စစ်ပွဲတွေ   မရှိတော့တဲ့အခါ


ဘာကြောင့် စစ်တိုက်နေသလဲဆိုသောမေးခွန်းအတွက် အဖြေများစွာရှိနိုင်သည်။ ရှုထောင့်ပေါင်းများစွာမှ အကြောင်းပြချက်ပေါင်းများစွာ၊ ဆင်ခြေဆင်လက်ပေါင်းများစွာ ရှိလာနိုင်လေသည်။ မတူညီသော လက်နက်ကိုင်အဖွဲ့တွေအားလုံးတွင် မတူညီသောအဖြေများရှိနေကြမည်ပင်။ မကြာသေးမီရက်ပိုင်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကြေညာချက်တခုထုတ်၏။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ပွဲ၊ တေးဂီတဖျော် ဖြေပွဲနှင့် ချစ်ကြည်ရေးဘောလုံးပွဲတို့၌ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကို နိုင်နှင့် ကိုဂျင်မီစီစဉ်သော ငြိမ်းချမ်းရေးသရုပ်ဖော်ပြ ကွက်အစီအစဉ်နှင့်ပတ်သက်၍ တပ်မတော်၏ဂုဏ် သိက္ခာနှင့် ပုံရိပ်ကို ထိခိုက်နစ်နာစေခြင်းကြောင့် ဦးမင်းကိုနိုင်ကို တပ်မတော်အနေဖြင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်းဟူ၍ဖြစ်သည်။ အထူးသဖြင့် ကလေးများကို စစ်စိမ်းရောင်ယူနီဖောင်းဝတ်ထားသူများက သေနတ်ဖြင့် ချိန်နေသောပြကွက်သည် တပ်မတော်ကို သိက္ခာကျစေသည်။


ထို့အပြင် ''လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှာ ကလေးစစ်သားများအဖြစ် တွေ့မြင်နေရခြင်းကြောင့် အဲဒီကလေးစစ်သားများက တက္ကသိုလ်မှာ ဆုံကြရမည့်အရွယ်များဖြစ်နေကြောင်း'' စသည် ဖြင့် ပြောကြားချက်သည် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးဟုဆိုသဖြင့် တပ်မတော်က ပါဝင်သည့် သဘော သက်ရောက်နေသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကြေညာချက်ထုတ် လေသည်။ တပ်မတော်သည် ၂၀၁၂ ကတည်းက ကုလသမဂ္ဂနှင့်ပေါင်းကာ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမှ ထိန်းသိမ်းရေးလုပ်ငန်းစဉ်ကို ကြိုးပမ်းကောင်အထည်ဖော်ဆောင် ရွက်နေမှုများနှင့် တိုးတက်မှုများကို ကိုမင်းကိုနိုင်နှင့်အဖွဲ့က မျက်ခြည်ပြတ်ကာ သိရှိမှုမရှိကြောင်း ထင်ရှားသည်ဟုဆိုကာ ကန့်ကွက်ချက်ထုတ်ခဲ့သည်။


ထိုသို့ တပ်မတော်မှကန့်ကွက်ခြင်းအပေါ် ကိုမင်းကိုနိုင်က သရုပ်ဖော်တင်ဆက်မှုကို အဓိပ္ပာယ်ကောက်ယူမှု၊ သတင်းထုတ်ပြန်မှု ပြည့်စုံရန်လိုအပ်သည်ဟု ဤသို့ပြောကြားခဲ့သည် ''နောက်ဆုံးတော့ သေနတ် ပြောင်းတွေကို မြေကြီးပေါ်စိုက်သွားပြီးတော့ ငြိမ်းချမ်းရေးချိုးငှက်တွေကို ပြိုင်တူလွှတ်လိုက်ကြတယ်ဆိုတဲ့ အပိုင်းက အရေးကြီးဆုံးပဲ။ အဲဒါက ကျွန်တော်တို့ အားလုံးဖြစ်စေချင်တဲ့ပုံကို သရုပ်ဖော်တာပဲ။ အဲဒါမျိုးတွေ ချန်ခဲ့လို့ မရဘူး။ လက်နက်ကိုင်ပဋိပက္ခလို့ပြောရင် ကျွန်တော်တို့တိုင်းပြည်မှာ တခုချင်းတဖွဲ့ချင်းဆိုတာကို ကွက်ပြီးတော့ ပြောနေလို့မရဘူးဗျာ။ အဲဒါကို ဒီခေတ်ယူနီဖောင်းကိုပဲဝတ်ကြရမှာပဲ။ ၀တ်ကြမယ်ဆိုတဲ့နေရာ မှာ ခုနပြောသလို ဘွဲ့တံဆိပ်တွေ၊ ဘာတွေ တခုမှမပါဘူး။ ဒီဟာက ဒီခေတ်ကိုဖြစ်တယ်ဆိုရင် ဒီအချက်ကို မိပြီပေါ့။ အဲဒါကို ကျွန်တော်တို့က ကုန်းဘောင်ခေတ်က မောက်တိုမောက်ရှည်တွေဝတ်ပြီးတော့ ပြလို့ရတာ မဟုတ်ဘူး''ဟု သူ့အယူအဆကို ရှင်းပြခဲ့သည်။


