ဒါဖတ်ပြီးမှ  ဆယ်တန်းဖြေပါ

ဆရာဓား(ကုန်းဇောင်း)


 ကလေးတွေရဲ့ဘ၀ကို တဆစ်ချိုးအလှည့် အပြောင်းဖြစ်သွားစေတတ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးဖြေဖို့ တလကျော်ကျော်သာ လိုတော့တယ်။ နိုင်ငံတခုလုံးရဲ့ အောင်ချက်ဟာ ရာခိုင်နှုန်း ၃၀ ကျော်၊ လူ ၁၀၀ ဖြေရင် ၆၀ ကျော်ကကျ၊ ၃၀ ကျော်ပဲအောင်တယ်ဆိုတော့ ဒီစာမေးပွဲဟာ လွယ်လွယ်ကူကူ ပေါချောင်ကောင်းအောင်ဖို့၊ တပွဲတိုးထုံး မန်းနဲ့အောင်ဖို့ 'မလွယ်ဘူး'ဆိုတာ ရှင်းလှပါတယ်။ တချို့ပြည်နယ် တွေဆိုရင် အောင်ချက်ဟာ ၂၀ ရာခိုင်နှုန်း တောင်ရောက်နေတော့ အဲဒီနယ်က ကလေးတွေနစ်နာ လှပါတယ်။


၂၀၁၈ မတ်လ ၇၊ ၈၊ ၉ ရက်တွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သုံးဘာသာကို ဆက်တိုက်ဖြေ ကြရပါမယ်။ ပြဿနာသိပ်မရှိလှပါဘူး။ မတ်လ ၁၀၊ ၁၁ နှစ်ရက်ပိတ်နား၊ မတ်လ ၁၂၊ ၁၃၊ ၁၄ ရက်တွေ မှာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ သုံး ဘာသာဆက်တိုက်ဖြေကြရမှာပါ။ ဒီဘာသာကြီးတွေဟာ ဆယ်တန်း ကလေးတွေအတွက်တော့ တာဝန်ကြီးလှတဲ့ ဟဲဗီး (Heavy) ဘာသာကြီးတွေပါ။ နားရက်နှစ်ရက်မှာ ဒီသုံးဘာသာကို စနစ်တကျအချိန်ခွဲဝေအလုပ်လုပ်တတ်ဖို့လိုသလို လုပ်ဖြစ်ဖို့လည်း လိုပါတယ်။ စာရေးသူရဲ့ အတွေ့အကြုံအရတော့ ဆရာနဲ့မိဘ အအုပ်အထိန်းကောင်းပါမှ ဒီနားရက် နှစ်ရက်မှာ အလုပ်လုပ်ကြတာပါ။ မဟုတ်လို့ကတော့  ''၂ ရက်တောင်ပိတ်တာ အေးဆေးပဲ''ဆိုပြီး လွတ်ကုန်ကြတာများပါတယ်။


ဝိဇ္ဇာတွဲ(ပထ၀ီ၊ သမိုင်း)ကလေးတွေဖြေရမယ့် ရက်တွေက ပိုပြီးကသိကအောက်နိုင်ပါတယ်။ မတ်လ ၁၀၊ ၁၁ နှစ်ရက်ပိတ်၊ မတ်လ ၁၂၊ ၁၃ ဓာတု၊ ရူပဖြေရက်တွေမှာလည်း နှစ်ရက်ပိတ်ပြန်၊ ပိတ်ရက် ဆက်တိုက် ၄ ရက်မှာ ဘောဂ၊ ပထ၀ီ၊ သမိုင်းဘာသာ တွေကို စနစ်တကျအချိန်ခွဲပြီး အလုပ်လုပ်ဖို့ဝေးစွ။ ''ပိတ်ရက် ၄ ရက်ကြီးများ တောင်''ဆိုပြီး ဂိမ်းဆိုင် ရောက်ကုန်ကြတာများပါတယ်။ ၀ိဇ္ဇာဘာသာရပ်ယူတဲ့ ကလေးတွေအတွက်လည်း ဘောဂ၊ ပထ၀ီ၊ သမိုင်း ဘာသာရပ်တွေဟာ များပြားလှတဲ့ ဟဲဗီးဘာသာတွေ ပါပဲ။ အားမနာတမ်း ပြောရရင်တော့ စားမေးပွဲရက်စဉ်နေသူတွေအပေါ်က မေးခွန်းထုတ်နေသူတွေဟာ ဆယ်တန်းဘာသာတွေကို နှစ်ပေါင်းများစွာ သင်ကြားရင်းနှီးခဲ့တဲ့ ဆရာ၊ ဆရာမတွေလောက် မမြင်နိုင် မစာနာနိုင်ပါဘူး။ စာမေးပွဲရက် တွေကို ဒီလိုစဉ်ရင် ပိုပြီးမကောင်းဘူးလားဆိုပြီး ပညာရှင်အချို့က ဆွေးနွေးရေးသားခဲ့ကြပါတယ်။ ထူးမလာပါ။ ပညာရေးနဲ့ဆိုင်တဲ့ တာဝန်ရှိသူတွေ ဖတ်တောင်ဖတ်ကြရဲ့လားလို့ တွေးမိပါတယ်။


