့ ကြည့်ခဲ့ရသေးတယ်လေ။


သမိုင်းကြောင်းကိုပြောနေတာနဲ့ပဲ စင်ကာပူမှာ အိမ်ဝယ်နိုင်ဖို့ အစိုးရအထောက်အပံ့တွေအကြောင်းကို မရောက်တော့ဘူးဖြစ်နေတယ်။ အေး စင်ကာပူမှာ လည်း နိုင်ငံသားတွေအတွက် အစိုးရရဲ့ထောက်ပံ့ ကြေးကအမျိုးမျိုးရှိတယ်ကွ။ ဥပမာ အခုမှအိမ်ထောင်ကျပြီး အိမ်စ၀ယ်တဲ့သူဆိုရင် စုစုပေါင်း စင်ကာပူဒေါ်လာ တသိန်းတသောင်းအထိ၊ မိဘအိမ်နား ဒါမှမဟုတ် ကိုယ့်သား သမီးအိမ်နားမှာ အိမ်ဝယ်ရင် ဒေါ်လာ နှစ်သောင်းထိ၊ အိမ်ထောင်မရှိတဲ့ အသက် ၃၅ နှစ်အထက် လူလွတ် တွေဆိုရင် ဒေါ်လာငါးသောင်းခွဲအထိ အသီးသီးရကြတယ်ကွ။ ပြီးတော့ ကလေးရှိတယ်ဆိုရင် ပိုပြီးနေရာ ကောင်းတဲ့၊ အသစ်ဆောက်လုပ်နေတဲ့ တိုက်ခန်းတွေကို ၀ယ်ယူခွင့်လည်းရှိ တယ်။ ပြီးတော့ သူတို့အတွက်အိမ်ကို လွယ်လွယ်ကူကူနဲ့ ၀ယ်လို့ရစေမယ့် အဓိက အကြောင်းကတော့ CPF (Central Provident Fund) ကြောင့်ပဲ။ စင်ကာပူမှာ အလုပ်လုပ်တဲ့ နိုင်ငံသားတိုင်း ကိုယ့်လစာ ရဲ့ ၂၀% နဲ့ ကိုယ့်အလုပ်ရှင်က ၁၅ ဒသမ ၅% ကို ကိုယ့်ရဲ့ CPF အကောင့်ထဲကို လစဉ်ထည့်ထားရတယ်။ အဲဒီအကောင့် ထဲက ပိုက်ဆံကို အသက် ၆၅ နှစ်ကျော်မှ နည်းနည်းစီပြန်ထုတ် ပေးတယ်။ ဒါမှမဟုတ် ရင်တော့ ဆေးကုတဲ့အခါ၊ ကိုယ့်သားသမီး ကျောင်းစရိတ် အနည်းငယ်နဲ့အိမ်ဝယ်တဲ့အခါ ထုတ်ယူသုံးစွဲ ခွင့်ရှိတယ်ကွ။ အဲဒီတော့ လစဉ်ဘဏ်ကို အကြွေး ပြန်ဆပ်တဲ့အခါ ကိုယ့်အိတ်ကပ်ထဲကနေ မထွက် တော့ဘဲ CPF အကောင့်ထဲကနေပဲ ပုံမှန်ဖြတ်သွားတာပေါ့။ အဲဒီ HDB တိုက်ခန်းတွေကိုဝယ်ပြီး နေတဲ့အခါမှာလည်း အနည်းဆုံးငါးနှစ် ကိုယ်တကယ်နေရမယ်၊ ပြန်မရောင်းရဘူး၊ သူများကို ငှားမစားရဘူး ဆိုတဲ့ စည်းကမ်းချက်တွေရှိသေးတယ်။ ငါကြားဖူးတာတော့ ဟိုးအရင် HDB စဆောက်ခါစကဆိုရင် အနည်းဆုံး အနှစ်သုံးဆယ်နေရမယ်တို့၊ ၀ယ်ပြီးရင် အဲဒီမှာပဲနေ ပြန်ရောင်းရင် အပြင်လူဝယ်ခွင့်မရှိဘူး၊ အစိုးရကပဲ ပြန်ဝယ်တယ်ဆိုတဲ့ အကြောင်းတွေတောင် ကြားဖူးတယ်။ အဓိကတော့ အိမ်မရှိတဲ့လူတွေ တကယ်နေအောင် ထိန်းချုပ်ခဲ့တာတွေပေါ့ကွာ။