စာရေးသူအမြင်ကိုပြောရလျှင် အနုပညာဖန်တီးမှုနှင့် ရုံးလုပ်ငန်းဆန်ဆန် အလုပ်လုပ်ကြမှုတို့တွင် ကွာခြားချက် များစွာရှိသည်။ အနုပညာလုပ်ငန်းရပ်များဖြစ်သော စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ရုပ်ရှင်၊ ဇာတ်သဘင် စသော ပြကွက်များဖန်တီးမှုများတွင် ရုံးလုပ်ငန်းဆန်သောအမြင်များဖြင့် ဇလုပ်တိုက်၍မရ၊ ဆုံးဖြတ်၍မရပေ။ အနုပညာသည် လွပ်လပ်မှုကိုအခြေခံ၍ ဖန်တီးရသောအစစ်ကို အတုလုပ်ရသောပညာဖြစ်သည်။ ရှိရင်းစွဲထက် ဖန်တီးမှုတွေးခေါ်မှုခံစားမှုကို အခြေခံတည်ဆောက်ရသော ပညာဖြစ်သည်။ စာတပုဒ်၊ ၀တ္ထုတပုဒ်ရေးနေတိုင်း ဇာတ်လမ်းအရ ပါဝင်လာမည့် တက္ကသိုလ်ရှိမည်၊ ဆေးရုံရှိမည်၊ ရဲစခန်းရှိ မည်၊ အရက်ဆိုင်ရှိမည်။ ထိုနေရာများ ထိုဇာတ်ကောင်များပါလာတိုင်း တက္ကသိုလ်ပါမောက္ခချုပ်၊ မော်ကွန်းထိန်းတို့ထံမှ ထောက်ခံစာယူနေစရာမလို၊ ခွင့်ပြုမိန့် တောင်းနေစရာမလို၊ ရထားအကြောင်းရေးတိုင်း ရုံပိုင်ကြီးကိုသွားပြနေစရာမလို၊ အရက်ဆိုင် အကြောင်းရေး တိုင်းအရက်သမား၏ထောက်ခံချက်ကိုယူစရာမလို၊ သစ်ပင်တပင်ခုတ်သည့်အကြောင်း ပြဇာတ်ကရုံနှင့် သစ်တောဌာန၏ ထောက်ခံချက်ယူစရာမလို၊ KNU၊ KIA စသည့်အဖွဲ့များအကြောင်း ရိုက်သော ၀ါဒဖြန့်ရုပ်ရှင်ကားများအတွက် KNU တို့၊ KIA တို့၏ သဘောတူခွင့်ပြုချက်ယူစရာမလို၊ (ယူလည်းမယူခဲ့ကြပါ)။ ဂျပန်တော်လှန်ရေးဇာတ်ကားများအတွက် ဂျပန်သံရုံးမှ သဘောတူခွင့်ပြုချက်ယူစရာမလို။ အနုပညာသည် လွပ်လပ်စွာဖန်တီးမှုကိုအခြေခံသည်။


ယခုကိစ္စတွင်လည်း စစ်စိမ်းရောင်ယူနီဖောင်းကို ၀တ်ဆင်ခြင်းအား တပ်မတော်၏ခွင့်ပြုချက်ကို ရယူမှု မရှိခြင်း ဟု ထုတ်ပြန်ချက်ထဲ၌ ပါရှိသည်ကိုတွေ့ရပေသည်။ တပ်မတော်ဟူသောအမည်ကိုတပ်၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိ စော်ကားခြင်းမဟုတ်ဘူးဆိုလျှင် လွပ်လပ်စွာကပြသော ငြိမ်းချမ်းရေးသရုပ်ဖော်ကကွက်အား ဤမျှအထိ ဆတ်ဆတ်ထိမခံ တုံ့ပြန်နေ စရာလိုမည်မထင်ဟု ယူဆမိပေသည်။ အချို့သောကိစ္စများတွင် မသိလိုက် မသိဘာသာနေလိုက်ခြင်းဖြင့် ပို၍လူသိနည်းစေသည်။ ရှင်းကာမှ ပို၍လူတွေ သိကုန်ကာ ကြေညာသလို ဖြစ်တတ်သည်။


