ထီဈေးကွက်အပေါ် စီးပွားရေးသမားများ ချယ်လှယ်နေမှု လက်ပိုက်ကြည့်နေတော့မှာလား



ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းမှာ အုပ်ချုပ်သူ အစိုးရကနေ ပြည်သူတွေကို lottery လို့ခေါ်တဲ့ အောင်ဘာလေထီကို တရားဝင် ဖွင့်လှစ်ရောင်းချကံစမ်းပေးပါတယ်။ တကယ်တော့ ထီဆိုတာဟာလည်း gambling ခေါ် လောင်းကစားတစ်မျိုးပါပဲ။ ဒါပေမယ့် ပုဂ္ဂလိက ကလုပ်တာမဟုတ်ပဲ အုပ်ချုပ်သူအစိုးရကလုပ်တာဖြစ်ပြီး ရရှိတဲ့အကျိုးအမြတ်ကို ကိုလည်း တိုင်းပြည်ဘဏ္ဍာအဖြစ်သိမ်းပြီး တိုင်းသူပြည်သားတွေအတွက် ပြန်လည်အသုံးချပေးတဲ့အတွက် lottery ခေါ် အောင်ဘာလေထီလို့ စကားလှလှလေး သုံးလိုက်တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာတော့ အောင်ဘာလေထီကို စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီးဌာန လက်အောက်ခံ အောင်ဘာလေသိန်းဆုဌာန ကနေပြီးတော့ တစ်လတစ်ကြိမ် ကျင်းပပေးနေတာပဲဖြစ်ပါတယ်။ ထီရောင်းရငွေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို အစိုးရဘဏ္ဍအဖြစ်ယူပြီး ၆၀ ရာခိုင်နှုန်းကိုဆုမဲအဖြစ် ပြန်လည်ပေးအပ်တယ်လို့သိရပါတယ်။ ပြည်သူတွေကလည်း
အစိုးရယူသွားတဲ့ငွေဟာ တိုင်းပြည်အတွက်ပြန်သုံးမှာ ဖြစ်တဲ့အတွက် ကျေနပ်နှစ်သက်စွာလက်ခံ ကံစမ်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ထီသမိုင်းကိုကြည့်ရင် သီပေါဘုရင်လက်ထက်ကတည်းက စတင်ပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်တို့သိမှီခဲ့တာကတော့ ထီတစ်စောင် ၂ ကျပ်က စပါတယ်။ နောက်ပိုင်း ထီတစ်စောင် ၅ ကျပ် ၁၀ ကျပ် ၅၀
ကျပ် ၁၀၀ ကျပ် ၂၀၀ ကျပ် နောက်ဆုံးဒီနေ့ ၅၀၀ ကျပ်အထိ အဆင့်ဆင့်ကြေးတိုးမြှင့်ခဲ့ကာ ဆုကြေးတန်ဖိုးလည်း တိုးခဲ့ပါတယ်။

ကျွန်တော်အဓိက ပြောချင်တဲ့အကြောင်းအရာကတော့ ယနေ့ပြည်သူတွေကံစမ်းနေကြရတဲ့ ထီဈေးနှုန်းပါပဲ။ ကျွန်တော်မှတ်မိသလောက် ထီတစ်စောင် ၂ ကျပ် ၅ ကျပ် ၁၀ အထိ အစိုးရကသတ်မှတ်တဲ့ မူရင်းဈေးနဲ့ကံစမ်းလို့ရခဲ့ကြပါတယ်။ အဲ့ဒီအချိန်က တစ်စောင်ချင်း ရွက်ဆုတ်နဲ့ထိုးလို့ရပါသေးတယ်။ နောက်ပိုင်းအောင်ဘာလေထီလောကထဲကို စီးပွားရေးလောကသားတွေ ၀င်ရောက်ခြယ်လှယ်လာပါတော့တယ်။ သိသိသာသာကတော့ ထီတစ်စောင် ၅၀ ကျပ်ရောင်းချတဲ့အချိန်မှာ စတင်ခဲ့ပါတယ်။