စာရေးသူအကြိုက် သိပ္ပံတွဲ၊ ၀ိပ္ပံတွဲ၊ ၀ိဇ္ဇာတွဲ စာဖြေသူအားလုံးကြိုက်မယ့် စာမေးပွဲအချိန်ဇယားကို  ပြောပြချင်ပါတယ်။


မတ်လ (၇) မြန်မာစာ


          (၈) အင်္ဂလိပ်စာ


          (၉) သင်္ချာ


          (၁၀) ပိတ်ရက်


          (၁၁) ဓာတု/ပထ၀ီ


          (၁၂) ပိတ်ရက်


          (၁၃) ရူပဗေဒ/သမိုင်း


          (၁၄) ပိတ်ရက်


          (၁၅) ဇီဝဗေဒ/ဘောဂဗေဒ


ပြည်သူ့အသံ၊ မီဒီယာအသံကို စိတ်ဝင်စားတယ်၊ တန်ဖိုးထားတယ်ဆိုရင် ပညာရေးနဲ့ဆိုင်တဲ့ တာဝန်ရှိသူများဖတ်ဖြစ်အောင် ဖတ်ကြဖို့တိုက်တွန်းချင်ပါတယ်။


ဒီအချိန်မှာ ကလေးအများစုဟာ စာကျက်နေလောက်ပြီဆိုတာ သေချာပါတယ်။ ဒါပေမဲ့ အထူးထုတ်၊ မေးခွန်း(၃)စုံ၊ မေးခွန်း(၅)စုံတို့နဲ့ အချိန်ကုန်နေကြတာများပါတယ်။ သင်ခန်းစာအားလုံးကို သင်ဖူးထားမှ နားလည်ထားမှ သင်ခန်းစာအားလုံးရဲ့ သုံးပုံနှစ်ပုံနဲ့ သက်ဆိုင်ရာမေးခွန်းဟောင်းတွေကို စေ့စေ့ စပ်စပ်ကြေညက်ထားမှ အောင်နိုင်မှာပါ။ ထူးချွန်ဖို့ဆိုရင် ဒါထက်ပိုပြီး အားထုတ်ရပါမယ်။ အနီးကပ်တွေယုံလို့ ပုံအပ်ရင်တော့ စုံလုံးကန်းရုံပဲရှိပါလိမ့် မယ်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ စာတခုတည်းကျေညက်နေရုံနဲ့လည်း စိတ်မချရသေးပါဘူး။  ကံ၊ ဥာဏ်၊ ၀ီရိယသုံးခုလုံး ညီညွတ်မျှတမှသာ ထင်တိုင်းပေါက်နိုင်တာပါ။ ဒါကြောင့် ကံ၊ ဥာဏ်၊ ၀ီရိယသုံးခုလုံးနဲ့ ပတ်သက်ပြီး ဆင်ခြင်သင့်တာ၊ လိုက်နာလုပ်ဆောင်သင့်တာတွေကို ဖြေဆိုကြမယ့် ကလေးတွေရော၊ မိဘများပါ သတိပြုမိကြစေဖို့ စာရေးသူရဲ့ ကျောင်းဆရာလုပ်သက် ၄၇ နှစ် အတွေ့အကြုံတွေနဲ့ အကြံပြုရေးလိုက်ရခြင်းပါ။


ကံ၊ ဥာဏ်၊ ၀ီရိယသုံးခုထဲမှာ ဥာဏ်နဲ့ပတ်သက်ပြီး စပြောချင်ပါတယ်။ မွေးရာပါချို့ယွင်းမှုမရှိရင် အမေ မွေးစဉ်ကပါလာတဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ ဆယ်တန်းအောင်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ဆယ်တန်း ရောက်တဲ့အခါ ဆယ်တန်းစာတွေအတွက် အဆင့်မမီတဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ ဖြစ်သွားပါတယ်။ ဆယ်တန်းမှာ ဆရာ၊ ဆရာမတွေထိုင်ငိုချင်လောက်အောင် ထုံထိုင်းတဲ့ ကလေးတွေတနှစ်ထက် တနှစ် ပိုပိုများလာတာတွေ့နေရပါတယ်။ ဘာဖြစ်လို့လဲ။


