ရန်ကုန်မြို့ တိုးချဲ့ရန် သင့်၊ မသင့်


ရန်ကုန်မြို့သည် ၁၉၈၈ ခုနှစ်တွင် စတုရန်းမိုင် ၈၀ ခန့်ရှိခဲ့ရာ ထိုနောက်ပိုင်းများစွာ တိုးချဲ့ခဲ့ရာ ယခု စတုရန်းမိုင် ၃၁၆ ရှိပါသည်။ နှစ်ပေါင်း ၂၅ နှစ်ခန့် အတွင်း ၄ ဆခန့် တိုးချဲ့ခဲ့သော်လည်း ယခုတဖန် ထပ်မံတိုးချဲ့ကြရန် ဆွေးနွေးလျက် ရှိကြပြန်သည်။စဉ်းစားကြရန်မှာ မိမိတို့ရန်ကုန်မြို့တွင် အစစအရာရာ အဆင်ပြေကြပါသလား၊ လွန်ခဲ့သောနှစ်များအတွင်း တိုးချဲ့ခဲ့သောနေရာများတွင် ပြည်သူလူထုအခြေခံ လိုအပ်ချက်များကို ဆောင်ရွက်ကြပြီးပါပြီလား၊ လွန် ခဲ့သောနှစ်များအတွင်း တိုးပွားလာသောလုပ်ငန်းရပ် များအတွက် မြေလွတ်များမရှိတော့၍ တိုးချဲ့ရန် စဉ်းစားကြသလားစသော အမေးများကို ဖြေဆိုကြရပါမည်။ရန်ကုန်မြို့နှင့်ပတ်သက်၍ အောက်ပါတို့မှာ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများ ဖြစ်သည်ဆိုလျှင် သဘောတူကြမည်ဟု ယူဆပါသည်။


၁။ ရန်ကုန်မြို့တွင် မြို့တော်စည်ပင်မှ နေ့စဉ် ရေဂါလန်သန်း ၂၀၀ ကျော်ပေးဝေလျက်ရှိသည်။ ထို ပမာဏမှာ ပုံမှန်စံနှုန်းအတိုင်း လူတဦးနေ့စဉ် ဂါလန် ၃၀ နှင့်တွက်လျှင် လုံလောက်ပါသည်။ သို့သော် ရန်ကုန်မြို့၏ မိသားစု (၁ ဒသမ ၁)သန်းခန့်မှ (သုည ဒသမ ၃၃) သန်းခန့် ရာခိုင်နှုန်းနှင့်ဆိုသော် (၂၈ ရာ ခိုင်နှုန်း) ခန့်သာလျှင် Connections ခေါ် အိမ်အထိ ရေဆက်သွယ်မှုရရှိကြသည်။ အခြားသော (၇၀ ရာခိုင် နှုန်း)တို့မှ အများစုမှာ မြေအောက်ရေ အစရှိသည် တို့ကို အသုံးပြုကြရသည်။ ၂၀၁၄ ခုနှစ်စာရင်းအရ ဖြစ်ပါသည်။


၂။ လျှပ်စစ်ဖြန့်ဖြူးရေးတွင်လည်း ရန်ကုန်မြို့တွင် မိသားစု (၁ ဒသမ ၁)သန်းခန့်မှ (သုည ဒသမ ၆၆) သန်းခန့်သော အိမ်ထောင်စု၊ (၆၁ ရာခိုင်နှုန်း) ခန့်သာ Meter Boxခေါ် လျှပ်စစ်ပုံးနှင့် တိုက်ရိုက်ရရှိကြသည်။ ၂၀၁၄ ခုနှစ်စာရင်း ဖြစ်ပါ သည်။


၃။ ရန်ကုန်မြို့၏ ၅၀ ရာခိုင်နှုန်းခန့်သော နေရာများတွင် မိုးတွင်းချိန်ခါ ရေကြီးသဖြင့် လူများနေထိုင် သွားလာရေးတွင် အခက်အခဲများနှင့် ကြုံနေကြရပါသည်။ ကျန်းမာရေးတွင်လည်း ထိခိုက်ကြပါသည်။