စီးပွားရေးသမားတွေဟာ ထီဈေးကွက်ထဲကို ငွေထုပ်ပိုက်ဝင်လာပြီး ထီစောင်တွေကို ၅ စောင်တွဲ ၁၀ စောင်တွဲ မင်္ဂလာစုံတွဲ စသဖြင့် ပုံစံမျိုးစုံနဲ့ ပြုပြင်ပြောင်းလဲပြီး ရောင်းခဲ့ကြပါတယ်။ ထီပေါက်တဲ့သူတွေကို အပိုဆုကြေးမက်လုံးတွေပေးခဲ့သလို  သူတို့ဆီက ယူရောင်းတဲ့သူတွေကို ဆုကြေးတွေ အပြိုင်အဆိုင်ပေးပြီး ထီဈေးကွက်ကို လိုသလိုခြယ်လှယ်ပြီး အစိုးရသတ်မှတ်ဈေးထက် ပိုရောင်းချကာ အမြတ်ကြီးစားလုပ်ခဲ့ကြပါတယ်။ အဲဒီကစပြီး ထီဈေးကွက်ပျက်ခဲ့တာပဲဖြစ်ပါတယ်။

အစိုးရက ထီဈေးနှုန်းတွေကို သတ်မှတ်ဈေးအတိုင်း ရောင်းချဖို့အကြိမ်ကြိမ်တားခဲ့ပေမယ့် ထိန်းလို့မရခဲ့ကြပါဘူး။ နောက်ဆုံး
အစိုးရကဘယ်လိုမှမနိုင်တော့တဲ့အတွက် အပြိုင်အဆိုင် အပိုဆုကြေးတွေလုံးဝမပေးတော့ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာနှုန်းပြည့်ထိန်းမရပဲ လိပ်ခဲတည်းလဲနဲ့ ရှေ့ဆက်ခဲ့ပါတယ်။

ဒီလိုနဲ့ NLD အစိုးရသစ်တက်လာပြီး ထီလက်မှတ်တစောင် ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်သို့တို့းမြှင့်ပြီး ဆုကြေးငွေကို သိန်းတစ်သောင်းထိတိုးမြှင့်လိုက်ပါတယ်။ ဒီအချိန်မှာ အချိန်ကာလအတန်ကြာ စိတ်ဝင်စားမှုလျော့နည်းခဲ့တဲ့ အောင်ဘာလေထီဟာ ပြည်သူလူထုရဲ့ တစ်ကျော့ပြန် စိတ်ဝင်စားမှုအထူးရရှိခဲ့ပါတယ်။ ထီလက်မှတ်များ လမကုန်ခင်
အစောကြီးအရောင်းပြတ်တဲ့အထိ အားပေးမှုခံရပါတယ်။

အောင်ဘာလေဌာနမှလည်း အရင်လို ထီဈေးနှုန်းကို ဈေးကစားတာမျိုးမဖြစ်စေဖို့အတွက် ကိုယ်စားလှယ်အရောင်းဆိုင်များကို
သေချာစည်းကမ်းတင်းကျပ်စွာချမှတ်ပြီး စာအချုပ်ဆိုကာ ရောင်းချစေခဲ့ပါတယ်။၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလ၂၈ ရက်
အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ခဲ့တဲ့ ကျပ်၅၀၀ တန်ထီလက်မှတ်များ ရောင်းချခြင်းနှင့် ပတ်သက်၍ ကြေညာချက်အပိုဒ် (၃) မှာ

"အောင်ဘာလေသိန်းဆုဌာနခွဲနှင့် သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်တို့ချုပ်ဆိုထားသော ပဋိညာဉ်စာချူပ်အရ ထီလက်မှတ်များ ပြန်လည်ရောင်းချရာတွင် ထီလက်မှတ်အပေါ်၌ ရိုက်နှိပ်ထားသော ထီလက်မှတ်တန်ဖိုးအတိုင်း
ရောင်းချရန်နှင့် တန်ဖိုးအတိုင်း ရောင်းချခြင်းမပြုပါက ပဋိညာဉ်စာချူပ်ပါအတိုင်း အမည်ပျက်စာရင်း(Black List)အဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။ ထို့ပြင် လစဉ်ထီဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း ထီအရောင်းကိုယ်စားလှယ်ကဌာနသို့ ပေးသွင်းထားသော အာမခံငွေ(Deposit) အား နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းယူခြင်းတို့ကို ဆောက်ရွက်မည်" ဖြစ်သည်လို့
ပါရှိပါတယ်။

