မူးယစ်ဆေးဝါးသုံးစွဲကြောင်း အတန်းပိုင်ဆရာမထံ ၀န်ခံလိုက်တဲ့ ခြောက်တန်း ကျောင်းသားလေး


ကချင်ပြည်နယ် ဖားကန့်ကျောက် စိမ်းတွင်းဒေသတရားဥပဒေစိုးမိုးရေးသည် တနေ့တခြား ရာဇ၀တ်မှုများ ထူပြောများပြားလျက်ရှိသည်။ နေ့စဉ်လိုလိုပင် လုယက်မှုများ၊ ခိုးမှုများတိုးပွားလျက်ရှိပါသည်။ ရာဇ၀တ်မှုများ ထူပြောရခြင်း၏ ပထမလက်သည်တရားခံမှာ မူးယစ်ဆေးဝါးဖြစ်ပြီး လောင်းကစားသည် ဒုတိယဖြစ်ပါသည်။ ထိုအရာများသည် ဖားကန့်ဒေသသို့ ရောက်ရှိလာသော ၀န်ထမ်းထု၏သည်းခြေကြိုက် ငွေတွင်းကြီးများ ဖြစ်နေပြန်သည်။ ထိုဝန်ထမ်းထုကြီးက ငွေတွင်းပိုင်ရှင် ဒုစရိုက်သမားများကို အကာအကွယ်ပေးနေကြ သောကြောင့် မူးယစ်ဆေးဝါးနှင့် လောင်းကစားရှင်သန်မင်းမူခွင့်ရနေသည့် သဘောပင်ဖြစ်သည်။


၂၃-၁-၂၀၁၈ နေ့က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အထကကျောင်းအတွင်း ခြောက်တန်းကျောင်းသားလေး တဦး မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သူ၏အတန်းဖော်ကျောင်းသားများက တိုင်ကြားသဖြင့် အတန်းပိုင် ဆရာမက စစ်ဆေးခဲ့ရာဟုတ်မှန်ကြောင်း ၀န်ခံခဲ့သည်ဟု သိရပါသည်။


''ကလေးအချင်းချင်းတိုင်ကြတော့ ကျွန်မတို့က ချော့မေးရတာပေါ့။ မင်းကို ဘာမှမလုပ်ဘူး၊ ဘာမှ မဖြစ်စေရဘူးလို့ ချော့မေးတော့မှ သူရာမဆေးပြားရှူတယ်လို့ ၀န်ခံတယ်။ ဆေးပြား နှစ်ပြားဝယ်လာတယ်။ တပြားက သူရှူလိုက်တယ်။ တပြား က လွှင့်ပစ်လိုက်တယ်''လို့ အတန်းပိုင် ဆရာမက ပြောပါသည်။ ဆေးပြား တွေကို လုံးခင်းအထကကျောင်းရှေ့ရှိ ဘုရားကုန်းပေါ်မှ တပြားနှစ်ထောင်ဖြင့် ၀ယ်ခဲ့ကြောင်း၊ ၎င်းသည် နေအိမ်အနီးမှ လူကြီးများဆေးပြားရှူနေကြသည်ကို နေ့စဉ်လိုလိုမြင်တွေ့ခဲ့ရာမှ လူငယ်တို့၏ သဘာဝ စမ်းရှူခဲ့သည် ဟု အတန်းပိုင်ဆရာမအား ပြောပြပါသည်။


မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဖားကန့်နယ်မြေမှာ တာဝန်အရှိဆုံး အဖွဲ့အစည်းသည် မူးယစ်(အထူး) အဖွဲ့ဖြစ် ပါသည်။ လက်ရှိဖားကန့်ဒေသ၏ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှု အနေအထားကိုကြည့်လျှင် ထိုအဖွဲ့၏ လုပ်ငန်းဆောင်တာများ အားနည်းနေသေးသည်ဟု ယူဆရနိုင်ပါသည်။ အဆိုပါလုပ်ပိုင်ခွင့် ရှိသော အဓိကအဖွဲ့အစည်းက လုပ်ငန်းဆောင်ရွက်မှုများ ဆက်လက်အားနည်းနေဦးမည်ဆိုလျှင် ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်း၊ တာမခံတခွင်မှာ မူးယစ်ဆေးဝါးသည် စတိုးဆိုင်များပေါ်တွင် မရှိမဖြစ်တင် ထားရသော ရောင်းကုန်တခုအဖြစ် နေရာယူလာနိုင်ပါသည်။