ငယ်စဉ်အတန်းကစပြီး သင်ခန်းစာတွေကို ကုန်စင်အောင် မသင်ခဲ့ရ။ နောက်တက်မယ့်အတန်း အတွက် အခြေခံမပါ။ ရှင်းရှင်းပြောရရင် ''ဒါလေးပဲ သင်၊ ဒါလေးပဲကျက်၊ ဒါလေးပဲဖြေ''စနစ်ရဲ့ ဒဏ်တွေပါပဲ။ နောက်ဆုံးအတန်းတင် စာမေးပွဲမှာ မေးခွန်းပေးပြီး အကျက်ခိုင်း၊ အမှတ် ၂၀ ရရင်အောင်စေသတည်းဆိုပြီး ငွေမျက်နှာကိုမော်မကြည့်ရဲတဲ့ ဆရာ၊ ဆရာမအတော်များများနဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်း အတော်များများရဲ့ နှိပ်စက်ဒဏ်တွေပါပဲ။ ဒီလိုနဲ့ ဆယ်တန်းလည်းရောက်ရော နှစ်ပေါင်းများစွာ မသွေးခဲ့တဲ့ ဓားလို ဥာဏ်ရည်ထုံထိုင်းတဲ့ ကလေးဖြစ်တော့တာပေါ့။ ဒါပေမဲ့ ဥာဏ်ရည်ထုံထိုင်းတာကို ၀ီရိယနဲ့ ကုစားနိုင်ပါတယ်။


''၀ီရိယ၀တော ကိံနာမကမ္မံ န သိဇ္ဈတိ''၊ ''၀ီရိယရှိသူများအတွက် မဖြစ်သေးသည်သာ ရှိ၏။ မဖြစ်နိုင်ဟူ၍ မရှိ''ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ဟောကြားချက် ရှိပါတယ်။ စာရေးသူရဲ့ ငယ်သူငယ်ချင်းတယောက် ရှိပါတယ်။ လေးတန်းမှာ စာသင်တုန်းကပေါ့။ ''ဗိုလ်ချုပ်အောင်ဆန်း'' ဆိုတဲ့အမည်ကို ခဏခဏမေ့နေလို့ ဆရာက ခဏခဏအပြစ်ပေးတာခံရပါတယ်။  အဲဒီ အမည်လေးကိုပဲ ၇ ရက်လောက် ကျက်မှတ်ယူရပါတယ်။ သြကာသဘုရားရှိခိုးကိုလည်း ၃ လလောက် သင်ပေးရပါတယ်။ အတန်းတိုင်းကို လိမ်ဖယ်လိမ်ဖယ် နဲ့ အောင်လာပြီး ၉ တန်းမှာ ၂ နှစ်နေရပါတယ်။


ဆယ်တန်းရောက်တော့ မယုံနိုင်လောက်အောင် ကြိုးစားတော့တာပါပဲ။ စာရေးသူတို့ တရေးနိုး၊ အပေါ့ အပါးသွားတိုင်း ဒီကောင်ကြီးက စာကျက်တုန်းပါ။ ကျောက်သင်ပုန်းနဲ့ ကျောက်တံသုံးပြီး စာကိုရေးကျက်တဲ့ တဂျစ်ဂျစ်အသံကြောင့် အားလုံးက အိပ်ရေးပျက်တယ်ဆိုပြီး ၀ိုင်းပြောတာလည်း ခံရပါတယ်။ အိပ်တဲ့အခါ ခေါင်းအုံးမသုံးဘဲ အုန်းသီးကို ခေါင်းအုံးလုပ်ပြီး အိပ်ပါတယ်။ လူကတဖက်ကို စောင်းမိတဲ့အခါ ခေါင်းက အုန်းသီးပေါ်က ချော်ကျ၊ ကြမ်းပြင်နဲ့ ဒုန်းခနဲ ဆောင့်မိပြီး လန့်နိုး၊ မျက်နှာသစ်၊ စာထပ်ကျက်။ အဲဒီလောက် ကြိုးစားတဲ့ကောင်ပါ။ အဲဒီနှစ်မှာ 'ခ' စာရင်းနဲ့ပဲ အောင်တယ်။ ဇွဲမလျှော့ဘဲ နောက်နှစ်မှာ ဒီပုံစံနဲ့ပဲ ထပ်ကြိုးစားတယ်။ '2D'နဲ့ အောင်တယ်။  သစ်တောအရာရှိဖြစ် အခုကြီးပွားချမ်းသာနေပါပြီ။