ထို့သို့စနစ်တကျ စည်းကမ်းထုတ်ပြန်လုပ်ဆောင်ခဲ့တဲ့အတွက် ပြည်သူများမှာလည်း ထီဈေးနှုန်းကို ကိုယ်စားလှယ်ဆိုင်များမှာ
ထီလက်မှတ်မှာပါတဲ့ဈေးနှုန်းအတိုင်း ကံစမ်းခွင့်ရခဲ့ကြပါတယ်။ တစ်ချို့လက်ခွဲတွန်းလှည်းများ ကားများကတော့ ထီတစ်စောင်အပေါ် ငါးဆယ်၊ တစ်ရာတင်ရောင်းချတာမျိုးရှိခဲ့ပါတယ်။ ဆိုင်စရိတ်၊ ၀န်ထမ်းစရိတ်
ဆီစရိတ်ကုန်ကျတဲ့အတွက်  ဒီလောက်အနည်းငယ်ဈေးပိုရောင်းတာကိုနားလည်ခွင့်လွှတ်ပေးနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့်ပြီးခဲ့သည့် ၁၀ ကြိမ်မြောက်ကစပြီး ပင်ရင်းထီကိုယ်စားလှယ်ကြီးများ ကိုယ်တိုင်ကစာချုပ်ပါ သတ်မှတ်စည်ကမ်းဖောက်ဖျက်ကာ သူတို့ဆီကတဆင့်ပြန်ယူရောင်းတဲ့ လက်ခွဲဆိုင်များကို သွေးတိုးစမ်း ဈေးတင်
ရောင်းချမှုတွေပြုလုပ်လာပါတယ်။ လက်ရှိ ၁၁ ကြိမ်မြောက်မှာတော့ လက်ခွဲများကို လက်ကားပေးတဲ့ဈေးနှုန်းကို ၅၅၀၊ ၅၅၄ ကျပ်အထိပေါ်တင်တိုးမြှင့် ဖြန့်ခဲ့ပါတယ်။ ထိုအခါတဆင့်ပြန်ရောင်းချတဲ့ လက်ခွဲဆိုင်များက တစ်စောင် ၇၀၀၊ ၈၀၀ အထိပြန်ရောင်းလာကြပါတယ်။

လက်ခွဲပြန်လည်ရောင်းချရသူများမှာလည်း ထိုဈေးနှုန်းနဲ့ရောင်းချရာမှာ မကိုက်တော့တဲ့အတွက် မိတ်ဆွေ လက်ခွဲထီဆိုင်ငယ်များမှ ကျွန်တော့ဆီကိုလာရောက်ပြီး အစိုးရကိုယ်စားလှယ်များကိုယ်တိုင်က
စာချုပ်ပါသတ်မှတ်စည်းကမ်းကို ဖောက်ဖျက်ပြီးရောင်းချနေကြောင်း သက်သေခံဘောင်ချာများနဲ့ လာရောက်ပြသ အကူအညီတောင်းခဲ့ပါတယ်။ ထီလက်ခွဲရောင်းသူတွေဟာလည်း ပင်ရင်းကိုယ်စားလှယ်ဆိုင်ကြီးတွေကို
မလှန်ရဲပါဘူး သူတို့ပြုသမျှနုရတာပါ။ ဘာလို့လဲဆိုတော့ ထီဈေးကွက်ကို သူတို့က လွမ်းမိုးချုပ်ကိုင်ထားတဲ့အတွက်ပဲဖြစ်ပါတယ်။