၎။ ရန်ကုန်မြို့တွင် အလုပ်လုပ်သောနေ့ရက်များတွင် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်း မှုနှေးကွေးခြင်းစသည်တို့ကြောင့် နေ့စဉ်သွားလာရသူ များမှ အထူးသဖြင့် ၈၄ ရာခိုင်နှုန်းခန့်သော ဘတ်စ် ကားဖြင့် သွားလာကြရသော လူထုတို့သည် နေ့စဉ် ခရီးသွားချိန် အသွားအပြန် ၂ နာရီမှ ၄ နာရီခန့်အထိ အချိန်ယူခရီးသွားလာကြရပါသည်။ အလုပ်လုပ်ချိန် ၈ နာရီနှင့်ပေါင်းစပ်လျှင် နေ့စဉ် ၁၂ နာရီခန့် မိသားစုနှင့် ခွဲခွာနေကြရသည်။ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်းမှုနှေးကွေးခြင်းစသည်တို့ကြောင့် စွမ်းအင်ပိုကုန်ခြင်း၊ လေထုညစ်ညမ်းမှုတိုးပွားခြင်းတို့သည်လည်း တွဲဖက်ပါဝင်လာတော့သည်။


၅။ မိမိတို့တွင်မြို့ပတ်ရထားရှိသော်လည်း သယ်ယူပို့ဆောင်မှု စွမ်းအားမှာ နေ့စဉ်ခရီးသည်များ၏ ၅ ရာခိုင်နှုန်းသာ ရှိပါသည်။ ဤအချက်သည်လည်း ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်းမှုနှေး ကွေးခြင်းတို့ကို ထပ်ဆင့်ပံ့ပိုးလျက်ရှိသည်။ ဤသည်မှာ ၂၀၁၄ ခုနှစ်စာရင်းဖြစ်ပါသည်။


၆။ ရန်ကုန်မြို့၏ဈေးများ၊ ဆိုင်များစသော စီးပွား ရေးအဆောက်အအုံများမှ ၄၆ ရာခိုင်နှုန်းသည် ရန်ကုန်မြို့ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသော ဆူးလေဘုရားပတ်ဝန်းကျင်ရှိ မြို့ထဲပိုင်းနှင့် စမ်းချောင်း၊ ဗဟန်း၊ ကြည့်မြင်တိုင်စသော မြို့အတွင်းပိုင်းဇုန်များတွင် စုပြုံနေရာယူထားကြသည်။ ထိုသည်ကို အခြေခံ၍ ၄၃ ရာခိုင်နှုန်းသော အလုပ်လုပ်ကိုင်သူတို့သည် ထိုမြို့ထဲပိုင်းနှင့် မြို့အတွင်းပိုင်းသို့ နေ့စဉ်သွားလာကြသဖြင့် ထိုနေရာများသို့ ဦးတည်သောလမ်းများနှင့် ထိုလမ်းကြောသွားဘတ်စ်ကားလိုင်းများသည် နေ့စဉ် အလုပ်သွား အလုပ်ဆင်းချိန်များတွင် အထူးပိုမို ကျပ်တည်းကြသည်။


၇။ ထိုသည်၏ အဓိကအကြောင်းတရပ်မှာ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်သော လူဦးရေမှ ၉ ရာခိုင်နှုန်းသည်သာ ထုတ်လုပ်မှုကဏ္ဍ၊ စက်ရုံအလုပ်ရုံကြီးများတွင် လုပ်ကိုင်ကြ၍ ၁၁ ရာခိုင်နှုန်းမှာ အစိုးရ၀န်ထမ်းများ ဖြစ်သည်။ အခြား ၈၀ ရာခိုင်နှုန်းမှာ အရောင်းအ၀ယ်နှင့် ပံ့ပိုးမှုကဏ္ဍတွင် လုပ်ကိုင်ကြရသည်။ ထိုအချက်မှာ လမ်းဘေးဈေးသည်များ ပေါများခြင်းကိုလည်း အထောက်အကူပြု လျက်ရှိသည်။