''မူးယစ်ဆေးဝါးတွေက လူသွားလူလာများတဲ့ လမ်းမကြီးတွေပေါ်တောင်မှ ရောင်းလာနေကြပြီ။ ကဲ ဘယ်လို လုပ်ကြမလဲ။ သက်ဆိုင်ရာဌာနတွေက ဒါကိုဒီအတိုင်းကြည့်နေတယ် မဖမ်းဘူး''ဟု ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်ဦးတင့်စိုးက ပြောပါသည်။ ခြောက်တန်းကျောင်းသားလေးကတောင် မူးယစ် ဆေးဝါးသုံးစွဲလာနေပြီဆိုသည်မှာ ဖားကန့်ဒေသအတွက် တော်တော်အခြေအနေ ဆိုးဝါးလာနေပြီဟုလည်း ၎င်းကဆက် လက်ပြောသည်။


၂၀၁၇ ခုနှစ်တွင် ဖားကန့်၌ မူးယစ် ဆေးဝါး ၃၈၃ မှု ဖမ်းဆီးနိုင်ခဲ့သည်။ ယင်းတို့တွင် ဘိန်းဖြူအမှု ၅၇ မှု၊ စိတ်ကြွဆေးပြားမှု ၉၁ ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ကျန်သောအမှုများမှာ အမှုဖြစ်လျှင် ပြီးရောဆိုသည့် သဘော ဖမ်းသည့်အမှုသေးများဖြစ်နေသည်။ တရားခံအမျိုးသား ၄၁၅ ယောက်နှင့် တရားခံအမျိုးသမီး ၅၇ ဦး စုစုပေါင်း ၄၇၂ ဦးရှိသည်။ မူးယစ်ဆေး ၀ါးအလေးချိန် ၇၄၈၅၇၂ ဒသမ ၇၅ ဂရမ် ဖမ်းဆီးရမိသည်။ ထိုဖမ်းမိသော ပမာဏသည် လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံတွင် ဖြန့်နေသော မူးယစ်ရာဇာလက် ကြီးသမားတယောက်၏ တရက်ဖြန့်ဖြူးသည့်ပမာဏလောက်ပင် မရှိဟုလည်း ဒေသခံများက ဝေဖန်ပြောဆိုနေကြပါသည်။


၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အရင်ထက် ကြပ်ကြပ်မတ်မတ်တိုးပြီး လုပ်ဆောင်သွားမည်ဟု ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦး က ပြောပါသည်။


''မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ၀င်လာတဲ့အပေါက်တွေကို ကျွန်တော်တို့ လေ့လာသိရှိပြီးပါပြီ။ အဲဒီလိုနေရာတွေကို  ပိတ်ဆို့ပြီး  အရှိန်မြှင့်ဖမ်းဆီး လုပ်ဆောင်သွားမည်''ဟု ဖားကန့်မြို့ နယ်ရဲတပ်ဖွဲ့မှူး  ဦးကျော်ဦးက ပြောပါသည်။


လက်ရှိ မူးယစ်တပ်ဖွဲ့ဝင်များဖြင့် ခရီးဆက်သွားနေလျှင် ဖားကန့်ဒေသတွင် ခြောက်တန်းကျောင်းသားသာမက မူလတန်းကလေးများပင် မူးယစ်ဆေးစွဲလာနိုင်ပါသည်။ ဖားကန့်မြို့နယ်တခုလုံးရှိ  မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ အနီးတ၀ိုက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းချနေသူများကို ဆိုးဆိုးရွားရွား တွေ့မြင်နေရသဖြင့် လွန်စွာမှ စိတ်မကောင်းဖြစ်နေကြရသည်ဟုလည်း ကျောင်းသားမိဘများထံမှ သိရှိ ရပါသည်။


ဇော်မိုးထက်(ဖားကန့်)