ရုရှားဝတ္ထုတပုဒ် ဖတ်ဖူးသည်။ ထိုဝတ္ထုထဲတွင် သူများဘယ်လိုထင်မလဲဆိုတာ အလွန်အလေးထားသော ရုရှားလူဂုဏ်တန်လူပျိုကြီးတယောက်ရှိသည်။ သူသည် အိမ်တွင် အန်နာဆိုသော အိမ်ဖော်မလေးနှင့်အတူနေ သည်။ အန်နာသည် မနက်သွားည နေပြန်တနေကုန် အိမ်တွင်အလုပ်လုပ်သည်။  တနေ့တွင် သူသည် အန်နာလာပေးသော လတ်လတ်ဆတ် ဆတ်ငါးကင်တကောင်ကို ဆာလောင်လွန်းသည့် အပြင်အနံ့အရသာနှင့် ပြည့်စုံသောကြောင့် ရွှတ်ခနဲနမ်းလိုက်မိသည်။ သူ ထိုသို့ငါးကင်ကိုနမ်းလိုက်ပြီးမှ အိမ်အပြင်တွင် လူတယောက် ရပ်နေသည်ကို သတိပြုမိသွားသည်။ ထိုသူသည် အိမ်နီးချင်းတယောက်ဖြစ်သည်။ ထိုအခါ လူပျိုကြီးက သူသည် ခုနကငါးကင်ကို နမ်းလိုက်တာဖြစ်ကြောင်း၊ အန်နာကိုနမ်းလိုက်တာ မဟုတ်ရပါကြောင်း ဖြေရှင်း ပြောဆိုသည်။ ထိုသူကလည်း ယုံပါသည်ဟုပြောသည်။ သို့သော် လူပျိုကြီး က မကျေနပ်၊ ယုံပါသည်ဆိုသူ၏ မျက်နှာတွင် မယုံသလိုဖြစ်နေသော အရိပ်အယောင်တွေရှိနေသည်ဟု သူ့ဘာသာ မလုံမလဲတွေးမိသည်။ ထို့ကြောင့် သူ့အိမ် နားနီးချင်းများကို တအိမ်ဝင်တအိမ်ထွက် လိုက်လံတွေ့ဆုံကာ မနက်က သူ့အိမ်မှ ထွက်ပေါ်လာသော ရွှတ်ခနဲနမ်းရှုပ်သံမှာ ငါးကင်ကို နမ်းလိုက်သောအသံဖြစ်ကြောင်း အန်နာကိုနမ်းသောအသံမဟုတ်ကြောင်း ရှင်းပြသည်။ သူက လူတွေ့တိုင်း ထိုအကြောင်းကိုပဲ ရှင်းပြနေ သောအခါ အချို့လူများက ထိုလူပျိုကြီးသည် အန်နာဆိုသော အိမ်ဖော်ကောင်မလေးကို အနိုင်ကျင့်ပြီး နမ်းလိုက်၍သာ ဤသို့ အိုးမလုံအုံပွင့်ပြီး လိုက်လံရှင်းပြနေတာဖြစ်နိုင်ကြောင်း၊ ငါးကင်ကိုနမ်းသည်ဆိုခြင်းမှာ လီဆယ်ပြောဆိုခြင်းဖြစ်နိုင်ကြောင်း ဝေဖန်လာကြလေသည်။ နောက်တော့ တရွာလုံးကလူများမှာ လူပျိုကြီး မည်မျှပင်ရှင်းပြစေကာမူ သူ့အိမ်မှထွက်ပေါ် လာသောရွှတ်ဆိုသည့်အသံသည် ငါးကင်ကိုနမ်းတာ မဟုတ်ဘဲ အန်နာကိုနမ်းတာသာဖြစ်ကြောင်း၊ အန်နာနှင့် လူပျိုကြီးမှာ တိတ်တိတ်ပုန်းညားနေကြပြီဖြစ်ကြောင်း အခိုင်အမာ ယူဆကုန်ကြလေသည်။ ဤကား မလိုအပ်ဘဲရှင်းလျှင် ရှုပ်တတ်ကြောင်း လူ့သဘာဝ အဖွဲ့ဝတ္ထုတပုဒ်ဖြစ်ပေသည်။


မကြာသေးမီရက်ပိုင်းက ကျွန်တော်သည်  မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့သို့ စာပေ ဟောပြောပွဲ ရောက်ရှိခဲ့လေသည်။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)၊ ဆရာမ ဂျူးတို့နှင့် အတူသွားခြင်းဖြစ်သည်။ ကျွန်တော်နှင့် ဆရာမဂျူးက ဇန်န၀ါရီ ၂၄ ရက်နေ့တွင် ဟောရပြီး ၂၅ ရက်နေ့တွင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)တို့ ဟောပြောကြသည် ဖြစ်ရာ ၂၅ ရက်နေ့ တွင် ကျွန်တော်သည် အားလပ်နေပါသည်။ ထိုအခါ စာပေကော်မတီက ထိုင်းနိုင်ငံ ဘက်ကမ်းရနောင်းမြို့သို့ လိုက်ပို့မည်ဟု ပြောပါသည်။ သို့သော်စာပေကော်မတီဝင်များ လိုက်ပို့စရာမလို တော့ပါ။ ရန်ကုန် တက္ကသိုလ်တွင်တက်စဉ်က ရွှေဘိုဆောင်တွင်နေခဲ့သော ကျောင်းနေဘက်သူငယ်ချင်း ဖြစ်သူ ကိုခင်စိုးရောက် လာကာ ရနောင်းဘက်ကမ်းသို့ လိုက်ပို့မည်ဟု ပြောပါသည်။ မနက်ကိုးနာရီခန့်တွင် ကော့သောင်းကမ်းနား လမ်းရှိ ယာယီနယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်ပြုလုပ်ပေးသောရုံးသို့ ရောက်ခဲ့ပါသည်။ ထိုရုံးတွင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass) လုပ်ရပါသည်။ ဖြတ်သန်းခလက်မှတ်ဖိုး မြန်မာငွေတထောင်ကျပ်ပေးရ ပါသည်။ လက်မှတ်ရသောအခါ စက်လှေဆိပ်သို့ ဆင်းကြပါသည်။ မြန်မာ ဘက်ကမ်းတွင် သိပ်ပြီးအစစ် အဆေးမရှိပါ။ စက်လှေများမှာ သိပ်အကောင်းကြီးမဟုတ်ပါ။ အင်းလေးမှ တိုးရစ်များစီးသော စက်လှေများလောက် မကောင်းပါ။ သို့သော် ပေါင်းမိုးလေးတွေ ပါပါသည်။ အသက်ကယ် အင်္ကျီတွေ ပါပါသည်။ မြန်မာဘက်ကမ်းတွင် အကောက်ခွန်၊ ရဲဌာန စသည် ဖြင့်ရှိရာ စက်လှေမောင်းသူသည် ထိုရုံးများရှိရာသို့ မောင်းသွားပြီး လူပြရပါသည်။ နယ်စပ်ဖြတ်လက်မှတ် ကိုလည်း ပြရပါသည် အထူးတလည် စစ်ဆေးခြင်းတော့ မရှိပါ။