၈။ စက်မှုကဏ္ဍဖွံ့ဖြိုးရန်မှာ စက်မှုမြေကွက်ဈေးများကြီးခြင်း၊ စွမ်းအင်ရရှိရန် ခက်ခဲခြင်းစသော ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ စက်မှုမြေကွက်ဈေးမှာ ၂၀၁၄ ခုနှစ်တွင် တဧကခန့်ရှိ မြေတကွက်လျှင် သိန်း ၅၀၀၀ အထက်ရှိသည်။ စက်မှုမြေကွက်များဈေးကြီးသော်လည်း ရန်ကုန်မြို့တွင် စက်ရုံ၊ အလုပ်ရုံများအတွက် သတ်မှတ်ထားသော မြေကွက် ပေါင်းတသောင်းကျော်ရှိပြီး ထိုမှ ၄၀ ရာခိုင်နှုန်း ခန့်သည် အသုံးမပြု လစ်လပ်လျက်ရှိသည်။ စက်မှုကဏ္ဍတွင် လုပ်သားအင်အားတိုးပွားရန် လစ်လပ်လျက်ရှိသော စက်မှုမြေကွက်များကို ထိရောက်စွာ အသုံးချခြင်း၊ စက်မှုမြေကွက်သစ်များဖော်ထုတ်ခြင်း၊ စွမ်းအင်တပ်ဆင်ပြီး စက်မှုမြေကွက်များကို အမှန်တကယ် အသုံးချမည့်သူများကို စာချုပ်ဖြင့် သက်သာသောဈေးဖြင့် ငှားရမ်းခြင်း၊ ရောင်းချခြင်းစသည်တို့ကို ဆောင်ရွက်သင့်သည်။


၉။ Solid Waste Disposal ခေါ် အမှိုက် စွန့်ပစ်ရေးတွင်လည်း အမှိုက်မှ လျှပ်စစ်ထုတ်လုပ်ရေး၊ အမှိုက်မှမြေသြဇာထုတ်လုပ်ရေးစသော ခေတ်မီအကျိုးရှိ နည်းစနစ်များကို အသုံးချနိုင်ခြင်း မရှိသေးဘဲ ရှေးနည်းဖြစ်သော စုပုံစွန့်ပစ်စနစ်ကိုသာ အသုံးချနေ ကြရသည်။ စုပုံစွန့်ပစ်နေရာ အခက်အခဲနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများလည်း ပေါ်ပေါက်လျက် ရှိသည်။


၁၀။ အမှိုက်စွန့်ပစ်ရေးတွင်ပင် အချို့သော သူတို့သည် ပလတ်စတစ်ရေပုလင်းများကို စည်းကမ်းမရှိ စွန့်ပစ်ကြ၍ ရေမြောင်းများပိတ်ဆို့လေ့ရှိပြီး မြို့တွင်း ရေကြီးရေလျှံခြင်းကိုလည်း အထောက်အကူပြုလျက် ရှိသည်။


၁၁။ အိမ်ရာကဏ္ဍတွင် မြေဈေးသည်ပုံမှန်မရှိပါဘဲ အတက်အကျများသည်။ ဆောက်လုပ်ရေးစရိတ် များနှင့်ပတ်သက်၍ တန်ဖိုးကြီးဆောက်လုပ်ရေး ပစ္စည်းတို့ကို နိုင်ငံခြားမှတင်သွင်းကြရ၍ နိုင်ငံခြားငွေ အတက်အကျပေါ်တွင် မူတည်၍ ဖြည်းညင်းစွာသာ တက်လျက်ရှိသည်။ ယခု ၂၀၁၆ ခုနောက်ပိုင်းမှစ၍ မြေဈေးများကျဆင်းပြီး တိုက်ခန်းများလည်း အရောင်း ခက်လျက် ရှိသည်။ ထိုသည်နှင့်တွဲဖက်၍ ဆောက်လုပ် ရေးကဏ္ဍမှ လုပ်သားများ အလုပ်အကိုင်အခက်အခဲများ ပေါ်ပေါက်လျက်ရှိသည်။


