မြန်မာနိုင်ငံ အနာဂတ်ဗုဒ္ဓဘာသာ အလားအလာ


လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်တွင် တည်ရှိသည့် 'ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်'တွင် ဇန်န၀ါရီ ၁ ရက်မှ ၁၇ ရက်အထိ ဘာသာရေးနှင့်ပတ်သက်သော ထူးခြားသည့်သင်တန်းတခုဖွင့်လှစ်ခဲ့သည်။ ဓမ္မာစရိယရဟန်းတော်များနှင့် သီလရှင်များအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်းကို 'ဂလိုဘယ် ဗုဒ္ဓဘာသာ အတွေးအမြင်သစ်သင်တန်း (New Global Buddhist Ideology Program)''ဟု အမည်ပေးထားသည်။ ဖွင့်လှစ်သူက ဤပါဠိကောလိပ်ထူထောင်သူ ပဓာန နာယကဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တသာရဖြစ်သည်။ ကျွန်တော်တို့နှင့် ခင်မင်ရင်းနှီးကာ သူ့ကလောင်အမည် 'ဓမ္မဂင်္ဂါ'ဖြင့် လူသိများသူ ဖြစ်သည်။ စင်ကာပူ မင်္ဂလာဝိဟာရကျောင်းထိုင်ဆရာတော်ဦးစိတ္တရ (နာမည်ကြီးဘာသာပြန်စာရေးဆရာ ဇင်ဝေသော်)နှင့် သူတို့ကိုယ်တော်များသည် ခေတ်မီအတွေးအခေါ်ရှိကာ မော်ဒန်စာပေ(ကဗျာ)ကို စိတ်ဝင်စားသူများဖြစ်သည်။ အရှင်ဝိစိတ္တသာရသည် စာသင်သားဘ၀က အတန်းဖော်များအကြားတွင် 'ရှင်မော်ဒန်'အမည်တွင်အောင် မော်ဒန်စာပေကို စိတ်ဝင်စားသူဖြစ်သည်။ ထို့ကြောင့် ဤလိုသင်တန်းမျိုးကို ဦးဆောင်ဖွင့်လှစ်သူ ဖြစ်လာသည်။ ပို့ချမည့်ဘာသာရပ်တွေကိုလည်း ကြည့်ဦး။


၁။ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ် ချဉ်းကပ်မှု


၂။ သက္ကတ၊ ပါဠိ၊ အင်္ဂလိပ်၊ တရုတ်၊ ဟင်ဒီ စသော သာသနာပြုဘာသာစကားလေ့လာမှုနိသျှ။


၃။ ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ်ပညာ


၎။ ကွန်ပျူတာနည်းပညာဖြင့် ဓမ္မဖြန့်ဝေခြင်း


၅။ ဒေသတွင်းနှင့် မျက်မှောက်ခေတ် ကမ္ဘာ့ဗုဒ္ဓသာသနာဆိုင်ရာ ပထ၀ီနှင့်သမိုင်း (အတွေ့အကြုံနှင့် အတွေးအမြင်)


၆။ စိတ်ကြိုက်မြန်မာစာ (ဓမ္မနှင့်ရသစာပေဆိုင်ရာ ဂန္ထ၀င်၊ မော်ဒန်၊ ပို့စ်မော်ဒန်နှင့် ခေတ်ပေါ်အရေးအသား)


သင်တန်းပို့ချမည့်သူတွေကလည်း ထိတ်ထိတ်ကြဲ။ ဓမ္မဘေရီဆရာတော်ဘုရားကြီးမှအစ အရှင်ကုသလသာမိ (ဂျာမနီသာသနာပြု)၊ အရှင်တိက္ခဥာဏာလင်္ကာရ (ဓမ္မယောနွယ်ဆရာတော် အမေရိကန်သာသနာပြု)၊ ဒေါက်တာအရှင်သူရိယ၊ ဒေါက်တာအရှင်အာစာရ (ပါမောက္ခ၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာဌာန၊ ဌာနမှူး) ဒေါက်တာဝိစိတ္တသာရ (ဓမ္မဂင်္ဂါဆရာတော်)တကယ့် ဆရာတော်တွေဖြစ်သည်။


စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်ရာတွင် ဆေးရိုးသည်အဖြစ် ကန့်လန့်ကန့်လန့်ပါရသူက ကျွန်တော် ဖြစ်သည်။ ဓမ္မဂင်္ဂါဆရာတော် (ကျွန်တော်တို့က BGPG ဘကြီးဘုန်းကြီးဟု ချစ်စနိုးခေါ်)၏ အတင်း တိုက်တွန်းမှုကြောင့် သင်တန်းတရက် (ဒုတိယမြောက်နေ့ ဇန်န၀ါရီ ၁၂ ရက်) မော်ဒန်စာပေအကြောင်း သွားရောက်ဟောပြောရသည်။ သင်တန်းတက်သူ ရဟန်းတော်နှင့်သီလရှင်များ အပါးလေးဆယ်ခန့် ရှိသည်။ ကျွန်တော်က အဖော်ရအောင် မော်ဒန်ပန်းချီစာရင်းတွေအကြောင်း ရှင်းလင်းဟောပြောဖို့ ဖြူမွန်ကိုပါ ဆွဲထည့်ပါသည်။ သင်တန်းစီစဉ်သူက ကားဖြင့် အကြိုအပို့လုပ်၊ နံနက်စာကျွေးကာ၊ သင်တန်းပေးခအဖြစ် ဒေါ်လာ ၅၀ နှင့် သူရေးသောစာအုပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပြန်လည်ပေးအပ်ပါသည်။ ကျွန်တော်ပြောချင်သည့်အကြောင်းက ဤအကြောင်းများ မဟုတ်ပါ။ ကျွန်တော်တို့နှင့် တရက်တည်း သင်တန်းပေးခဲ့သည့် ဆရာတော်အရှင်ကုသလသာမိအကြောင်းနှင့် သူ့ဟောပြောပို့ချချက်အကြောင်းသာ ဖြစ်ပါသည်။


အရှင်ကုသလသာမိသည် သီဟိုဠ်(သီရိလင်္ကာနိုင်ငံ)တွင် ပညာသင်ကြားပြီး မြန်မာပြည်ပြန်လာကာ ဓမ္မစကူးလ်ထူထောင်ရာတွင် စတင်ဦးဆောင်ခဲ့သူ ရှင်သုံးပါးအနက် တပါးအပါအ၀င်ဖြစ်သည်။ ဓမ္မစကူးလ် အောင်မြင်စကာလမှာပင် ဂျာမနီနိုင်ငံသို့ကြွရောက် သီတင်းသုံးကာ သာသနာပြုနေခဲ့သည်။ (သူဂျာမနီ ရောက်မှ ရေးသားကာထုတ်ဝေသော 'စကန်ဒီနေးဗီးယန်းနိုင်ငံများ သာသနာပြုခရီး'စာအုပ်ကို ကျွန်တော် အမှာစာရေးပေးဖူးသည်။ အမှာစာရေးခ တသိန်းရသဖြင့် အမှာစာရေးခဲ့သမျှထဲတွင် စာမူခအများဆုံး ရခဲ့သော အမှာစာဟု ဆိုရပေမည်) ဆရာတော်သည် မြန်မာနိုင်ငံသို့ နှစ်စဉ်ပြန်ကြွလာကာ အနယ်နယ် အရပ်ရပ်လှည့်၍ တရားဟောလေ့ရှိသည်။ သူရောကိုယ်ပါ တွေ့ချင်ကြသော်လည်း အလုပ်များသဖြင့် ငဲ့ညှာကာ မတွေ့ခဲ့ရကြ။ ယခုတော့ တရက်တည်း သင်တန်းမှာဆုံသည်။ သူဟောပြောဆွေးနွေးသည့် ဘာသာရပ်ကလည်း စိတ်ဝင်စား စရာကောင်းလှသည်။ အနောက်တိုင်း ဆုတ်ယုတ်လာသော ဘာသာရေးနှင့် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ၏ အနာဂတ်အလားအလာအကြောင်း ဖြစ်သည်။