သောင်ရင်းမြစ်သည် ပင်လယ်ဝမို့လို့ လားမသိ အလွန်ကျယ်ပြောပါသည်။ သို့သော် ရာသီဥတု ကောင်းမွန်နေ သဖြင့် လှိုင်းလေငြိမ်ပါသည်။ မကြာမီ ထိုင်းဘက်ကမ်းသို့ နီးကပ်လာပါသည်။ ထိုင်း မြေပေါ်သို့မနင်းမီ ထိုင်းရဲတပ်ဖွဲ့ဝင်များရှိရာ ကျွန်းလေးတကျွန်းတွင် စက်လှေကပ်ပါသည်။ ထိုကျွန်းပေါ် ရှိ ရဲစခန်းတွင် ခရီးသည်အားလုံး စက်လှေပေါ်မှဆင်းစေပြီး တယောက်ချင်းရှာဖွေရေးလုပ်ပါသည်။ ဘာကို အဓိကထားရှာ သလဲတော့မသိ အနံ့ခံခွေးကြီးတကောင်လည်း တွေ့ရပါသည်။ ကျွန်တော့်အလှည့်တွင် ဟန်းဖုန်း၊ နာရီ၊ ပိုက်ဆံအိတ် စသည်များကို ကြည့်သည်ဆိုရုံဖွင့်ကြည့်ပြီး ဘာမှအထူးအထွေမပြောပါ။ သူတို့ဆီကရဲများသည် သေသေချာချာ လူရွေးထားသလား၊ သို့မဟုတ် လေ့ကျင့်ခန်းမှန်မှန် လုပ်ရသလားမသိ။ ယူနီဖောင်းကို ကျော့နေအောင်ဝတ်ထားပြီး ကျန်းမာဖျတ်လတ်၍ ပြည်သူလူထုက အားကိုးချင်စရာပုံစံမျိုးဖြစ်နေသည်။ ထိုနေရာမှထွက်လာပြီး အတန်ငယ်ကြာတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကို ရောက်ပါသည်။ ရေပေါ်တွင် ဗောတံတားနှင့် ရုံးအဆောက်အအုံလုပ်ထားခြင်းဖြစ်သည်။ ထိုနေရာသည် သေသေသပ်သပ် သန့်သန့် ရှင်းရှင်းရှိလှပါသည်။ မြန်မာပြည်ဘက်ခြမ်းက လူဝင်မှုကြီးကြပ်ရေးရုံးထက်သာပါသည်။ ထိုင်းလူဝင်မှုကြီး ကြပ်ရေးအဆောက်အဦထဲသို့ စက်လှေပေါ်မှဆင်းကာဝင်သွားလျှင် မြန်မာဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်တခုကို စတွေ့ရပါသည်။ ရေးသားထားသည်မှာ 'ကွမ်းတံတွေးမထွေးရ' ဟူ၍ ဖြစ်သည်။ ထိုဆိုင်းဘုတ်ကိုကြည့်ပြီး ပြုံးမိပါသည်။ ထိုင်းတွင် မြန်မာတွေဘယ်လောက် ကွမ်းတံတွေး အစွမ်းပြကြသလဲမသိ။ စာတွေ ဘာတွေရေးပြီး ကပ်ထားရသည်အထိပင်ဖြစ်သည်။


ထိုထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွင် တန်းစီကာ တယောက်ချင်းဓာတ်ပုံရိုက်ပြီး ထိုင်းနိုင်ငံဝင် ခွင့်ကတ်ပြား လေးတွေ ထုတ်ပေးသည်။ ပလတ်စတစ်ပင် ကျကျနန လောင်းပေးလိုက်သေးသည်။ ထို့နောက် စက်လှေထဲသို့ ပြန်ဝင်ထိုင်ကာ ဆိပ်ခံတံတာရှိရာဘက်သို့မောင်းလာခဲ့ပါသည်။ မြစ်ကမ်းနဖူးနှင့်နီးလာသောအခါ ထိုင်းဘက် ကမ်းတွင် စားသောက်ဆိုင်များ၊ တည်းခိုခန်းများစွာကို တွေ့ရပါသည်။ မြစ်ဘက်သို့ မျက်နှာမူထားသော အိမ်တ အိမ်တွင် Home Stay ဟူ၍ ရေးထားပါသည်။ ထိုင်းခရီးသွားလုပ်ငန်းတွင် Home Stay ခေါ် အိမ်တွင် မိသားစုနှင့်အတူ တည်းခိုနေထိုင်ခြင်းအတော်ကို တွင်ကျယ်နေပုံရသည်။ ရနောင်းလို နယ်စပ်မြို့ ကလေးတွင်ပင် ထိုဓလေ့မှာ ထွန်းကားတွင်ကျယ်နေပါသည်။ မကြာမီ ထိုင်းဘက်ကမ်းသို့ စက်လှေကပ်ပါ သည်။ မြန်မာဘက်ကမ်း ကော့သောင်းမှ ထွက်လာချိန်မှသည် ထိုင်းဘက်ကုန်းမြေသို့ ခြေချနိုင်သည်အထိ ကြာမြင့်ချိန်မှာ ၃၈ မိနစ်ပဲရှိပါသည်။ ကျွန်တော့သူငယ်ချင်း ကိုခင်စိုးသည် ကော့သောင်းတွင်အိမ်ရှိသလို ရနောင်း ဘက်တွင်လည်း လုပ်ငန်းလုပ်ကိုင်ရာအိမ်ရှိပါသည်။ သူ့တွင် ကားတစီးလည်း ရနောင်းဘက်တွင်ရှိသဖြင့် သူ့ကားဖြင့် ကျွန်တော့ကို ရနောင်းမြို့တ၀ိုက်လိုက်လံ ပြသပါသည်။


