အမိန့်ထုတ်ပြီးလျှင် မြဲစေချင်


''ရန်ကုန်မြို့တော်အတွင်း ယာဉ်မရပ်ရနေရာ၌ ရပ်တန့်ထားသောယာဉ်များ၊ ယာဉ်နှစ်ထပ်ရပ်တန့်ထားသော ယာဉ်များ၊ ဖြူနီကျားရေးဆွဲထားသည့်နေရာတွင် ရပ်ထားသောယာဉ်များ၊ အချက်ပြမီးပွိုင့်ဧရိယာအတွင်း ရပ်တန့်ထားသော ယာဉ်များအား မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း'' ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ သတိ ပေးကြော်ငြာစာကို (၁၈-၁-၁၈)ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖတ်ရှုခဲ့ရပါသည်။


သည်လိုသတိပေးချက်မျိုး ယခင်ကလည်း အကြိမ်ပေါင်းများစွာတွေ့ဖူး၊ ကြား ဖူးခဲ့လှပြီဖြစ်ပါသည်။ ကောက်ရိုးမီးလို ဟုန်းခနဲထတောက်ပြီး ခဏကြာတော့ ပြန်ငြိမ်သွားတတ်တာမျိုးပါ။ ''စီမံချက်ရှိတယ်'' ဆိုပြီး ၀ုန်းဝုန်း ၀ုန်းဝုန်းနှင့်တွေ့ရာ မြင်ရာ အကုန်လိုက်ဖမ်းပြီး နောက်နေ့ကျတော့ ဒုံရင်းက ဒုံရင်းပဲ ပြန်ဖြစ်သွားတာမျိုးတွေ ကို ပြည်သူလူထုက မြင်ပြင်းကတ်၊ စက် ဆုပ်ရွံရှာနေကြပါပြီ။


လုပ်ပြီဆိုလျှင် ဇွဲနပဲနှင့် စဉ်ဆက် မပြတ်နေ့စဉ်ရက်ဆက် ဖမ်းဆီးအရေးယူစေချင်မိပါသည်။ ဥပမာပြရလျှင် ရွှေဘုံသာ လမ်းအလယ်ဘလောက်နှင့် အောက်ဘလောက်တို့သို့ သွားကြည့်ကြပါ။ ဆေးခန်းများ၊ ရွှေဆိုင်များနှင့် စားသောက်ဆိုင်များသို့ လာကြသည့် ကားများမှာ (မူလရပ်ထားသည့်တစီးရှေ့မှ နောက်တစီးကထပ်၍ ကန့်လန့်ဖြတ်ပြီး) T ပုံသဏ္ဌာန် နှစ်ထပ်ရပ် နားထားတတ်ကြသည်မှာ နေ့တိုင်းလိုပါ။ လာဖမ်းလျှင် ကရိန်းလာဆွဲလျှင် မောင်းပြေးကြသည်။ ခဏအကြာ ဖမ်းတာဆီးတာမရှိတော့သည်နှင့် မူလအတိုင်းပြန်၍ ရပ်နားထားတတ်ကြပါသည်။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် တခါလောက်လာဖမ်းပြီး . . . ပြီးရော ဖြစ်မသွားကြစေလိုပါ။ နာရီဝက်၊ တနာရီအကြာတွင် ထိုနေရာသို့ တကျော့ပြန်ဝင်စစ်ကာ နှစ်ထပ်ရပ် ထားသော ယာဉ်များတွေ့လျှင် ထပ်မံဖမ်းဆီးအရေးယူပါ။ ကရိန်းဖြင့်ဆွဲသွားပါ။ ထွက်မပြေးနိုင်စေရန် ပြေးသွားလျှင်လည်း မပြေးမီယာဉ်နှစ်ထပ်ရပ်ထားခဲ့ကြောင်း သက်သေပြနိုင်စေရန် ယာဉ်အားလုံးကို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ထားပါ။ ကရိန်းနှင့် ချက်ချင်းဆွဲသွားရန် အခက်အခဲရှိလျှင် စည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို 'ထူးခတ်' (Locked ချ)ထားလိုက်ပါ။ ပြီးမှ တစီးချင်းကရိန်းလာဆွဲနိုင်ပါသည်။


ကျွန်တော်တို့လူမျိုးများသည် အမိန့်ထုတ်ရုံမျှနှင့် မကြောက်တတ်ကြပါ။  ရိုင်းရိုင်းပြောရလျှင် သောက်ဂရုကို မစိုက်ကြပါ။ ၎င်းအမိန့်တည်မြဲနေအောင် ဖမ်းဆီး၊ အရေးယူ၊ ဒဏ်ငွေရိုက် (နည်းလို့ကတော့ ပျင်းတောင် ပျင်းသေး) ထောင်ချပြလိုက်မှ ကြောက်တတ်၊ လိုက်နာတတ်ကြသည့် အမျိုးတွေပါ။ သည်လိုလူမျိုးတွေကို ခုလိုအမိန့်ထုတ်ပြန်လိုက်ပြီးလျှင် လိုက်နာစောင့်ထိန်းခြင်း ရှိ၊ မရှိ အမြဲတစေ စောင့် ကြည့်နေနိုင်မှသာ တော်ကာကျပါမည်။ အမိန့်ထုတ်ရကျိုးလည်း နပ်ပါမည်။


