ခြံစည်းရိုးခွထိုင်သူလား၊ အပြောင်းအလဲကို လိုလားသူလား


မကြာသေးမီက လူမှုကွန်ရက်ပေါ်တွင် သတင်းတပုဒ်တက်လာသည်။ ထိုသတင်းမှာ ကြံ့ခိုင်ရေးဥက္ကဋ္ဌဟောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း၊ ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်း ကိုယ်ပိုင်နိုင်ငံရေး ပါတီအသစ်တခု ထူထောင်လျှောက်ထားတော့မည်ဟူသော သတင်းဖြစ်သည်။ အွန်လိုင်းသတင်းများ၏ အဆိုအရ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းဦဆောင်မည့် နိုင်ငံရေးပါတီကို ပြည်သူ့ပါတီ ဟု အမည်ပေး ထားပြီး ၎င်းအားထောက်ခံသည့် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းများဖြင့် ဦးဆောင်ဖွဲ့စည်းမည်ဖြစ်ကြောင်း ယင်းပါတီတွင် ပါဝင်မည့်သူတဦးက ဆိုသည်ဟုသိရ၏။


''ဒီနှစ်လယ်လောက်မှာ ပါတီမှတ်ပုံစတင်မယ်။ ဆိုတော့  တရားဝင်တော့ ဘာမှမကြေညာသေး ပါဘူး။ ပြင်ဆင်နေတဲ့ကာလပဲရှိသေးတာကိုး။ မကြာခင်သတင်းထုတ်ပြန်မှာပါ။ အဲဒီတော့မှ အသေးစိတ်တွေ မေးပေါ့ ဗျာ။ ခုတော့ပြောလို့ မရသေးဘူး''ဟု လက်ရှိသူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ပြည်ထောင်စုကော်မရှင်တွင် တာဝန်ထမ်း ဆောင်နေသည့် ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခံထားရသူ ထိပ်တန်းခေါင်းဆောင်ဟောင်းတဦးက ရှင်းပြသည်ဟု  The Voice of  Myanmar News က ဖော်ပြသည်။  သို့သော် ၂၂-၁-၂၀၁၈ နေ့ထုတ် 7 DAY DAILY သတင်းစာ တွင်မူ ဦးရွှေမန်းပါတီထောင်မည့်သတင်းများ မှားယွင်းဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားသည်။ ဆဲဗင်းဒေး သတင်းစာအဆိုအရ ''နိုင်ငံရေးပါတီထူထောင်မယ်ဆိုတာကတော့ နောင်တချိန်မှာတော့ အဲဒီလိုအစီအစဉ်ရှိ၊ မရှိ ကျွန်တော်မသိသော်လည်း အခုလတ်တလောအခြေအနေမှာတော့ မရှိပါဘူးခင်ဗျာ''ဟု သူရဦးရွှေမန်း၏ အထူးကော်မရှင်တွင် အဖွဲ့ဝင်တဦးဖြစ်သူ ၎င်း၏တပည့်ရင်း ဦးကိုကိုနိုင်က ပြောသည်ဟု ရေးသားထား၏။ ထို့ကြောင့် ဦးရွှေမန်းနိုင်ငံရေးပါတီတခုထောင်မည့်ကိစ္စမှာ ကောလာဟလလိုလို ဘာလိုလို ဖြစ်နေခဲ့လေ၏။ သို့သော် မြန်မာနိုင်ငံတွင် ကောလာဟလဆိုသော သတင်းတော်တော်များများသည် အမှန်ဖြစ်လာတတ် ကြောင်းကိုတော့ သတိထားမိပေသည်။


မကြာမီရက်ပိုင်းက ထွက်ပေါ်ခဲ့သော ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့်ဝန်ကြီးတဦး ရာထူးမှ နုတ်ထွက်တော့မည်ဟူသော ကြေညာချက်အွန်လိုင်းတွင်ပျံ့လာခဲ့စဉ်ကလည်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ချုပ်ဦးဇော်ဌေးက မဟုတ်၊ မမှန်ကြောင်း ပြောခဲ့သေးသည်။ နောက်နှစ်ရက်တွင် အဆိုပါကောလာဟလ အတိုင်းအတိအကျ သမ္မတရုံးမှ ကြေညာချက်ထွက်လာတော့ မည်သူမှမအံ့သြတော့ချေ။ ၁၅-၉-၁၉၉၃ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး ထူထောင်သောအခါတွင်လည်း တနေ့တွင် ထိုအသင်းကို