ဆရာတော်ရည်ညွှန်းလိုသော ဆုတ်ယုတ်လာသည့် ဘာသာရေးမှာ အနောက်တိုင်း (အထူးသဖြင့် ဥရောပ)မှ ခရစ်ယာန်ကွန်မြူနတီအတွင်း ယုတ်လျော့လာသော ယုံကြည်ကိုးကွယ်မှုကို ဆိုလိုသည်။ ဆရာတော်က သူတို့ဆီတွင် တနင်္ဂနွေနေ့ ဘုရားရှိခိုးကျောင်းသွားကြသောအလေ့သည် ကြာလေ အားလျော့လာလေ ဖြစ်သည်။ သူလေ့လာရသလောက် တချို့သည် နှစ်ကာလရှည်ကြာစွာပင် ဘုရားရှိခိုးကျောင်းသို့ မရောက်ကြတော့ဟုဆိုသည်။ ဥရောပတွင် တနေ့တခြား ဘာသာမဲ့ဆိုသူတွေ တိုးပွားလာသည်။ (ပြင်သစ်တွင် ဘာသာမဲ့ ၄၀ ရာခိုင်နှုန်းရှိသည်ဟု စာရင်းဇယားအရ ပြောပါသည်။ တခြားနိုင်ငံအလိုက် စာရင်းကိုလည်း ဆလိုက်ထိုးကာပြသည်။) ဘာသာမဲ့ဟု အမည်မခံကြသော်လည်း အများစုမှာ ဘာသာရေးအပေါ် အလေးအနက်မထားတော့ဟုဆိုသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအများစုမှာ အစိုးရအထောက်အပံ့နှင့် ရပ်တည်နေရရာ ယခင်ကကဲ့သို့ အစိုးရကလည်း မထောက်ပံ့နိုင်သဖြင့် တစထက်တစ ဖျက်သိမ်းပိတ်သိမ်းနေကြရသည်။ တချို့ကို မြန်မာဗုဒ္ဓဘာသာဝင်များက၀ယ်၍ ဘုန်းကြီးကျောင်းအဖြစ် ပြုပြင်ယူကြသည်ဟုဆိုသည်။ ဂျာမနီတွင် လေ့လာသည့်အနေဖြင့် လူငယ်များကို ဘာသာရေးနှင့်ပတ်သက်၍ ယုံကြည်မှုရှိပါသလားဟု မေးခွန်းထုတ်တိုင်း သူတို့က မား (Mah) မြန်မာလိုတော့ 'ခေါက်ထားစမ်းပါ'ဟု အဓိပ္ပာယ်ရသည့်စကားဖြင့် ဖြေလေ့ရှိသည်ဟု ဆိုပါသည်။


ဖန်ဆင်းရှင်ဝါဒကို မယုံကြည်ဘူးဆိုတော့ ဘာကိုယုံကြည်သနည်း။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံ ကြည်လာကြသလားဆိုတော့ ဒီလိုလည်း မဟုတ်ပြန်ချေ။ တခုတော့ရှိသည်။ သူတို့သည် 'တရားထိုင်ရခြင်း' ကိုတော့ အလွန်အမင်း စိတ်အားထက်သန်လာကြသည်ဟု ဆိုသည်။ သူနေထိုင်ရာ ဖရန်းဖွတ်မြို့ကလေး မှာပင် တရားထိုင်နိုင်သည့် Meditation စင်တာပေါင်း အတော်များများရှိသည်။ တချို့မှာ ဟင်ဒီယောဂတရား ပြစခန်းများဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာကျောင်းများတွင်သာ တရားအလကား (အခမဲ့) ထိုင်ခွင့်ရသော်လည်း တခြားစင်တာများတွင် တနာရီ တရားထိုင်လျှင်ပင် ယူရိုဒေါ်လာ ၃၀ ကျော် ၄၀ ပေးကြရသည်ဟု ဆိုပါသည်။ ဒါလည်း တရားထိုင်မှုတွေ တိုးပွားလာနေသည်။ တရားထိုင်မှုမှရရှိသော စိတ်ငြိမ်းချမ်းမှုအရသာနှင့် တခြားအကျိုးဆက်များကို သူတို့နှစ်သက်နေကြသည်။ ဒါက သူတို့ဆီတွင် Godless Community (ဘုရားမဲ့လူ့အဖွဲ့အစည်း)အထိ သွားမည့်အခြေအနေဖြစ်သည်။