ရနောင်းမြို့သည် ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်သောမြို့ဖြစ်သည်။ ကမ်းနားလမ်းမကြီး တလျှောက် ကားမောင်းသွားလျှင် လေထဲတွင် ငါးညှီနံ့ရနေပါသည်။ ကျွန်တော်က ရနောင်းကို ငါးညှီနံ့နဲ့ မြို့ကလေးဟု နာမည်ပေးလိုက်ပါသည်။ ရနောင်းမှငါး များ၏ ၉၀ ရာခိုင်နှုန်းမှာ မြန်မာပြည်မှ ငါးများဖြစ်ပါသည်။ ရေထွက်ပစ္စည်းစက်ရုံများတွင် အလုပ်လုပ်နေသူအများစုမှာလည်း မြန်မာများဖြစ်သည်။ ထိုင်းသည် နည်းပညာနှင့် နိုင်ငံတကာဈေးကွက်ကိုသာ အရင်းအနှီးအဖြစ်စိုက်ပြီး အဓိကကုန်ကြမ်းဖြစ်သည့် ငါးကုန်ကြမ်းနှင့် လူကုန်ကြမ်းကို မြန်မာပြည်မှ ရယူလုပ်ကိုင်နေခြင်းဖြစ်သည်။ အရင်းအနှီးမရှိသော၊ အဆက် အသွယ်မရှိသော၊ နည်းပညာမရှိသော မြန်မာများကတော့ အလုပ်သမားအဖြစ်နှင့်သာ ကျေနပ်ရတော့သည်။ ကျွန်တော့်သူငယ်ချင်းကတော့ ရှားရှားပါးပါးလုပ်ငန်းရှင်ဖြစ်သည်။ ထိုင်းဘက်က ငါးများကိုဝယ်၍ မြန်မာဘက် သို့ တင်ပို့သူမှာ သူပဲရှိသည်ဟု ပြောသည်။ သူအလုပ်လုပ်သောခြံကြီးကိုလည်း လိုက်ပြသည်။ ငါးများကိုအသားတုံးကြီးများအမြှောင်းလိုက် လွှာကာဆားသိပ်ပြီး ပလတ်စတစ်ပုံးကြီးတွေထဲသို့ ထည့်နေတာလည်း တွေ့ခဲ့သည်။ မြန်မာပြည်ဘက်သို့ ပို့ရန်ဟုသိရသည်။ အညာဘက်မှာ အလှူအတန်း လုပ်လျှင် ထိုငါးခြောက်များကို လူကြိုက်များသည်ဟု သိရသည်။ မြန်မာပြည်က လူတွေက ငါးကြီးခြောက်ဟု သိကြသည်။ မြန်မာနှင့်ထိုင်း အလုပ်သမားများကိုတွေ့ခဲ့ရသည်။