ဒီနေ့ အဓိကပြောချင်တာကတော့ ကံတရားနဲ့ ပတ်သက်တဲ့ အကျိုးအကြောင်းလေးတွေပါပဲ။ 'ကံကို ယုံပြီး ဆူးပုံမနင်းရာ'ဆိုတဲ့ သွန်သင်မှုရှိသလို 'ကံသာ အမိ၊ ကံသာအဖ'ဆိုတဲ့ လမ်းညွှန်စကားလည်း ရှိပါ တယ်။ 'စေတနာဟံ ဘိက္ခဝေ၊ ကမ္မံ ၀ဒါမိ' 'ကံဆို သည်မှာ အလုပ်'ဖြစ်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်း တာဖြစ်မယ်ဆိုပေမဲ့ ဒါက ပစ္စုပ္ပန်တည့်တည့်ကံတရား ကို ပိုပြီး ရည်ညွှန်းတာလို့ ထင်မိပါတယ်။ အတိတ် ကံအကျိုးပေးချိန်တန်ရင် ဘယ်လောက်ပဲ ကောင်း တာလုပ်နေပါစေ 'ကံကြွေးဝဋ်ကြွေး'ကို ဆပ်ကြရစမြဲပါ။


စာရေးသူရဲ့ တပည့်တယောက်အဖြစ်ကို ပြော ပြချင်ပါတယ်။ အနည်းဆုံး ‘4D’ နဲ့အောင်ဖို့ သေချာနေသူပါ။ အနေအေးတယ်။ စည်းကမ်းလိုက်နာတယ်။ တက္ကသိုလ်ဝင်တန်း စဖြေမယ့် မနက် ၇ နာရီမှာ မုန့်ဟင်းခါးစားဖို့ အိမ်ကအထွက် ဆိုင်ကယ်အတိုက်ခံရပါတယ်။ လက်ကောက်ဝတ်နှစ်ဖက်လုံး ကျိုးတယ်။ ညာလက်ချောင်း သုံးချောင်းကျိုးတယ်။ ခွဲစိတ်ခန်းဝင် ရတာ မွန်းလွဲ ၁ နာရီလောက်မှပြီးတယ်။ စာမေးပွဲ မဖြေလိုက်ရပါဘူး။ ဆရာတွေရော၊ မိဘဆွေမျိုးတွေရော ယူကျုံးမရဖြစ်ကြရပါတယ်။ နောက်နှစ်မှာတော့ ဆရာရော၊ မိဘပါ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက် ဂရုစိုက်လိုက်လို့ ငါးဘာသာဂုဏ်ထူးနဲ့ အောင်သွားပါ တယ်။ တက္ကသိုလ်ဝင်တန်းဖြေမယ့်ကလေးဆိုတာ လှူခါနီး ရှင်လောင်းလို အထူးဂရုစိုက်ကြရပါတယ်။ ကလေးအတွက် ကံကောင်းစေဖို့ ကုသိုလ်ကောင်းမှုအမျိုးမျိုးကို မိဘများက ကိုယ်တတ်နိုင်တဲ့ပုံစံနဲ့ လုပ်ပေးကြရမှာပါ။ အကုန်အကျအလွန်နည်းတဲ့ သောက် တော်ရေချမ်းကပ်တဲ့ ကုသိုလ်လောက်တော့ မှန်မှန် အလုပ်ခိုင်းသင့်ပါ တယ်။ ဗေဒင်လက္ခဏာကို ယုံကြည်သူများအဖို့ ဗေဒင်လက္ခဏာမေးပြီး ယတြာချေလိုက်ရမှ စိတ်ချမ်းသာကြပြီး အောင်မြင်မှုမလွဲမသွေရမယ်လို့ ယူဆချက်လည်း ရှိကြပါတယ်။ ကလေးကိုယ်ချမ်းသာ၊ စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်။ စာရေးသူရဲ့ ကျောင်းမှာအဲဒီလိုလုပ်ဖို့ ခွင့်တောင်းရင်အမြဲခွင့်ပြုပေးလိုက်တာပါပဲ။