နှစ်ထပ်၊ သုံးထပ် ရပ်ထားသော ကားများဖြစ်စေ၊ ကိုယ့်အိမ်ရှေ့ (သို့မဟုတ်) လမ်းဘေးသင့်တော်ရာ တနေရာတွင် ရပ်ထားသောကားများဖြစ်စေ သေချာလိုက်ကြည့်ရှုပါ။ ကားပိုင်ရှင်/ယာဉ်မောင်းအား ဆက်သွယ်ရန် ဖုန်းနံပါတ်ဖော်ပြပေးထား သည့်ကားမှာ အလွန်နည်းလှပါသည်။ ကား ပိုင်ရှင်/ယာဉ်မောင်း အများစုကြီးမှာ လူမှုရေးကို မသိနားမလည်၍ပဲလား၊ ဂရုစိုက် စရာမလိုဟုပင် သဘောထား၍ပဲလား မသိပါ။ ကားရှေ့ခန်းမှာ ဖုန်းနံပါတ်ဖော်ပြပေးထားရန် အလွန်ဝန်လေးတတ်ကြပါသည်။ တချို့ကတော့ ကိုယ့်ဖုန်းနံပါတ် ကို လူသိမ ခံချင်တာလားမသိပါ။ မည်သို့ပင်ဖြစ်စေ ကိုယ့်ကားကိုသူများ အိမ်ရှေ့၊ ဆိုင်ရှေ့၊ လုပ်ငန်းခွင်ရှေ့ ၀င်လမ်း ထွက်လမ်းပိတ်ပြီး ရပ်နားရတတ်သည့်အချိန်အခါ အခြေအနေမျိုး မကြာခဏ ကြုံတွေ့တတ်ကြ လေရာ ကိုယ့်ကားပေါ်မှာ ကိုယ့်ဖုန်းနံပါတ် (လက်ရှိအမြဲ အသုံးပြုနေသည့်နံပါတ်) တင်ထားပေးခဲ့ဖို့ မလုပ်မဖြစ် လုပ်သင့်ကြပါသည်။ ကိုယ့်ကားရပ်ထားခဲ့ပြီး သွားစရာ ရှိတာသွား၊ လုပ်စရာရှိတာလုပ်ပြီးလျှင် ပြန် ထွက်မည်ပြင်ကာမှ တခြားကားတစီးက ရှေ့မှပိတ်ရပ်နေပြီး ဖုန်းနံပါတ်လည်း တင်မသွားခဲ့ပါလျှင် အလွန်ဒုက္ခရောက်ရသလို ခံရလည်းခက်၊ ဒေါသလည်းထွက်ရပါသည်။


အထကက်ဖော်ပြခဲ့သည့် ဥပမာများတွင် ရွှေဘုံသာလမ်းကိုချည်း ရေးပြနေ၍ တမျိုးမထင်စေလိုပါ။ အများထင်သာမြင်သာမည့် ဥပမာပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ နှစ်ထပ်ရပ်သည့်ကားများကို အရေးယူလျှင် ရန်ကုန်မြို့တွင်း လေး၊ ငါး၊ ခြောက်နေရာရှိ ယာဉ်စီးရေ ရာနှင့်ချီကာ နေ့စဉ်လာရောက်ရပ်နားပြီး အရောင်း အ၀ယ်လုပ်နေကြသည့် ကားပွဲစားတန်းများကိုလည်း မူတခုချမှတ်ပေးခြင်း (သို့မဟုတ်) အရေး ယူခြင်းပြုမူ သင့်ပါသည်။ ၎င်းတို့ကားများ ရပ်နားထားတတ်ကြသည်မှာ အများပြည်သူနှင့် သက်ဆိုင်သော အစိုးရပိုင်မြေ (စည်ပင်မြေ)ဖြစ်ပါလျက် စည်ပင်အနေဖြင့် 'တရားဝင်' အခွန်မရရှိပါ။ အခွန်ဌာနက လည်း လုံးဝမရပါ။ ထိုနေရာများတွင် ယာဉ် ကြောပိတ်ဆို့မှု၊ တခါတရံကိစ္စရှိ၍လာ သည့် ယာဉ်များရပ်နားရန် အခက်အခဲ ကြုံရမှုများ နေ့စဉ် တွေ့ရတတ်ပါသည်။ သို့သော် သက်ဆိုင်ရာ ရဲစခန်းများနှင့် စည်ပင်ဌာနများကတော့ 'နှာစေး'နေကြဆဲပါ။


ယာဉ်ပိုင်ရှင်တဦး