၁၂။ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ရန်ကုန်မြို့ တွင် အသက်(၅ မှ ၉)နှစ်ရှိသော ကလေးများ (၃ ဒသမ ၅၄၂)သိန်းခန့်ရှိပြီး ထိုမှ(၉၅ ရာခိုင်နှုန်း)သို့ မဟုတ် (၃ ဒသမ ၃၆၇)သိန်းသည် ကျောင်းတက်ကြသည်။ အသက်(၁၀ မှ ၁၃)နှစ်ရှိသော အလယ်တန်းအဆင့် တက်သင့်သောကလေး (၃ ဒသမ ၂၈၂) သိန်းခန့်ရှိပြီး ထိုမှ ၇၁ ရာခိုင်နှုန်း သို့မဟုတ် (၂ ဒသမ ၃၂၆)သိန်းသည် ကျောင်းတက်ကြသည်။ အသက် (၁၄ မှ ၁၅)နှစ်ရှိသော အထက်တန်းအဆင့် တက်သင့်သော ကလေး (၁ ဒသမ ၈၇၅) သိန်းခန့်ရှိပြီး ထိုမှ (၅၁ ရာခိုင်နှုန်း) သို့မဟုတ် (သုည ဒသမ ၉၅၃) သိန်းသည် ကျောင်းတက်ကြသည်။ အသက်(၁၀ မှ ၁၅)နှစ်ရှိပြီး အလယ်တန်းနှင့် အထက်တန်းကျောင်း တက်သူ ကလေးပေါင်း (၃ဒသမ၂၇၉)သိန်းအတွက် အခန်းပေါင်း ၆၁၁၃ ရှိ၍ ပျမ်းမျှတခန်းလျှင် ၅၃ ဦးနှုန်းဖြင့် သင်ကြားနေရသည်။ အမှန်စင်စစ် အချို့လူကြိုက်များသော ကျောင်းများတွင် တခန်းလျှင် လူဦးရေ (၇၀-၈၀) လည်းရှိသည်။ မြန်မာပြည်၏ ရှိသင့်သောနှုန်းမှာ တခန်းလျှင် ကျောင်းသား ၄၀ ဖြစ်၍ ယခုအခြေအနေအရ အခန်းပေါင်း (၂၀၈၄) သို့မဟုတ် အခန်း ၂၀ ရှိသော ကျောင်းပေါင်း ၁၀၄ ကျောင်း လိုအပ်လျက်ရှိသည်။ ၂၀၁၄ ခုနှစ်စာရင်း ဖြစ်ပါသည်။


၁၃။ ကျောင်းများလိုအပ်ချက်မှာ လက်ငင်း အခြေအနေ၏ လိုအပ်ချက်သာဖြစ်ပြီး ကျောင်းမတက် သော ကလေးများနှင့် နောင်တိုးပွားလာမည့်ကလေး များအတွက် လိုအပ်ချက်များ မပါဝင်သေးပေ။နောင် သောအခါအတွက် လိုအပ်ချက်မှာ ယခုကျောင်း တက်နှုန်းကို အခြေခံပါလျှင် ယခုကျောင်းတက်နေသော အသက် ၅ နှစ်မှ ၁၅ နှစ်ကလေးပေါင်း (၆ ဒသမ ၆၅)သိန်းခန့်ရှိ၍ နှစ်စဉ်(၂ဒသမ၅) ရာခိုင်နှုန်းခန့်ဖြင့် တိုးပွားလျက်ရှိသဖြင့် နှစ်စဉ်ကျောင်းသားပေါင်း (၁၆၆၀၀)ခန့် စာသင်ခန်းပေါင်း ၄၁၅ ခန်းခန့် အခန်း ၂၀ ရှိသော ကျောင်းပေါင်း ၂၀ ခန့် နှစ်စဉ်တိုးချဲ့ ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည်။


၁၄။ မြို့လူဦးရေ သိပ်သည်းမှုသည် တောင် ဘက်နှင့်အလယ်ဘက်ခြမ်းတွင် လွန်စွာမြင့်မား၍ အရှေ့ဘက်မြို့နယ်များဖြစ်သော တောင်ဒဂုံ၊ မြောက် ဒဂုံ၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် လူဦး ရေသိပ်သည်းမှုများစွာ လျော့နည်းသည်။ တောင်ဘက်နှင့် အလယ်ဘက်ခြမ်းတို့တွင် စတုရန်း ၁ မိုင် လူဦးရေ (၅၀၀၀၀- ၁၀၀၀၀၀) ခန့်ရှိ၍ အရှေ့ဘက်ရှိ မြို့သစ်များတွင် ပျမ်းမျှ ၇၀၀၀) ခန့်သာ ရှိသည်။