 


 


 


 


 


 


 


 

ဗေဒင်နဲ့ ပတ်သက်လို့ ပြောစရာလေးတွေတော့ ရှိပါတယ်။ အလွန်ရိုးသားတဲ့ တောသူတောင်သား မိဘတချို့ကို ဗေဒင်ဆရာက ယတြာချေအခါပေးလိုက်ပုံကဖြင့် အပြစ်တင်ရခက်၊ ရယ်ရခက်တဲ့အဖြစ်ပါပဲ။ ''စာဖြေခန်းရှေ့ ရောက်ရင် စာဖြေခန်းကို ကျောပေး၊ အသက်အောင့် ဗေဒင်ဆရာစီရင်ပေးလိုက်တဲ့ ပန်းသီးကို ဘယ်လက်နဲ့ကိုင်၊ သုံးခါလွှဲပြီး စာဖြေခန်းနံရံကို မှန်အောင်ပစ်လိုက်''ပါတဲ့ဗျာ။


သက်ဆိုင်ရာစာစစ်ဌာန (အထက) ၀င်းထဲ ၀င်ပြီဆိုတာနဲ့ ယိုင်ပတ်ကာထားတဲ့အခန်းထဲဝင်၊ ကျောင်းသူတွေကို ဆရာမတွေက တကိုယ်လုံးရှာ ကျောင်းသားတွေကို ဆရာတွေက တကိုယ်လုံးရှာ ပြီးမှာစာဖြေ ခန်းဆီသွား။ ဒီသဘောတွေကို ရိုးသားတဲ့တောသူ တောင်သားမိဘတော်တော်များများ မသိရှာကြပါ။ ခေတ်မမီတဲ့ ဗေဒင်ဆရာများလည်း မသိပါ။ ဒါကြောင့် ကိုယ်သဘောပေါက်သလို လုပ်ကြတာပေါ့လေ။


ဒါထက်ဆိုးတဲ့အဖြစ်လည်း ကြုံဖူးပါသေးတယ်။ စာရွက်သေးသေးလေး ၄ လိပ်ပေါ်မှာ စ၊ ဓ၊ ဗ၊ ၀ ဆိုတဲ့ အက္ခရာတလုံးစီရေးပြီးလိပ်၊ အလိပ်သေးသေး လေး ၄ လိပ်ကို ကျောင်းသူရဲ့ဆံပင်ထဲမှာမြုပ်ပြီး ဆံညှပ်နဲ့ အညှပ်ခိုင်းတယ်။ ''ယတြာစွမ်းမစွမ်းတော့ မသိဘူးဗျာ။ တွေ့သွားရင်တော့ ခိုးချဖို့ ကြံစည်ထားတာပါဆိုပြီး အနည်းဆုံး နှစ်နှစ်စာမေးပွဲဖြေခွင့် အပိတ် ခံရလိမ့်မယ်။ မလုပ်ပါနဲ့၊ တနှစ်လုံး ကျကျနနပြင်ဆင်ပြီးသားမို့ အောင်မှာ သေချာပါတယ်''ဆိုပြီး ဖျောင်းဖျ လိုက်ရပါတယ်။


ကြိုးစားချင်တဲ့သူတွေအတွက် အချိန်မမီတော့ ဘူးလို့ မရှိပါ။ အချိန်မလုံလောက်တာပဲရှိနိုင်ပါတယ်။ ဒီအချိန်မှာ ဘာလုပ်သင့်သလဲဆိုတာ စာမေးပွဲဖြေဆို ကြမယ့် ကလေးတွေနဲ့ မိဘများကို အကြံပေးချင်ပါ တယ်။ ကိုယ့်အိမ်က ရာသီဥတုနဲ့ ညီညွတ်အောင် ချက်ပြုတ်ကျွေးတဲ့ 'အိမ်စာ'တွေပဲ အားပြုစားပါ။ 'အပြင်စာ'တွေ ရှောင်ကြပါ။ ဒါမှကျန်းမာပါလိမ့်မယ်။ ကျန်းမာရင် ကံတ၀က်ကောင်းနေပါပြီ။ ကုသိုလ်ကောင်းမှုကို တတ်နိုင်သမျှ မကြာမကြာပြုပေးပါ။ ဒီကုသိုလ်ကို တွေးမိတိုင်း စိတ်ချမ်းသာပါလိမ့်မယ်။ စိတ်ချမ်းသာရင် ကိုယ်ကျန်းမာပါတယ်။ ဒါဟာ အကောင်းဆုံး ဗုဒ္ဓယတြာပါပဲ။