ထို့ကြောင့် ပင်ရင်းထီကိုယ်စားလှယ်များကိုယ်တိုင်က ထီဈေးနှုန်းများကို စာချုပ်ပါသတ်မှတ် စည်းကမ်းဖောက်ဖျက်ပြီး
ဈေးမြှင့်တင်ရောင်းချနေတဲ့အကြောင်းနဲ့ အရေးယူထိန်းသိမ်းပေးဖို့ ဖေ့ဘုတ်လူမှု စာမျက်နှာပေါ်မှာတင်ခဲ့ပါတယ်။ ထိုပို့စ်တင်လိုက်ချိန်မှာပဲ လူထုဟာလည်း  ထီတစ်စောင်ကို ၇၀၀၊ ၈၀၀ ကျပ်ပေးပြီး ထိုးနေရတဲ့အချိန်နဲ့တိုက်ဆိုင်ပြီး ခုလိုဈေးကြီးပေးထိုးနေရာတာ မဖြစ်သင့်ကြောင့် ၀င်ရောက်မှတ်ချက်ပြုသူအရမ်းများခဲ့ပြီး ထိုပို့စ်လေးမှာ
အရမ်းပျံ့နှံသွားခဲ့ပါတယ်။ ပို့စ်တင်ပြီး ၄ ရက်အတွင်မှာပဲ တဆင့်ပြန်ရှယ်သူ ၄၀၀၀ ကျော်အထိရှိခဲ့ပါတယ်။ ပို့စ်တင်တဲ့အချိန်မှာ
ကျွန်တော့ ဖေ့စ်ဘုတ်ဖရန့်ထဲမှ အောင်ဘာလေမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များကိုပါ Tag တွဲပြီးတင်ခဲ့ပါတယ်။ ဒါပေမယ့် ၄ ရက်မြောက်တဲ့အထိ အစိုးရမှ တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ကြားသိရသလို
ထီဈေးနှုန်းမှာလည်း ဈေးမချပဲ ဈေးမြှင့်ရောင်းချနေကြောင်း သိရှိရပါတယ်။ သက်ဆိုင်ရာကမဖတ်မိကြတာလည်းဖြစ်နိုင်ပါတယ်။

ဒီအချိန်မှာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော ပြည်သူအပေါ်မှာ မတရားတာ မမှန်ကန်တာ လုပ်ပါက အထက်ကိုတိုင်ကြားဖို့မှာကြားတာကို သတိရမိပါတယ်။ ဒါကြောင့်အမှန်တကယ်တိုင်ကြားရင်ရော အစိုးရက
တကယ်အရေးယူဆောင်ရွက်သလားဆိုတာ သိရှိလိုတဲ့အတွက် အောင်ဘာလေထီရုံးက တရားဝင်ထုတ်ပြန်တဲ့ကြေညာချက်က တိုင်းကြားရန်ဆိုတဲ့ ဖုန်းနံပါတွေကို ကိုယ်တိုင်ဆက်ပြီးတိုင်ကြားခဲ့ပါတယ်။

ဖုန်းဆက်တိုင်ကြားတဲ့ အခါကျွန်တော်တွေ့ကြုံခဲ့ရတာကို ပြည်သူရော နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ သိရှိစေဖို့ အဖြစ်အမှန်အတိုင်း ပြောပြချင်ပါတယ်။ ပထမဆုံးဆက်တာက ပြည်တွင်အခွန်များဦးစီးဌာန(နေပြည်တော်)
ဆက်တော့ အမျိုးသမီးတစ်ဦး လာကိုင်ပါတယ်။ ကျွန်တော်ကအကျိုးအကြောင်းပြောပြပြီး တိုင်ချင်လို့ဆိုတော့ အောင်ဘာလေ
ထီရုံးကိုသာ တိုက်ရိုက်ဆက်တိုင်လိုက်ပါဆိုပြီး ပြောဆိုပါတယ် ။ ဒါနဲ့ တိုင်ကြားရန်ဆိုလို့ဆက်တာ တိုင်မရဘူးလားလို့မေးတော့ ဟုတ်ကဲ့ အောင်ဘာလေရုံးသာ တိုက်ရိုက်ဆက်လိုက်ပါလို့သာ ထပ်မံ ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ တိုင်ကြားရန်ဆိုတဲ့အထဲမှာပါတဲ့ အောင်ဘာလေထီရုံးချုပ်(ရန်ကုန်) ဖုန်း ကိုထပ်မံဆက်ပြီး အကျိုးအကြောင်းပြောပြတိုင်းကြားခဲ့ပါတယ်။ထိုအခါမှာလည်း မိမိနေထိုင်တဲ့ မြို့နယ်အခွန်ရုံးမှာသာ သွားရောက်တိုင်းကြားပါဆိုပြီး ထပ်မံလွှဲချပါတယ်။ ဒီမှာတိုင်လို့မရပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ သက်သေအဖြစ်
ကျွန်တော်အသံ ဖမ်းထားပါတယ်။