စင်ကာပူလူဦးရေရဲ့ ၈၀ %  ဟာ အဲဒီအစိုးရဆောက်လုပ်ပေးတဲ့ HDB တိုက်ခန်းတွေမှာနေပြီး ကျန်တာကတော့ ကွန်ဒိုတွေနဲ့ လုံးချင်းအိမ်တချို့မှာ နေကြတယ်တဲ့ကွ။ မင်းကတော့ပြောမယ်၊ စင်ကာပူတို့ သြစတြေးလျတို့က ချမ်းသာတာကိုး ပြည်သူတွေကို ထောက်ပံ့ပေးနိုင်မှာပေါ့လို့။ ငါပြောချင်တာက တခြား နိုင်ငံကြီးတွေအတိုင်း တပုံစံတည်းလိုက်လုပ်ဖို့မဟုတ်ဘူး။ ဆင်လည်း ဆင်အထွာ၊ ဆိတ်လည်း ဆိတ်အထွာနဲ့ ကိုယ်နိုင်တာလေးကို အကောင်းဆုံးလုပ်ဖို့အကြံပေးချင်တာပါကွာ။


ဟိုတလောကပဲ ရန်ကုန်တိုင်းအစိုးရကလည်း ကျူးကျော်တွေအတွက် စီစဉ်ပေးဖို့လုပ်ကိုင်ဆောင်ရွက် နေတဲ့အကြောင်းတွေ ဖတ်ရတော့ ၀မ်းသာမိခဲ့သေးတယ်ဟေ့။ ဘာတဲ့ ၂၀၁၆ မေလတုန်းက ရန်ကုန်တိုင်း ၀န်ကြီးချုပ်ပြောသွားတာ ကျူးကျော်တွေကို စာရင်း ကောက်တာ ဒီဂျစ်တယ်နည်းပညာနဲ့ လက်ဗွေနဲ့ မျက်နှာတွေကို မှတ်တမ်းယူမယ်ဆိုလား၊ Smart card တွေ ထုတ်ပေးတယ်ဆိုလား။ အဆင့်ကတော့ တယ် မြင့်တာပါလားလို့။ ဟိုးတလောက ကောက်ထားတဲ့ စာရင်းအရဆိုရင်တော့ ရန်ကုန်မြို့မှာတင် ကျူးကျော် အိမ်ခြေတသိန်းကျော်ရှိပြီး နေထိုင်သူ လေးသိန်းကျော်ရှိတယ်တဲ့ကွ။ စမတ်ကတ်တွေ ထုတ်ပေးပြီး တော့တောင် တကတ်ကို သိန်းနှစ်ဆယ်လောက်နဲ့ လိုက်ဝယ်နေကြတယ်ဆိုပြီး သတင်းတွေတက်လာ တော့ ရှေ့ကလုပ်သွားပြီး အနောက်က ဖြစ်ချင်တိုင်းဖြစ်နေရင်တော့ လုပ်သမျှအရာရောက်မှာမဟုတ်ဘူးလို့ တွေးမိလိုက်သေးတယ်။ အခုတော့ ဘယ်လိုအခြေအနေရှိတယ်မသိဘူးပေါ့ကွာ။ စမတ်ကတ်နဲ့ လက်ဗွေ ရှိသူကိုပဲ အိမ်ရာကိုပေးမယ်ဆိုတော့ ဘယ်ဈေးနဲ့ပေးမှာလဲ၊ အစိုးရဈေးနဲ့လား၊ အလကားပေးမှာလား၊ ၀ယ်ပြီး ဒါမှမဟုတ် အစိုးရဆီကယူပြီး