အခုချိန်ရောက်မှ ညလုံးပေါက် မအိမ်မနေ ကြိုးစားနေလို့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများဖို့ပဲ ရှိပါတယ်။ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာ၊ ဆရာမတွေ ညွှန်ကြားတဲ့အတိုင်း ကိုယ်တတ်နိုင်သမျှ ကျက်မှတ်တွက် ချက်ပြီး သမျှတွေကို စနစ်တကျဖြစ်အောင် အစီအစဉ်ချပြီး မှန်မှန်ကြိုးစားနေသင့်ပါတယ်။ ခုချိန်ကျမှ မီးကုန်ယမ်းကုန်လုပ်ရင် စာဖြေရက်မှာ မူးလဲတာ၊ ခေါင်းထဲက အကုန်ပျောက်ကုန်တာ၊ ကျန်းမာရေးယိုင်လဲပြီး ဆက်မဖြေနိုင်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိပြီးသားစာတွေကိုပဲ ပွဲမ၀င်ခင် အပြင်က ကျင်းပ''ဆိုသလိုမျိုး မှန်မှန်ပဲ ကြိုးစားသွားသင့်တဲ့အချိန်ဆိုတာ သတိပြုစေချင်ပါ တယ်။


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းမေးခွန်းတွေမှာ ပေးမှတ်နဲ့ မကာမိအောင် အားစိုက်ရတဲ့ မေးခွန်း တွေ၊ သင်ရိုးဘောင်ကျော်နေတဲ့ မေးခွန်းတွေ၊ အဓိပ္ပာယ်နှစ်ခွထွက်တဲ့ ပုစ္ဆာတွေပါလို့ ပူညံပူညံ အသံ တွေထွက်ခဲ့ပါတယ်။ ''၂၀၁၇ မေးခွန်းမှာ ဒီလို ချို့ယွင်းတဲ့မေးခွန်းတွေ အဖြစ်မခံတော့ဘူး။ သင်ရိုးပိုင်နိုင် ကျွမ်းကျင်ပြီး ၀ါရင့်တဲ့သူတွေကိုပဲ မေးခွန်းထုတ်ခိုင်းမယ်''လို့ ပညာရေးဝန်ကြီးဌာနရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီး က ကြုံးဝါးခဲ့ပါတယ်။ ၂၀၁၇ မေးခွန်းတွေနဲ့ ဖြေတဲ့အချိန်မှာ တချို့မေးခွန်းတွေဟာ ရှက်စရာ ကောင်း လောက်အောင် ချို့ယွင်းချက်တွေပါလာပါ တယ်။ ''ဘယ်လိုပါမောက္ခမျိုးကို မေးခွန်းထုတ်ခိုင်း ပါလိမ့်''လို့ မယုံနိုင်အောင် ဖြစ်ကြရပါတယ်။ အမှတ်တွေတိုးပေးပြီး အလုပ်တွေရှုပ်ကြရပါတယ်။ ''မေးတဲ့ သူဟာ ဘာမေးမေး မေးချင်ရာမေးလို့ ဖြစ်ပါတယ်''။ ဒါပေမဲ့ ဖြေတဲ့သူက ဘာဖြေဖြေ ဖြေချင်ရာဖြေလို့ မရပါဘူး'' မေးသူဘက်က ချို့ယွင်းရင် Sorry နဲ့ပြီးလို့ရပေမဲ့ ဖြေသူဘက်က ချို့ယွင်းရင် ဘ၀နဲ့ ရင်းရတာပါ။ ဒါကြောင့်လည်း 'အမေး နွားကျောင်းသား အဖြေ ဘုရားလောင်း'လို့ ဆိုရိုးတွင်နေတာပါ။ မေးခွန်း ထုတ်သူ ဆရာတို့ရေ 'ငါ ပါမောက္ခ'ဆိုတာကို ခဏမေ့ထားပြီး 'သာမန် ဆယ်တန်းကျောင်းသား'လို့ ခံစားပြီးမှ မေးခွန်းထုတ်နိုင်ကြပါစေ၊ သိက္ခာရှိတဲ့၊ ချို့ယွင်းချက်ကင်းတဲ့ မေးခွန်းမျိုးတွေကိုသာ ၂၀၁၈ မတ်လ မှာ တွေ့ပါရစေလို့ မျှော်လင့်နေကြောင်းပါ။


ဆရာဓား(ကုန်းဇောင်း)