ဆရာတော်က မြန်မာနိုင်ငံမှာရှိနေသော ဗုဒ္ဓဘာသာ၏ အနာဂတ်အလားအလာအခြေအနေကို  မေးခွန်းထုတ် သည်။ တိုးတက်စရာရှိသလား၊ ယုတ်လျော့စရာရှိသလား၊ သင်တန်းသားအားလုံးကို (အချိန်မရသဖြင့်) တယောက်ချင်းစီ ဖြေစေချင် ကြောင်းမေးရာ၊ အမျိုးမျိုးဖြေကြသည်။ အများစုက  အစိုးရနှင့် ပူးပေါင်းချီးမြှောက် လျှင် တိုးတက်စရာရှိကြောင်း ပြောကြပါသည်။ အကျယ်တ၀င့် (အချိန်မရသဖြင့်)မဆွေးနွေးနိုင်ကြပါ။ ဦးဆောင်သူဆရာတော်က ဤကိစ္စကိုဆက်လေ့လာ သုတေသနပြုကြဖို့ တိုက်တွန်းနှိုးဆော်၍ သွားပါသည်။ (ထိုပွဲတွင် ကျွန်တော်လေ့လာသူအဖြစ်သာ တက်ရောက်နားထောင်သဖြင့်လည်းကောင်း၊ သင်တန်းသားမဟုတ် သဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးခြင်းမပြုခဲ့ပါ။ သင့်လည်း မသင့်တော်ပါ။) ဤဆောင်းပါးတွင် လတ်တလော တွေ့ရသည့် ကျွန်တော့အမြင်တချို့ကို  တင်ပြအပ်ပါသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ ကြီးပွားတိုးတက်လာ အောင် (အစိုးရကလည်း အားပေးနေသဖြင့်) ကြိုးစားကြံဆောင်ကြရန် အခွင့်သာဆုံးအခြေအနေဖြစ်ပါသည်။ သတိပြုရန်များမှာ-


(၁) ထိုပွဲတွင် သံဃာတော်တချို့တင်ပြသလို နောက်ပိုင်းတွင် သာသနာဘောင်သို့ ၀င်ရောက်သည့် ရှင်သာမဏေငယ်များ၊ တနေ့ထက်တနေ့ ရှားပါးလာသောပြဿနာဖြစ်ပါသည်။ ထိုပြဿနာကို မရှင်းနိုင်ရင် နောက်ပိုင်း၌ မျိုးဆက်ပြတ်သွားနိုင်ပါသည်။ သာသနာသည် ပရိယတ္တိအပေါ် အခြေခံရတာ ငြင်းပယ်၍မရပါ။ ယခုဤပွဲကို ဦးဆောင်ကျင်းပသည့်  အရှင်ဓမ္မဂင်္ဂါတို့ခေတ်ကကဲ့သို့ ကျေးလက်များတွင် မိဘများက ရင်သွေးငယ်များကို သာသနာဘောင်သွတ်သွင်းသည့်ဓလေ့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ အညာကျေးလက်ဒေသမှ ကလေးငယ်များ မှာ ဈေးနှုန်းချိုသာသော ကလေးလုပ်သားများအဖြစ်၊ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီးများရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် စားပွဲထိုး၊ ပန်းကန်ဆေး အလုပ်များ လုပ်ကိုင်နေရသည်။ လူပွဲစားများကတဆင့် မိဘများသည် ခြောက်လစာ၊ တနှစ်စာ ကြိုတင်ငွေများ ရယူခြင်း၊ သူတို့လုပ်ကိုင်သော လယ်ယာကိုင်းတွေနဲ့ လုပ်ငန်းများမှာ ယခင်ခေတ်များကဲ့သို့ အဆင်မပြေခြင်း တို့ကြောင့် သားသမီးများကို ခိုင်းစားသောဘ၀ ရောက်လာကြသည်။ ထိုကလေးများသည် အနည်းငယ် အရွယ်ရောက်လာသောအခါ ထိုင်း၊ မလေးရှား စသော နိုင်ငံများသို့ထွက်၍ အလုပ်လုပ်ကာ မိဘများကို ထောက်ပံ့ကြသည်။ ယခုအခါ အညာကျေးလက်များတွင် သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးများသာ ရှိတော့ပြီး အရွယ်ရောက်သူများ ရှားပါးနေသည်ကို လေ့လာကြည့်ပါက သိနိုင်သည်။ ဒီပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာရပါမည်။


(၂) ယခုအခါရှိနေသော သံဃမဟာနာယက အဖွဲ့ဆိုသည်မှာ ဦးနေ၀င်းအစိုးရလက်ထက်ကပင် တည်ရှိခဲ့သော အစိုးရက စပွန်ဆာပေးထားသည့် အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် တချို့နေရာများတွင် မင်းအလိုလိုက် မင်းအကြိုက်ဆောင်မှုတွေရှိသည်။ ဒါကြောင့်လည်း မဘသလို တခြားသံဃအဖွဲ့အစည်းတွေ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။ ပြိုကွဲနေသော သံဃညီညွတ်ရေးကို ပြန်လည်တည်ဆောက်ရန် သံဃာထုအားလုံးအပေါ် သြဇာလွှမ်းမိုးနိုင်သည့် အခြေခံကအစ အများသဘောကျ အဆင့်ဆင့်ရွေးချယ်တင်မြှောက်သည့် ဒီမိုကရက်တစ်သံဃာအဖွဲ့အစည်းတခု ပေါ်ပေါက်ရန် လိုအပ်နေပါသည်။ ဒါမှသာ ဘာသာ၊ သာသနာ တိုးတက်ရေးကို တညီတညွတ်တည်း ဆောင်ရွက်နိုင်မည်။


(၃) ယခင်ခေတ်များဟာ သံဃာများ တိုင်းခြားဘာသာစကား(ဥပမာ- အင်္ဂလိပ်စာသင်ကြားရေးကို  အားမပေးပါ။ ကန့်ကွက်သူပင်ရှိပါသည်။ ယခုအခါ  ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးများ ပေါ်ပေါက်လာကာ အင်္ဂလိပ်စာကို တွဲဖက်သင်ကြားပေးနေသည်ကို အားပေးရပါမည်။ ထိုအထဲမှ နိုင်ငံခြားသာသနာပြု ပုဂ္ဂိုလ်တွေ ပေါ်ထွန်းလာပါသည်။ အရှင်ကုသလသာမိက New Buddhisim ဟု ဆိုပါသည်။ သူ့မိန့်မှာစကားက မှတ်သားလောက်ပါသည်။ ပိဋကတ်သုံးပုံကို ပြင်ခိုင်းခြင်းမဟုတ်၊ ဘုရားဟောဒေသနာတော်တွေထဲမှာ ပြင်ဆင်ဖြည့်စွက်စရာ(သို့မဟုတ်) ထုတ်နုတ်ပယ်ဖျက်စရာ၊ တရားဟူ၍လည်း တလုံးတပါဒမျှမရှိ။ သို့သော် ချဉ်းကပ်ပုံနှင့် ပြန်လည်ဖြန့်ဖြူးပုံ နည်းစနစ်(နည်းဗျူဟာ)များကိုမူ ခေတ်နှင့်အညီ ပြောင်းလဲရန်လိုအပ်သည်ဟု ဆိုချင်ခြင်းသာဖြစ်သည်။ လက်ခံရမည့်အချက်ဖြစ်သည်။ ယခုဓမ္မစကူးလ်တွေ ပေါ်ထွန်းလာခြင်းမှာ ထိုအချက်ထဲက တချက်ဖြစ်သည်။


(၄) ဗုဒ္ဓဘာသာ သာသနာကို နာမည်ပျက်စေမည့် ရဟန်းတု၊ ရဟန်းယောင်များ၊ အယူဝါဒအတု အယောင်များ၊ ဆရာဒကာတို့၏ အနှစ်သာရမပါသည့်  ဘုရားရှင်၏ အဆုံးအမနှင့် မညီသည့်ဓလေ့များကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုပါသည်။ ယခုခေတ် ယုံကြည်ကိုးကွယ်သူတို့၏ အပေါ်ယံအသိကို အတွင်းကျသော အနှစ်သာရဆန်သည့် အသိဖြစ်စေရန် ထိန်းကျောင်းပဲ့ပြင်ဖို့ လိုပါသည်။ ဦးစွာတွေးမိသလောက် သာဖြစ်ပါသည်။ ဤအချက်များကို ပြင်ဆင်နိုင်ရန် အနာဂတ်မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သာသနာသည် နေရောင်လရောင်ကဲ့သို့ ထွန်းပြောင်နေဦးမည်မှာ အသေအချာပင် ဖြစ်ပေတော့သည်။


သစ္စာနီ