၁၅။ တိုးချဲ့မြို့နယ်များဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့် လှိုင်သာယာတို့ တွင် လူဦးရေ (၁ ဒသမ ၇)သန်းခန့် ရန်ကုန်မြို့လူဦးရေ၏ (၃၄ ရာခိုင်နှုန်း) နေထိုင်လျက်ရှိသည်။ ထိုလူထု မှာ ရေရရှိရေး၊ လျှပ်စစ်ရရှိရေး၊ ရေကြီးရေလျှံခြင်း၊ နေ့စဉ်သွားလာရေးစသည်တို့တွင် အများဆုံးခံစား ရသောအုပ်စု ဖြစ်သည်။ (အသေးစိတ်ပညာပိုင်းဆိုင်ရာ များမှာ ဤဆောင်းပါး၏ အတိုင်းအတာအရ ချန်လှပ်ရပါမည်)


ရန်ကုန်မြို့ တိုးချဲ့ရန် သင့်၊ မသင့်


အထက်တွင် တင်ပြခဲ့သော အချက်တို့မှာ အကျဉ်းချုံး ဖော်ပြခြင်းသာဖြစ်ပြီး ရန်ကုန်မြို့နေ ပြည်သူလူထု နေ့စဉ်သိရှိစဉ် ခံစားနေကြရသော ကိစ္စများ ဖြစ်ပါသည်။ ထိုရန်ကုန်မြို့၏ လိုအပ်ချက်များမှာ ယခင် အစိုးရများက နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့သော ကြောင့်သာဖြစ်ပြီး ယခုအခါ ပြည်သူလူထုကရွေးချယ် တင်မြှောက်ထားသော အစိုးရလက်ထက်တွင် ဦးစားပေးအနေနှင့် ဆောင်ရွက်သင့်ပေသည်။ အများပြည်သူ အကျိုးအတွက် နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ဆောင်ရွက်သင့်ပေသည်။ အထက်တွင် တင်ပြခဲ့သော လိုအပ်ချက်များမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ကြသော်လည်း ဖြေရှင်းရန် နည်းလမ်းများလည်းရှိပြီး ပြဿနာအများစုတို့မှာ သင့်တော်သော တန်ဖိုးဖြင့် သင့်တော်သော အချိန်အတွင်း ဖြေရှင်းနိုင်သော ပြဿနာများသာ ဖြစ်ပါသည်။ ထိုအချက်များကို ဦးစားပေးရမည့်အစား ယခုအခါ ရန်ကုန်မြို့တိုးချဲ့ရေးကို ဆွေးနွေးကြသည်။