ကဲ စဉ်းစားကြည့်တော်မူကြပါ တိုင်ကြားနိုင်ပါတယ်လို့ပြောတဲ့ဖုန်းကို ဆက်ပြီးတိုင်တာ တိုင်လို့မရဘူးတဲ့။ အစိုးရကချမှတ်ထားတဲ့
စည်းကမ်းကိုဖောက်ဖျက်ပြီး ၀ိသမစီးပွားရေးလုပ်ငန်းရှင်တွေက ပြည်သူအပေါ်ကုပ်သွေးစုပ်အမြတ်ထုတ်နေတာကို အဓိကတာဝန်ရှိတဲ့ အစိုးရအဖွဲ့ကလည်း ကိုယ်တိုင်လိုက်လံစုံစမ်းအရေးယူတာမျိုးမလုပ်တဲ့အပြင် တာဝန်သိပြည်သူက နိုင်ငံသားတစ်ဦးရဲ့တာဝန်သိစွာတိုင်ကြားတော့လည်း အရေးယူဆောင်ရွက်ပေးခြင်းလုံးဝမရှိခဲ့ပါဘူး။ တာဝန်သိပြည်သူကတိုင်တော့လည်းအရေးမလုပ်ဘူး။ တကယ်ဆို ဒီအလုပ်တွေက အဓိက အစိုးရက
လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ခုတော့ ကိုယ်တိုင်လည်းမလုပ် ပြည်သူကတိုင်တော့လည်း ဟိုလွှဲချ ဒီလွှဲချ ဘောလီဘောပုတ်နေကြတော့ ပြည်သူက ဘယ်သူ့သွားတိုင်ရတော့မှာလဲ ။ အဓိက တာဝန်ရှိတဲ့အစိုးရကမှ အရေးမလုပ်ရင်
ပြည်သူဟာ အားကိုးရာမဲ့ဖြစ်ပြီပေါ့။

ဘာကြောင့်ခုလိုဖြစ်ရတာလဲ။ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ထီကိုယ်စားလှယ်လုပ်ငန်းရှင်တွေနဲ့က ကင်းရှင်းရဲ့လား ဒါမှမဟုတ်
ဒီစီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်အောင်မထိန်းချုပ်နိုင်တာလား၊ မျက်ကွယ်ပြုထားတာလား မေးစရာဖြစ်နေပါတယ်။ ခုအချိန်ထိ
သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းလို့ စာချုပ်ပါစည်းကမ်းအတိုင်း အရေးယူခံရတဲ့ ကိုယ်စားလှယ်မကြားဘူးသေးပါဘူး။ ဘာကြောင့်လဲ။ ခုလိုဖြစ်နေတာတွေကို နိုင်ငံ့ခေါင်းဆောင်များသိရှိစေဖို့ အခုလိုရေးသား တင်ပြလိုက်ရ တာပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်း အစိုးရကနေပြီးတော့ အာင်ဘာလေထီရောင်းချကြပါတယ်။ ကျွန်တော်သိသလောက်တော့ အခြားနိုင်ငံများမှာ ကြိုက်တဲ့နေရာထိုး ထီဈေးနှုန်းဟာ အစိုးရသတ်မှတ်တဲ့ဈေးနှုန်းအတိုင်း ထိုးလို့ရတာပဲဖြစ်ပါတယ်။ စကာင်္ပူမှာလည်း စကာင်္ပူထီကို ကြိုက်တဲ့နေရာထိုးတစ်ဈေးတည်းပဲဖြစ်ပါတယ်။ အမေရိကန် မလေးရှား ထိုင်း တို့မှာလည်း
ဈေးမြှင့်ရောင်းချခြင်း လုံးဝမရှိဘူးလို့သိရပါတယ်။ ဘာလို့ ကျွန်တော်တို့နိုင်ငံကျမှ ထီလက်မှတ်ကို အစိုးရသတ်မှတ်တဲ့ဈေးအတိုင်း ထိုးလို့မရတာလဲ။ ထီဆိုတာ အခြားကုန်ပစ္စည်းနဲ့ လုံးဝမတူတဲ့အတွက် ဈေးနှုန်းအမျိုးမျိုးဖြစ်စရာ အကြောင်းလုံးဝ မရှိပါဘူး။
နိုင်ငံတော်ကနေ တစ်လကို ထီစောင်ရေ သန်း ၄၀ ကျော် ထုတ်ရောင်းပါတယ်။ ထီလက်မှတ်တစ်စောင်ကို ပြည်သူဟာတစ်ရာကျပ်ဈေးပိုပေးပြီး ထိုးရတယ်ပဲထား။ တစ်လကို ပြည်သူ့ငွေသိန်းပေါင်း လေးသောင်းကျော်ဟာ
စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အိတ်ထောင်ထဲရောက်သွားခဲ့ပါတယ်။ တစ်နှစ်ဆိုစဉ်းစားကြည့်ပါ။ ပြည်သူတွေခံလိုက်ရတဲ့ငွေဟာ
နည်းတဲ့ပမာဏမဟုတ်ပါဘူး။ ဆင်းရဲသားပြည်သူတွေဟာ ဆင်းရဲတွင်းမှလွတ်မြောက်ရေးအတွက် ထီလေးများပေါက်ခဲ့ရင်ဆိုတဲ့
မျှော်လင့်ချက်ကလေးနဲ့ မိမိချွေးနည်းစားထဲကနေ ထီကံစမ်းကြတာမှာ ခုလို ၀ိသမ စီးပွားရေးလုပ်ငန်းရှင်များရဲ့ မတရားအမြတ်ထုတ် ဂုတ်သွေးစုတ်ခြင်းပါခံလိုက်ရပါတယ်။ ဒီလိုခံနေရာတာ နှစ်ပေါင်းဆယ်နဲ့ချီကြာခဲ့ပြီဖြစ်ပါတယ်။
ဒါကို ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရများက လက်ပိုက်ကြည့်နေခဲ့ပါတယ်။