ငါးခြောက်လုပ်ငန်းမှ ထွက်ခွာလာသောအခါ အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်သည်။ ထိုင်းနိုင်ငံ မှာရော၊ အမေရိကန်ပြည်ထောင်စုမှာရော၊ အင်္ဂလန် မှာရော၊ စင်ကာပူမှာရော ကျွန်တော်ရောက်ဖူးတွေ့ဖူးသမျှ နိုင်ငံတိုင်းတွင် မြို့လယ်ကောင်၌ ခြောက်လမ်းသွားအဝေးပြေးလမ်းမကြီးတွေကို တွေ့ရသည်။ အချို့က Express Way ဟု ခေါ်သည်။ ရနောင်းသည်လည်း နယ်စပ်မြို့၊ တောမြို့ကလေးဖြစ်သော်လည်း မြို့လယ်တွင် ခြောက်လမ်းသွားလမ်းမကြီးရှိသည်။ လမ်းတဖက်လျှင် ကားသုံးစီးယှဉ်မောင်းနိုင်သည်။ အလယ်တွင် လမ်းလည်ကျွန်းရှိသည်။ ရန်ကုန်မှ ဝေဇယန္တာလမ်းနှင့် ခပ်ဆင်ဆင်တူသော်လည်း ဝေဇယန္တာလမ်းလို မီးပွိုင့်တွေ မကြာခဏရှိမနေချေ။ ကျွန်တော့ကိုနဂါးနှစ်ကောင်ဘုန်းကြီးကျောင်းသို့ အရင်ဆုံးပို့ဆောင်သည်။ တောင်ကုန်းပေါ်တွင်ရှိ၍ အတော် သပ္ဖါယ်သော ဘုန်းကြီးကျောင်းဖြစ်သည်။ ကျောင်းအ၀င်ဝတွင် စောင်းတန်း လေးတခုရှိပြီး ထိုစောင်းတန်း၏ တဘက်တချက်တွင် နဂါးရုပ်တရုပ်စီရှိသည်။ ရပ်တော်မူမြတ်စွာ ဘုရားရုပ်ပွားတော်ကြီးတဆူကိုလည်း တောင်ပေါ်တွင် တွေ့ရသည်။ ပျံလွန်တော်မူပြီးနောက် မပုပ်မသိုးသဖြင့် မှန်ခေါင်းထဲသို့ထည့်ကာ အပူဇော်ခံထားသော ထိုင်းဆရာတော်ကြီးတပါး၏ ရုပ်ကလာပ်ကို လည်းဖူးခဲ့ရသည်။ ဘုရားဖူးရာတွင် ဘုရားနောက်ဘက်နား၌ ထိုင်းဘုရင်ကြီး၏ ပန်းချီပုံတူကိုလည်းချိတ်ထားရာ ဘုရားရှိခိုးလျှင် သူတို့ဘုရင်ကိုပါ ရော၍ရှိခိုးသလို ဖြစ်ရပေသည်။ လူလည်ကျသော ထိုင်းများဟု တွေးမိ ၏။ ထို့နောက် ကျွန်တော့ကို ရေပူစမ်းသို့ လိုက်ပို့ပါသည်။


ရေပူစမ်းဆိုတာတော့ မြန်မာပြည်တွင် အကြိမ်ကြိမ်ကြုံဖူးသဖြင့် သိပ်မထူးဆန်းတော့ပါ။ ဘာများ ထူးသလဲဟု လိုက်သွားပါသည်။ ရေပူတွေမြေကြီးထဲက ထွက်နေတာတော့ အတူတူပဲဖြစ်သည်။ သို့သော် စီမံခန့်ခွဲမှုနှင့် ၀န်ဆောင်မှုအတော်ကို သာလွန်ကောင်း မွန်တာတွေ့ရသည်။ ရေပူစမ်းသို့ဟူသော ဆိုင်းဘုတ်မုခ်ဦးကြီးမှ စတင်ကားမောင်းဝင်သွားသည်နှင့် တော လမ်းကလေးလိုဖြစ်နေသော လမ်းကလေးကို တွေ့ရပါသည်။ ထိုလမ်းတွင် ကားများသာသွားလာရန်ဖြစ်ပြီး လူသွားရန်လမ်းသပ်သပ်၊ စက်ဘီးသမားများအတွက် စက်ဘီးစီး ရန် လမ်းသပ်သပ် လုပ်ပေးထားပါသည်။ ထို့ကြောင့် လမ်းလျှောက်သူ၊ စက်ဘီးစီးသူများသည် ကားများကို စိုးရိမ်စရာမလိုဘဲ အေးအေးလူလူသွားလာနိုင်ပါသည်။ ကားရပ်နားရန်နေရာများကို သေသပ်ကျနစွာလုပ်ပေး ထားပြီး ယာဉ်ရပ်နားခကောက်ခံခြင်းလည်း မပြုပေ။ လမ်း၏တဘက်တချက်တွင် စားသောက် ဆိုင်၊ တည်းခိုခန်း၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်၊ ကာယလေ့ကျင့်ခန်းခန်းမ စသည်ဖြင့် စီကာရီကာ တည်ရှိပါသည်။


ရေပူစမ်းသည် တောင်ကျချောင်းကလေး၏ ဘေးမှာရှိသည်။ ထိုရေပူစမ်းမှ ကျလာသောရေများ ကို စနစ်တကျ ရေပိုက်များဖြင့်သွယ်ယူကာ ဘဲဥပုံ ရေကန်လေးတွေဆယ်ကန်ခန့်တွင် ထည့်ပေးထား ပါသည်။ တောင်ခြေဆင်ခြေလျှောဖြစ်သဖြင့် ရေကန်ကလေးများသည် လှေကားထစ်သဖွယ်အောက်သို့ တဖြည်းဖြည်း နိမ့်လျက် တခုစီတည်ဆောက်ထားပါသည်။ ရေကန်လေးများမှာတခုလျှင် လူဆယ့်ငါးယောက်၊ အယောက်နှစ်ဆယ်ခန့်အတူ ထိုင်နိုင်၊ ရေချိုးချင်လျှင်ချိုးနိုင်ပါသည်။ အလွန်သန့်ရှင်း သပ်ရပ်စွာစီမံထားသဖြင့် ဟိုတယ်ရေကူးကန်များသဖွယ် နေချင့်စဖွယ်လေးတွေဖြစ်သည်။ လျှောက်လမ်းများမှာလည်းြွေကပြားများခင်း ထားပြီး သန့်ရှင်းနေပါသည်။ ပတ်ဝန်းကျင်တွင်လည်း ရေချိုဖြင့်ချိုးနိုင်ရန် ရေချိုးရန်နေရာများကို ရေပန်းကလေး တွေနှင့် လုပ်ပေးထားပါသည်။ သစ်ပင်ပန်းပင်များကိုလည်း အရိပ်လည်းရလှလည်းလှအောင် စိုက်ထားပါသည်။ လူတွေချိုးသော ရေပူများကိုလည်း ၀န်ထမ်းများက တနေ့နှစ်ကြိမ် ရေအသစ်လဲပေးသည်ဟု ပြောပါသည်။ သန့်ရှင်းရေး အလုပ်သမားများကလည်း သစ်ရွက်တရွက်ကြွေလျှင် တရွက်ပြေးကောက်ကာ အမှိုက်ဂေါ် လေးနှင့် သေသေချာချာကျုံးကြပါသည်။ ထိုင်းတွေက သေသေချာချာ သန့်ရှင်းရေးလုပ်တယ်နော်ဟု ကျွန်တော်ကပြောတော့ သန့်ရှင်းရေးအလုပ်သမားက ကျွန်တော့ကိုကြည့်နေပါသည်။ ကျွန်တော့မိတ်ဆွေက အသံကိုနှိမ့်ကာ အမှိုက်ကျုံးနေတာဗမာဗျ၊ တလကို မြန်မာငွေငါးသိန်းလောက်ရတယ်ဟု တီးတိုးရှင်းပြ သည်။ 


အဓိကစိတ်ဝင်စားမိသောအချက်မှာ ဤမျှလှပ အောင်လုပ်ပေးထားသော ရေပူစမ်းအပန်းဖြေစခန်းကြီးကို လာလည်သူများ ၀င်ကြေးမည်မျှကောက်ခံသနည်းဟူသော အချက်ဖြစ်သည်။ ပို၍စိတ်ဝင်စားဖွယ် ကောင်းသောအဖြေကိုရသည်။ မည်သူ့ဆီကမှ ၀င် ကြေးတပြားမှမကောက်၊ မည်သူမဆို (ထိုင်းရော မြန်မာရော၊ နိုင်ငံခြားသားရော)အားလုံး အခမဲ့ဖြစ်ပါ သတဲ့။ အရာရာတွင် ငွေရှာကြမ်းသည်ဟု ကြားဖူးထား သော ထိုင်းတို့ကို အထင်ကြီးမိသွားသည်။ ''ဘာလို့ ငွေကောက်မှာလဲ ပြည်သူတွေအပန်းဖြေဖို့ လုပ်ပေးရမှာ အစိုးရရဲ့ တာဝန်ပဲ''ဟု ထိုင်းမှာအနေကြာနေသော သူငယ်ချင်းက ပြောသည်။ ပြည်သူတွေသာ အမြဲခံရ သောနိုင်ငံမှလာသော စာရေးဆရာမှာ ထိုစကားကို ကြားတော့အံ့သြနေသည်။ မြန်မာပြည်မှာကတော့ အစိုးရအဆက်ဆက်လက်သုံးစကားရှိသည်။ ပြည်သူ တွေမှာလည်း တာဝန်ရှိသည်ဟူသော စကား။ ကိုယ် ထူကိုယ်ထဟူသော စကား။ ခုရေတွင်းတူး ခုရေ ကြည်သောက်လို့ မရဘူးဟူသော စကား။ ကမ္ဘာမှာတော့ ကိုယ့်တာဝန်ကိုယ်ကျေသော အစိုးရမင်းများသည် ဤကဲ့သို့ လက်လွတ်စပယ်စကားများကို မပြောကြတော့ပြီ။ သူတို့ဆီက ချောင်းကလေးမြောင်းကလေးတွေကအစ သေသေသပ်သပ်ဖြစ်စေရန် ဘေး နှစ်ဘက်ကို ဆည်မြောင်းရေလွတ်တူးမြောင်းများအတိုင်း ကွန်ကရစ်ဖြင့် သေသေချာချာကာရံထားသည်။ ထိုသို့ လုပ်သည်ကို ကျွန်တော်အလွန်သဘောကျသည်။