ရန်ကုန်မြို့တိုးချဲ့ခြင်းကို ဆန္ဒရှိကြသောသူများ၏ အကြောင်းပြချက်မှာ မြေဈေးလျှော့ချရန်နှင့် ယခု နှစ်များအတွင်း တိုးပွားလာသောလုပ်ငန်းရပ်များအတွက် မြေလွတ်များလိုအပ်ချက်ပင်ဖြစ်မည်ဟု ယူဆ ပါသည်။ ထိုသည်နှင့်ပတ်သက်၍လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တိုးချဲ့ခဲ့ကြပြီး အသုံးမပြုသော မြေလွတ်ပေါင်းများစွာရှိပါသည်။ ထိုမြေလွတ်များတွင်လည်း အမျိုးအစားပေါင်းများစွာရှိပါသည်။ ထိုသည်တို့ တွင် (၁) ထိုစဉ်အခါက မြေသိမ်းခဲ့ပြီး အသုံးမပြုသေးသောမြေများ (၂) ထိုစဉ်အခါက မြေသိမ်းခဲ့သော်လည်း လယ်သမားများကို ဥပဒေအရ လျော်ကြေးမပေးရသေးသောမြေများ (၃) အချို့ပုဂ္ဂလိက ကုမ္ပဏီများကို လွှဲပြောင်းပေးခဲ့ပြီး ထိုပုဂ္ဂလိကကုမ္ပဏီတို့ အသုံးမချသောမြေများ (၄) တရားမ၀င်ဝယ်ယူရောင်းချနေကြ သောမြေများ စသည်ဖြင့် အမျိုးမျိုးရှိကြပါသည်။ ရရှိသော စာရင်းများအရ ထိုထိရောက်စွာ အသုံးမချသော မြေများမှာ ဧက ၁၈၀၀၀ ခန့်ရှိပါသည်။ မြို့တိုးချဲ့ ကြခြင်းမပြုလုပ်မီ ယခုလက်ရှိမြေလွတ်များကို အသုံးချရန် ဦးစားပေးသင့်ပေသည်။ မြို့တိုးချဲ့ကြခြင်းများတွင် စိုက်ပျိုးမြေများ၊ သို့မဟုတ် ငါး၊ ပုစွန် မွေးမြူရေးစသည်တို့အတွက် အသုံးချနိုင်သောမြေများကို သိမ်းယူကြရပါမည်၊ လမ်းသစ်များ၊ တံတားများ အတွက် ကုန်ကျစရိတ်ကြီးမားပါသည်။


အထက်တွင်တင်ပြခဲ့သော ထိရောက်စွာအသုံး မချသော မြေဧက (၁၈၀၀၀) ခန့်ဆိုသည်မှာ ရန်ကုန် မြို့ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်၊ နောင်ပေါ်ပေါက် လာမည့်ဟံသာဝတီလေဆိပ်သွားလမ်းဝန်းကျင်၊ နေရာကောင်းများတွင် ရှိပါသည်။ မြေဈေး ထိန်းချုပ်ရန် မြေသစ်များဖော်ထုတ်လိုလျှင် ရန်ကုန်မြို့အတွက် လိုအပ်ချက်မှာ နှစ်စဉ်ဧက (၅၀၀-၁၀၀၀)ခန့်သာဖြစ်ပြီး တင်ပြသော မြို့တွင်းလစ်လပ်သောမြေများကို အသုံးပြုမည်ဆိုလျှင် နောင်နှစ်ပေါင်း ၁၀-၁၅ နှစ်ခန့်အတွက် လုံလောက်ပေသည်။


မြန်မာပြည်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့် ဌာနပေါင်းစုံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်


ဤဆောင်ပါးအတွင်း တင်ပြခဲ့သည်များမှ ကောက်နုတ်ချက်ချနိုင်သည်မှာ (၁) ရန်ကုန်မြို့နှင့် ပတ်သက်လျှင်လည်းကောင်း၊ မြန်မာပြည်မြို့ရွာ များနှင့်ပတ်သက်၍လည်းကောင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ကဏ္ဍတရပ်နှင့်တရပ် ဆက် စပ်ပတ်သက်နေမှုကို အရေးမမူခဲ့ဘဲ ပြဿနာများကို သီးခြားအကောင်အထည်ဖော်ခဲ့ကြခြင်း (၂) ရန်ကုန်မြို့ အပါအ၀င် မြန်မာပြည်အနှံ့အပြားမြို့ရွာများတွင် နှစ်တို နှစ်ရှည် စီမံကိန်းများမရှိခဲ့ခြင်း (၃) ထို့ကြောင့်မြို့ရွာများတွင် စီမံကိန်းမရှိ၊ အထိန်းအကွပ်မရှိဖြစ်ပေါ် နေကြခြင်းဟူသောအချက် ၃ ချက်ဆိုလျှင် သဘောတူကြမည်ဟု ယူဆပါသည်။ မိမိတို့တိုင်းပြည်သည် ယခုအခါ တဦးတယောက်က ဆုံးဖြတ်သောစနစ်မှ အများပြည်သူက ရွေးချယ်တင်မြှောက်သော သူတို့က အများပြည်သူအတွက် လုပ်ကိုင်ဆုံးဖြတ်သောစနစ်သို့ ကူးပြောင်းနေသောအချိန် ဖြစ်ပါသည်။ ထိုအချိန် အခါတွင် အများပြည်သူအတွက် တိုင်းပြည်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်ပေါင်းစုံဌာန ပေါင်းစုံ ပူးပေါင်းဆောင်ရွက်သင့်ပေသည်။