ဒီနေရာမှာ အခွင့်သင့်တုန်း ထီဆုငွေပေးအပ်တာနဲ့ပတ်သက်ပြီးအကြံပြုချင်ပါတယ်။ အဲဒါကတော့ ထီထိုးတဲ့သူတွေရဲ့ထီထိုးပြီး ထီတိုက်တဲ့အလေ့အကျင့်နည်းပါးခြင်းကြောင့် ဆုငွေလာမထုတ်တဲ့ ဆုငွေပမာဏဟာ နှစ်စဉ်ကျပ်သိန်းပေါင်း နှစ်သောင်း ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီလိုလာမထုတ်တဲ့ ဆုငွေတွေကို အစိုးရက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြပါတယ်။ အစိုးရအနေနဲ့ ရောင်းရငွေရဲ့ ၄၀ ရာခိုင်နှုန်းအခွန်အဖြစ် ယူထားတဲ့အပြင် ခုလိုလာ မထုတ်တဲ့ဆုငွေတွေပါ ပြည်သူ့ဘဏ္ဍာသိမ်းတာမျိုးဟာ မဖြစ်သင့်ဘူးလို့ မြင်တယ်။ ပြည်သူတွေအတွက် ပေးအပ်ထားတဲ့ဆုငွေကို ပြည်သူကိုပဲ ပြန်ပေးသင့်ပါတယ်။ အဲဒီတော့ လာမထုတ်တဲ့ဆုငွေများကို အစိုးရက မသိမ်းဘဲ လစဉ်မျှပြီး ဆုငွေအဖြစ် ပြန်မဲဖောက်ကာ ပြည်သူတွေကိုပဲ ပြန်ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ဒါဆို ပေါက်မဲအရေအတွက်လည်းတိုးလာပြီး ထီအပေါ်လူထုရဲ့ စိတ်ဝင်စားမှုလည်း ပိုတိုးလာပါလိမ့်မယ်ခင်ဗျာ။


အထက်ဖော်ပြထားတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မှန်ကန်ကြောင်း တာဝန်ယူပါတယ်။ သက်သေပြပေးဖို့လိုအပ်ပါက ဘောက်ချာများ၊ အသံဖိုင်များကူညီပေးပါ့မယ်။ အဲဒီတော့ ယခုကိစ္စနဲ့ပတ်သက်ပြီး အစိုးရကနေပြီးတော့ စည်ကမ်းဖောက်ဖျက်တဲ့ ကိုယ်စားလှယ်တွေကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ ပြည်သူနဲ့အတူ စောင့်ကြည့်ပါမယ်။


 ကျော်ကြီး(MDY)