ကျွန်တော်ပြောလေ့ရှိသော စကားတခွန်းရှိ သည်။ ချောင်းများ၊ မြောင်းများကို ယခုမြန်မာပြည် မှာတွေ့ကြသည့် အတိုင်း ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းစသည်ဖြင့် ကမ်းစပ်တွင် ရွှံ့ဗရပွဖြင့်ထားခြင်းသည် မြစ်ရိုင်းချောင်းရိုင်းအနေအထားဖြစ်သည်။ ထိုချောင်းကမ်းစပ်၊ မြစ်ကမ်းစပ်များကို နိုင်ငံခြားမှာ လိုအုတ်ဖြင့် ကာရံပြီး အနားသတ်ပေးလိုက်ခြင်းသည် ချောင်းကိုယဉ်ကျေးသွားအောင် လုပ်လိုက်ခြင်းဖြစ်၍ မြစ်ယဉ်၊ ချောင်းယဉ်ဘ၀သို့ ရောက်သွားစေသည်။ ရန်ကုန်တွင် Water Bus မလုပ်ခင် ချောင်းရိုင်း၊ မြစ်ရိုင်းများကို ချောင်းယဉ်၊ မြစ်ယဉ်များဖြစ်အောင် အရင်ဆုံးလုပ်ကြဖို့လိုပေသည်။ နေရာတကာ ပြည်သူလူထုဆီက ၀င်ကြေးကောက်နေသော အကျင့်များကိုလည်း ပြင်သင့်ပေပြီ။ မြန်မာပြည်ကော့သောင်းဘက်တွင် ရေပူစမ်းရှိရာ ဘာဝန်ဆောင်မှုမှ ကောင်းကောင်း ကမ်းကမ်းမရှိဘဲ ငွေခုနစ်ရာကျပ်ကောက်သည်၊ မြန်မာပြည် တွင် ဘုရားမှာပင် စက်ဘီးအပ်ခ၊ ကားရပ်နားကြေးပေး ရသည်။ ဘယ်နိုင်ငံမှာမှ မရှိသော အဝေးပြေးကားဂိတ် အတွင်း ယာဉ်ဝင်ခပေးရသည်၊ ပန်းခြံများ၊ ပြတိုက်များဝင်ကြေးပေးရသည်။ မြို့ဝင်ကြေး၊ တံတားဖြတ်ခ၊ လမ်းကြေးပေးဆောင်ရသည်။ အင်မတန် မလုပ်သင့်၊ မလုပ်ထိုက်သောကိစ္စများကို လုပ်နေခြင်းဖြစ်သည်။ တံတားဆောက်ခြင်း၊ ပန်းခြံဆောက်ခြင်း၊ လေဆိပ် ဆောက်ခြင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်းဆောက် ခြင်း၊ ပန်းခြံ၊ ပြတိုက်ဆောက်ခြင်းတို့သည် အစိုးရ တရပ်လုပ်ရမည့်တာဝန်ဖြစ်သည်။ ဒါဆောက်ပေး၍ ပြည်သူလူထုက ဒါပြန်ပေးရမည်ဆိုတာတော့ သဘာဝမကျပေ။


ထိုင်းတွင် Big C၊ Cosmos Lotus စသော ကုန်တိုက်ကြီးများရှိသည်။ ရန်ကုန်ကလာသူတယောက် အတွက် ထိုင်းကဈေးဝယ်စင်တာတွေက သိပ်ပြီးတအံ့တသြဖြစ်စရာ မရှိ။ဈေးတွေကတော့ မြန်မာ ပြည်ထက် သက်သာသည်။ KFC မှ ကြက်ကြော်နှင့် ဘာဂါပင် ရန်ကုန်ထက်သက်သာသည်။ မြန်မာ ပြည်တွင် ဘာလို့များ အစစဈေးကြီးနေသည် မသိ။ ၀င်ငွေလခကျတော့ မြန်မာက အိမ်နီးချင်းထိုင်းထက် သုံးလေးဆနိမ့်ကျသည်။ သူတို့ဆီကလို မြစ်ကြောင်း ထိန်းသိမ်းတာတွေ၊ မြို့တိုင်းတွင် အဝေးပြေးလမ်းမကြီးတွေ၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တွေ၊ ပြတိုက် တွေ၊ ဈေးတွေ၊ လမ်းတွေ၊ တံတားတွေ၊ ပန်းခြံတွေ၊ ရေပူစမ်းတွေ၊ စက်ဘီးလမ်းတွေ၊ ခြေလျှင်လျှောက် သူတွေအတွက် လမ်းတွေ၊ မိုးပျံလမ်းမတွေ၊ MRT ရထားတွေဘာကြောင့်များတို့ မြန်မာနိုင်ငံ မှာ မလုပ်နိုင်ကြတာလဲကွာဟု မချိတင်ကဲနှင့် ကျွန်တော်က မေးမိတော့သိသလိုလိုနှင့် မေ့လျော့နေသောအဖြေ တခုကို သူငယ်ချင်းက သတိပေးသည်။ ''စာရေး ဆရာကလည်း သူတို့တိုင်းပြည်မှာ ငွေကုန်ကြေးကျဖြစ်မယ့် ပြည်တွင်းစစ်ပွဲတွေ မရှိဘူးလေ၊ ကျွန်တော်တို့မြန်မာနိုင်ငံက ရှိတယ်၊ အစိုးရအဆက်ဆက်လည်း အဲဒီအတွက်နဲ့ ပဲ ငွေကုန်နေတာ၊ သူများနိုင်ငံမှာက ဘတ်ဂျက်အများစုကို တိုင်းပြည်တည်ဆောက်ရေးအတွက် သုံးနိုင်တယ်'' သူ့အဖြေကြောင့် ကျွန်တော့ခေါင်းထဲမှာ လင်းခနဲ လက်ခနဲဖြစ်သွားသည်။


ဒီတခါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစုပင်လုံကြိုဆိုထောက်ခံပွဲထပ်လုပ်လျှင် ပါချင်သည်ဟု ကိုမင်းကိုနိုင်ကို သွားပြောဦးမည်။ ဒါပေမဲ့ ပြောသာပြောရသည် ၅၀၅(ခ)တို့၊ ၁၇(၁)တို့ ၆၆(ဃ) တို့က ကျွန်တော်၏ မျိုးချစ်စိတ်ကို ဖုံးလွှမ်းသွားသည်ဖြစ်ရာ စစ်စရိတ်တွေထောင်းကာမှထောင်းရော ငြိမ်းချမ်းရေး ညီလာခံကြိုဆိုပွဲတို့၊ ဘာပွဲတို့ဆီသို့ မသွားဝံ့ပါတော့ချေ။


သရ၀ဏ်(ပြည်)