လူဦးရေဖြန့်ဖြူးမှုပုံစံများတွင် မိမိတို့တိုင်းပြည် ကဲ့သိုသောဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြုံတွေ့ရသည်တို့မှာ Primate Cities ခေါ်လွန်စွာကြီးမားသော မြို့ကြီးများ ပေါ်ပေါက်ခြင်းနှင့် Agglomeration Areas ခေါ် ကြီးမားသော မြို့ကြီးများဝန်းကျင်တွင် သိပ်သည်းမှု အလွန်မြင့်မားသော ပူးကပ်လျက်ရှိသော မြို့များပေါ်ပေါက်ခြင်းတို့ ဖြစ်သည်။ ထိုဧရိယာများသည် လူအများကျန်းမာရေးနှင့် မသင့်လျော်သော လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများပေါ်ပေါက်လျက်ရှိသည်။ အကယ်၍သာ မိမိတို့တပြည်လုံးလွှမ်းခြုံသော လူဦးရေ ဖြန့်ဖြူးမှုစီမံကိန်းများဖြင့် ထိန်းချုပ်မှုမရှိပါဘဲ ပြည်နယ်နှင့် တိုင်းနှင့်ဒေသကြီးအစိုးရများက မိမိဒေသများ အတွင်းမြို့များကို တိုးချဲ့ကြပါလျှင် ရန်ကုန်မြို့နှင့်ပတ် ၀န်းကျင်၊ မန္တလေးမြို့နှင့်ပတ်ဝန်းကျင်တို့သည် ထို Agglomeration Areas ခေါ် သိပ်သည်းမှုအလွန် မြင့်မားသော၊ ကျန်းမာရေးနှင့် မသင့်လျော်သော လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများသော လူ့ပတ်ဝန်းကျင်များ ဖြစ်ပေါ်ပေတော့မည်။


တတိုင်းပြည်လုံး တမျိုးသားလုံး လိုအပ်ချက် ရှုထောင့်မှစီမံကိန်းများ


ရန်ကုန်မြို့အပါအ၀င် မြန်မာပြည်အနှံ့အပြား မြို့ရွာများတွင်စီမံကိန်းများရေးဆွဲကြပါလျှင် ကိုယ့်မြို့၊ ကိုယ့်ရွာဖွံ့ဖြိုးမှုကိုသာ သီးခြားမကြည့်ဘဲ တတိုင်းပြည်လုံး၊ တမျိုးသားလုံးလိုအပ်ချက်ရှုထောင့်မှလည်း သုံးသပ်ကြရန်လည်း အရေးကြီးပေသည်။ မြန်မာပြည်တွင် ရန်ကုန်မြို့သည် မန္တလေးမြို့နှင့် နေပြည်တော် တို့ထက် ၄ ဆခန့်ကြီးပြီး ရန်ကုန်မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊အစရှိသည်ဖြင့် ပြည့်စုံပြီး အခြားသော တိုင်းဒေသကြီးများမှ မြို့တော်များတွင် အစစအရာရာ ချို့တဲ့လျက် လိုအပ်ချက်များရှိပါလျှင် ရေရှည်တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်လာနိုင်ပါသည်။ ထိုသည်တို့ကို အခြေခံ၍ မြန်မာပြည် တပြည်လုံးအတိုင်းအတာနှင့် ဘက်ပေါင်းစုံမှ ဌာနပေါင်းစုံပါဝင်၍ National Human Settlements Strategy and  Plan  ခေါ် မြန်မာပြည် လူနေမြို့ရွာဖြန့်ဖြူးမှုနည်းဗျူဟာနှင့် စီမံကိန်းရေးကို စတင်ရေးဆွဲကြရပါမည်။


ဒေါက်တာကျော်လတ်