ပြန်ရောင်းစား၊ ပိုက်ဆံတွေယူပြီး တခြားနေရာမှာထပ်ကျူးရင် ဘယ်လို လုပ်မလဲ၊ စင်ကာပူမှာလို ငါးနှစ်အနည်းဆုံးနေရမယ် ဆိုတာမျိုး၊ ဟိုးအရင်ကလို တခြားလူကို ပြန်ရောင်းလို့မရဘဲ အစိုးရကိုပဲ ပြန်ရောင်းခွင့်ရှိတယ်ဆိုတာမျိုး၊ ဒါမှမဟုတ် ကိုယ်မနေချင်တော့ရင် အစိုးရကို ပြန်အပ် ရမယ်ဆိုတာမျိုးတွေရောရှိသလား။ ကျူးကျော်မဟုတ်ဘဲ ရန်ကုန်မြို့နေ အောက်ခြေလူတန်းစားတွေအတွက် ရော ဘယ်လိုအိမ်ရာစီမံချက်တွေရှိလဲ။ ဆိုတဲ့မေးခွန်းတွေ ငါ့ခေါင်းထဲဝင်လာတယ်။ သိန်း ၁၀၀၊ သိန်း ၂၀၀ လောက်နဲ့ စီမံချက်တွေအကြောင်းတော့ ကြား ပေမဲ့ မြန်မာပြည်ရဲ့အတိုးနှုန်းတွေက ၈% ၊ ၁၀%  ဆိုတော့ တော်ရုံလူမ၀ယ်နိုင်ဘူးပေါ့ကွာ။ သြစတြေး လျတို့၊ စင်ကာပူတို့ဆို အတိုးနှုန်းက ၂%  ကနေ ၅% အများဆုံးပဲ။ ပြီးတော့ အရေးအကြီးဆုံးက အောက်ခြေလူတန်းစားတရပ် တကယ်ဝယ်နိုင်၊ မ၀ယ်နိုင်ဆိုတာပဲ။ ဥပမာကွာ သိန်း ၁၅၀ တန် တိုက် ခန်းတခန်းကို မြန်မာ့အတိုးနှုန်း ၁၀% နဲ့ အခြားနိုင်ငံတွေလို အနှစ် ၃၀ ဆပ်မယ်ဆိုရင် တလကို တသိန်းကျော်ကျော်လောက် ဆပ်ရမယ်ဆိုတော့ကာ အခြေခံ လစာတရက် ၅,၆၀၀ ရခဲ့တယ် ဆိုရင်တောင် တလတသိန်းခွဲလောက်ရတာကို အိမ်အတွက် တသိန်းကျော်ဆပ်ရမယ်ဆိုရင်တော့ ငါတို့ပြည်သူတွေ ကိုယ်ပိုင်အိမ်လေးနဲ့နေရဖို့ အိပ်မက်တွေဟာ ဝေးကွာနေဆဲဖြစ်နေမှာပဲကွ။ ဘာပဲဖြစ်ဖြစ် နိုင်ငံသူနိုင်ငံသားတွေ အိုးပိုင်အိမ်ပိုင်နဲ့နေနိုင်ဖို့အတွက် ပေါ်လစီတွေချပေးဖို့ချတဲ့ ပေါ်လစီတွေ အကောင် အထည်ဖော်ဖို့ အကောင်အထည်ဖော်ပြီး ရေရှည်ထိန်းသိမ်းသွားဖို့ဆိုတာ အစိုးရတိုင်းရဲ့တာဝန် မဟုတ်ပါလားကွာ။


မင်းရဲ့သူငယ်ချင်း


စည်သူ(သံလွင်)