ပါတီအဖြစ် ပြောင်းလိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များက ဆိုခဲ့ကြသည်။ သို့သော် စစ်အစိုးရခေါင်းဆောင် အစဉ်အဆက်က ထိုသို့မဟုတ်ရပါ၊ ကြံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံရေးနှင့်မသက်ဆိုင်သော အမျိုးသားရေး အသင်းကြီးဖြစ်ပါသည်။ ကျွန်တော်တို့ အမျိုးသားရေးပဲ လုပ်ပါသည်၊ ပါတီနိုင်ငံရေးမလုပ်ပါဟု ငြင်းခဲ့ကြသည်။ သို့သော် အားလုံးသိကြသည့်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲကြီးနီးလာသောအခါ  ၂၀၁၀ ဇွန်လဆန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ကာ အမြန်တကာ့အမြန်ဆုံး ခွင့်ပြုချက် စံချိန်အဖြစ် (လျှောက်ထားပြီးလေး၊ ငါးရက်အတွင်း) ၂၀၁၀ ဇွန်လ ၈ ရက်နေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခွင့်ပြုခဲ့သည်။ ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များမှာ စစ်ဘက်မှအငြိမ်းစား ယူခဲ့ကြသော စစ်ဗိုလ်ချုပ်များဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင် ကောလာဟလသတင်းများ မှန်တတ်သည် ဟု ဆိုရခြင်းဖြစ်သည်။


ဦးရွှေမန်းသည် မြန်မာ့နိုင်ငံရေးတွင် ယခင်က ထင်ရှားသူမဟုတ်။ သူ့ကို ပြည်သူလူထုကစတင်ပြီး သတိထားမိ သည်မှာ ထောက်လှမ်းရေးအကြီးအကဲ (ထိုစဉ်က ၀န်ကြီးချုပ်လည်းဖြစ်သူ) ဗိုလ်ချုပ်ခင်ညွန့်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်အစိုးရသတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်စကားပြောသူ၊ ရုပ်မြင်သံကြားမှ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြစ်ချက်များကို ဖတ်ကြားတင်ပြသူအဖြစ် စတင်တွေ့ မြင်ခဲ့ကြခြင်းဖြစ်သည်။ ထိုရုပ်မြင် သံကြားသတင်းထုတ်လွှင့်ချက်တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အားနည်းချက် အပြစ်အနာအဆာများကို တိတိကျကျ စေ့စေ့စပ်စပ် စိမ်ပြေနပြေအားပါးတရ ထုတ်လွှင့်သွားသော ဗိုလ်ချုပ်ကြီးတဦးအဖြစ် ဦးရွှေမန်းကို ပြည်သူလူထုက စတင်သတိထားမိသည်။ သူရဦးရွှေမန်းသည် တပ်မတော်တွင် စစ်တက္ကသိုလ် (D.S.A) ဗိုလ်သင်တန်း အပတ်စဉ် (၁၁) ဆင်းဖြစ်သည်။ သူသည် ၁၉၈၈ တွင် ဗိုလ်မှူးအဆင့်သာရှိ သေးသည်။ ၁၉၈၉ ကရင်ပြည်နယ် မာနယ်ပလောဌာနချုပ်တိုက်ပွဲတွင် 'သူရ'ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်မှူးကြီး၊ ၁၉၉၁ တွင် ဗိုလ်မှူးကြီး (ဗျူဟာမှူး)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်၊ ၁၉၉၇ တွင် (နတစ)တိုင်းမှူးဖြစ်လာပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) အဖွဲ့ဝင်ဖြစ်လာသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ရာထူးရသည်။  ၂၀၀၁ တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဆင့်သို့ ခန့်အပ်ခံရသဖြင့် တပ်မတော်တွင် ရာထူးအတော်ကြီးခဲ့ဖူးသူ ဖြစ်သည်။ ၂၀၀၃ တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတက်ပေးခြင်း ခံရသည်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းဘ၀တွင် ဘ၀တက်လမ်းသည် အရာရာဖြောင့်ဖြူးလျက်ရှိသည်။ ရာထူးတွေအဆင့်ဆင့်တက်လာပုံမှာ တနေ့နေ့တချိန်ချိန်တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူး ကြီးမောင်အေးတို့မရှိလျှင် တပ်မတော်တွင်အကြီးအကဲရာထူးကိုပင် မှန်းနိုင်လာသည့် အခြေရောက်လာသည်။ တပ်ထဲတွင် ဆက်မနေဘဲ နိုင်ငံရေးရာထူးယူလျှင်လည်း အနာဂတ်မြန်မာနိုင်ငံအစိုးရအဖွဲ့တွင် သမ္မတဖြစ်လာနိုင်သည်ဟု သူကိုယ်တိုင်သာမက အများကပါ ထင်မှတ်ခြင်းခံရသူဖြစ်သည်။


သို့သော် သူ၏အိပ်မက်အားလုံး၊ သူ၏ဘ၀တက်လမ်းအားလုံးမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ပထမဆုံးကျင်းပသော လွှတ်တော်အစည်းအဝေးမှာပင် တစစီကွဲကြေခဲ့ရလေသည်။ သူ၏ဘ၀တက်လမ်း အများစုသည် သူတော်လို့ဆိုသည်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာသာပေးမှုကြောင့်ဆိုတာ သူမေ့နေ သည်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် အစိုးရအဖွဲ့၊ လွှတ်တော်တို့၏ လျှို့ဝှက်ခေါင်းကိုင်ဖခင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေမလိုလားလျှင် သူမျှော်မှန်းသော ရာထူးများမရနိုင်ကြောင်းကို လွှတ်တော်ပထမဆုံးနေ့မှာပဲ ဦးရွှေမန်း သိလိုက်ရသည်။ သူလိုချင်သည့်ရာထူးက နိုင်ငံတော်သမ္မတရာထူး၊ သူလိုလားသည်က သမ္မတဖြစ်ဖို့။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တုရင်ခုံပေါ်မှ အရုပ်ကလေးများကို အကွက်ရွှေ့သည့်နှယ် သူ့ကို နေရာချထားခံ လိုက်ရသည်က သူတခါမှ မတောင့်တဖူးခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူး။ သူအလိုချင်ကြီး လိုချင်ခဲ့ သော နိုင်ငံသမ္မတရာထူးကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ မိသားစုစကားကို တသဝေမတိမ်းနားထောင်ပြီး ဗိုလ်ချုပ်မှူးကြီး နောင်ရေးအတွက် ပို၍ယုံကြည်စိတ်ချခြင်းကိုခံရသော ဗိုလ်ချုပ်ကြီးသိန်းစိန်(ခေါ်) ဦးသိန်းစိန် ဖြစ်နေပါတော့သည်။ အောင့်သက်သက်နှင့်ခံလိုက်ရသော်လည်း ဦးရွှေမန်းရင်ထဲတွင် ကမ္ဘာမကျေဖြစ် သွားသည်။ အပေါ်ယံကြော ပြုံးနေရသော်လည်း ဦးသိန်းစိန်ကိုမြင်တိုင်း သူ့ရင်ထဲမှာ မုန်တိုင်းမွှေသည်။


ထိုခါးသီးသော ခံစားချက်သည် နောက်ပိုင်းအခွင့်ကြုံတိုင်း သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌပဋိပက္ခ ကလေးတွေ ဖြစ်လာသည်။ တနည်းဆိုရသော် သမ္မတနောက်တွင် အစိုးရအဖွဲ့ရှိပြီး လွှတ်တော်ဥက္ကဋ္ဌနောက်တွင် လွှတ်တော်အမတ်များရှိရာ ဦးရွှေမန်းနှင့် ဦးသိန်းစိန်မျက်မုန်းကျိုးမှုသည် အစိုးရနှင့်လွှတ်တော် ထိပ်တိုက် ရင်ဆိုင်မှုများဖြစ်လာသည်။ ဦးသိန်းစိန်တင်သော ဥပဒေကြမ်းများကို လွှတ်တော်က ရှောရှောရှူရှူ မလိုက် လျောဘဲ ပြင်ဆင်တည်းဖြတ်မှုတွေလုပ်သည်။ ဦးရွှေမန်းဖွဲ့စည်းသော လွှတ်တော်ကော်မတီတွေ အဖွဲ့အစည်းတွေသည် ပြည်ထောင်စုအဆင့်မဟုတ်ဟု ဦးသိန်းစိန်က နိုင်ကွက်ပြန်ကိုင်သည်။ ဦးသိန်းစိန်ဘက် ခပ်ပါပါဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုသည်ကို ဦးရွှေမန်းက အယုံအကြည်မရှိ အဆိုတင်ရန် ကြံစည်လုပ်ဆောင်သည်။ ဦးရွှေမန်းနှင့်လွှတ်တော်တို့က မဲခွဲ၍ဖြုတ်ချခါနီးတွင် ဦးသိန်းစိန်က သူ့လူတွေ (ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ)ကို သူတို့ဘာသာရာထူးမှ နုတ်ထွက်ခိုင်းလိုက်သည်။ ဤ တကွက်မှာ ဦးရွှေမန်းနှာတဖျားသာသွားသဖြင့် ဦးသိန်းစိန်ကလည်း အကွက်ကောင်းကိုချောင်းနေသည်။ သူတို့နှစ်ဦးအားပြိုင်မှုတွင် အဓိကအဆုံးအဖြတ်ပေးမည့် အင်အားစုမှာ တပ်မတော်ဖြစ်သည်။ တပ်မတော်သည် ဦးရွှေမန်းနှင့် လွှတ်တော်ဘက်က ရပ်မလား၊ ဦးသိန်းစိန်နှင့် အစိုးရဘက်က ရပ်မလားဆိုတာ အလွန် အရေးကြီးသည်။


ထိုအခြေအနေတွင် တပ်မတော်နှင့် ဦးရွှေမန်း၏ ဆက်ဆံရေးမှာ သိပ်မကောင်းတော့ချေ။ ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်တွင် နာယကရာထူးသာမက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ အရ သမ္မတဖြစ်သူသည် ပါတီတာဝန်မထမ်းဆောင်ရဟူသော ပြဋ္ဌာန်းချက်ကြောင့် ဦးသိန်းစိန်ဥက္ကဋ္ဌ အဖြစ်မှ ခေတ္တဖယ်ပေးလိုက်ရသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ကိုပါရရှိသွားသဖြင့် နိုင်ငံရေးအရ အင်အား ကြီးမားလွန်းသွား သည်။ ထိုအချိန်တွင် တပ်မတော်၏တရားဝင်ခေါင်း ဆောင်သည် ဦရွှေမန်းနှင့် အလွန် ရင်းနှီးခဲ့သော ဆရာရင်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မဟုတ်တော့ပေ။ တပ်မတော်ဝါအရ ဦးရွှေမန်းထက် ငယ်သူ(DSA အပတ်စဉ် ၁၉ ဆင်း)  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ခေတ်ကို ရောက်နေသည်။ ထိုအခြေ အနေတွင် တပ်နှင့်ဦးရွှေမန်းဆက်ဆံရေး အဆင်မပြေစရာကိစ္စများ ဆက်တိုက်ဖြစ်လာသည်။ အဆင်မပြေ ရခြင်း၏ အဓိကအကြောင်းများတွင် စစ်တပ်မှ ထွက်လာပြီးပြီးချင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ၀င်ရောက်ကာ ရွေးကောက်ပွဲဝင်လိုသော တပ်မတော် အရာရှိကြီး ၁၄၃ ယောက်အနက် ၅၉ ဦးကိုသာ လက်ခံကာ စစ်ဘက်အရာရှိဟောင်းကြီးများ ၈၄ ဦး ကိုလက်မခံပယ်ချခဲ့သည့်ကိစ္စက အတော်ထင်ရှားသည်။ ထိုလုပ်ရပ်အတွက် ဦးရွှေမန်းအား စစ်တပ်မှ သဘောထားတင်းမာသူများသာမက ပါတီတွင်းခေါင်းဆောင် အချို့ က အလွန်မကျေမနပ်ဖြစ်ခဲ့ကြသည်။ ထို့အပြင် ဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို ပိတ်ပင်တားဆီးထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉(စ)အပါဝင် ပုဒ်မများစွာကို ပြင်ဆင် ရေးကြိုးပမ်းခဲ့သည့်အတွက်လည်း သဘောထားတင်းမာသူ စစ်ဘက်အရာရှိဟောင်းများ သဘောမကျကြပေ။ ၂၀၁၅ ဇွန်လ ၂၃၊ ၂၄၊ ၂၅ တွင် ကျင်းပခဲ့သော ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဓိကပြင်ဆင်လိုသည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၄၃၆(က)၊ ၄၃၆(ခ)၊ ပုဒ်မ (၆၀)စသည်တို့မှာ တပ်မတော်သားကိုယ်စားလှယ်အားလုံးနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်အချို့က ကန့်ကွက်မဲပေးခဲ့ကြသဖြင့် အဆိုရှုံးနိမ့်ခဲ့သည်။ ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမဲခွဲမှုများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမပြင်ရေးအတွက် ကန့်ကွက်ခဲ့သော တပ်မတော်သားကိုယ် စားလှယ်များကို လျှို့ဝှက်မဲပေးသော စနစ်မကျင့်သုံးဘဲ မတ်တတ်ရပ်၍ ဗြောင်မဲပေးစနစ်ကျင့်သုံးခဲ့မှုကြောင့် ပြည်သူအကြား တပ်မတော်ပုံရိပ် ကျဆင်းခဲ့ရသည်ဆို၏။ ထို့အပြင် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌရာထူးကို သူရဦးရွှေမန်းရယူထားစဉ် ပြည်ခိုင်ဖြိုးပါတီမှ သမ္မတ ဦးသိန်းစိန်အားကိုးရသော ၀န်ကြီးဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ကိုလည်း ကယားပြည်နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်မပြုခဲ့ပေ။ ထိုအချက်များကြောင့် ဦးရွှေမန်းသည် တပ်နှင့်ဆက်ဆံရေး အေးစက်လာသည့် သဘောရှိပေသည်။ သို့သော် ဦးသန်းရွှေ၏ တပည့်ဖြစ်ခြင်း၊ ၀ါရင့်ဝန်ကြီးဟောင်း ဦးအောင်သောင်းက ကျောထောက်နောက်ခံပြုထားခြင်း၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်နေခြင်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဖြစ်နေခြင်းတို့ကြောင့် သူရဦးရွှေမန်းကို တို့၍ ထိ၍မရ ဖြစ်နေခဲ့ပေသည်။ ထို့အပြင် ဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်အတွင်း ရင်းနှီးသော ဆက်ဆံရေးရှိခြင်းကိုလည်း အချို့သော သဘောထားတင်းမာသူများက မနှစ်မြို့ကြချေ။ ထိုကိစ္စများအားလုံးပေါင်းဆုံပြီးသည့်နောက် ဦးသိန်းစိန်သည် သူရဦးရွှေမန်းအား အပြုတ်တိုက်ရန် စတင်စီစဉ်တော့သည်။


ပထမဆုံးခြေလှမ်းမှာ ဦးရွှေမန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီယာယီဥက္ကဋ္ဌ ရာထူးမှဖြုတ်ချပြီး ပါတီသြဇာမဲ့သွားအောင် လုပ်ဖို့ဖြစ်သည်။ လမ်းမှန်ကမ်းမှန်ဆိုလျှင် ထိုသို့ဖြုတ်ချလိုလျှင် ပြည်ခိုင်ဖြိုးပါတီ ညီလာခံခေါ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်အားလုံးမဲပေးကာ ခေါင်းဆောင်အသစ်၊ အလုပ် အမှုဆောင် အသစ်ကို ဒီမိုကရေစီနည်းကျ ရွေးကောက်ရမည်ဖြစ်သည်။ သို့သော် စစ်သားလူထွက်ဖြစ်သော ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန်သည် ဒီမိုကရေစီဝါဒထက်ပို၍ သွက်လက်မြန်ဆန်သေချာမည်ဟု သူ့ဘာသာယူဆသော စစ်ဆင်ရေးလုပ်သလို အာဏာသိမ်းသည့်နည်းကိုပဲ ရွေးချယ်ခဲ့လေသည်။ ၂၀၁၅ ခု သြဂုတ်လ ၁၂ ရက် ည ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ကို ရဲတပ်ဖွဲ့၊ လုံခြုံရေးအစောင့် အကြပ်များဖြင့် ၀င်ရောက်လာကာ သမ္မတဦးသိန်းစိန်အမိန့်ဖြင့် ပါတီဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှု ဆောင် ၁၂ ဦးကို ရာထူးမှ ဖြုတ်ချပစ်ကြောင်း ကြေညာလိုက်လေသည်။ ထိုလုပ်ရပ်တွင် တပ်မတော်က ဦးသိန်းစိန်ဘက်မှ ရပ်တည်ကြောင်း ထင်ရှားသည်။ ညကြီးသန်းခေါင် မြင် မကောင်းရှုမကောင်း ပါတီတွင်း အာဏာသိမ်းသည့် လုပ်ရပ်မျိုးတွင် ရဲတပ်ဖွဲ့က လိုက်ပါတာဝန်ထမ်းဆောင်နေခြင်းသည် သဘာဝမကျကြောင်း လူများစွာက ထောက်ပြဝေဖန်ခဲ့ကြသည်။ ထိုကိစ္စကိုတပ်မတော်ကရော၊ ရဲတပ်ဖွဲ့ကပါ ဘာမှတရားဝင် ရှင်းလင်းချက်မပေးခဲ့ပေ။ ဤနည်းဖြင့် သူရဦးရွှေမန်းပါတီဥက္ကဋ္ဌနေရာမှလျှောကျကာ ပြည်ခိုင်ဖြိုးပါတီနှင့် ကင်းကွာသွားလေသည်။ ဦးရွှေမန်းကိုဖြုတ်ချပြီး ထိုနေ့နံနက်တွင် ကြံ့ခိုင်ရေးပါတီဌာနချုပ်၌ ကိုယ်စားလှယ် လောင်းအသစ်ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ ကိုယ်စားလှယ်လောင်းအသစ်ထဲတွင် ၂၀၁၅ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် စစ်ဘက်အရာရှိဟောင်း ၅၀ ကျော်လည်း ပါဝင် သည်။ သြဂုတ်လ ၂၃ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ညီလာခံက ဦးသန်းဌေးကိုဥက္ကဋ္ဌတင်ကာ အလုပ်အမှုဆောင် အဖွဲ့သစ်ကို ရွေးချယ်ခန့်အပ်ခဲ့သည်။ အဖွဲ့ဝင် ၉ ဦးပါဝင်သော ပါတီဦးဆောင်ကော်မတီ ဗဟို နာယကအဖွဲဆို တာကိုလည်း ဖွဲ့စည်းလိုက်သည်။ ထိုသူများမှာ (၁)ဦးသိန်းစိန်၊ (၂) ဦးဌေးဦး၊ (၃)သူရ ဦးအေး မြင့်၊ (၄) ဦးသောင်း၊ (၅) ဦးစိုးသာ၊ (၆) ဦးလွန်းသီ၊ (၇) ဦးတင်ထွတ်၊ (၈) သူရဦးမြင့်အောင်၊ (၉) ဦးခင် အောင်မြင့်တို့ ဖြစ်ကြသည်။ (မှတ်ချက်ထိုနာယကအဖွဲ့ကို ၂၀၁၇ ဒီဇင်ဘာလထဲတွင် ဖျက်သိမ်းခဲ့သည်)။


ထိုသို့ ဦးရွှေမန်းအပါအ၀င် ကြံ့ခိုင်ရေးပါတီအမှုဆောင်ဟောင်းလူကြီးများ ၁၃ ယောက်ကို ပါတီ တာဝန်မှ ဖယ်ရှားထုတ်ပယ်လိုက်သည့် တချိန်တည်းတွင် လူသိထင်ရှားသြဇာကြီးသူများ ပါဝင်သော နာယကအဖွဲ့ကို ဖွဲ့စည်းပေးလိုက်ခြင်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလက်ရာနှင့် အတော်ဆင်တူနေလေသည်။ ဦးသန်းရွှေသည် လူကြီးများကိုတပြိုင်နက် ဖယ်ရှားလိုက်တိုင်း တပ်တွင်းမှ လူများကျေနပ် သွားစေရန် တကယ်တမ်း ဘာအာဏာမှမရှိသည့် နာယကဆိုသောအဖွဲ့၊ အကြံပေးဆိုသော အဖွဲ့များဖွဲ့ပေးလေ့ရှိသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ရဲကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မြသင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးသောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်မင်းစသော န၀တအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ၁၃ ဦး ကို တာဝန်မှရပ်စဲခဲ့သည်။ ထိုသို့တာဝန်မှရပ်စဲပြီးနောက် ထိုသူများကိုထောက်ခံ သူများတပ်အတွင်းမှာ ရှိနိုင် သဖြင့် ပုန်ကန်မှုများမဖြစ်ပေါ်စေရန် ထိုရာထူးပြုတ် ဒုတိယဗိုလ်ချုပ်ကြီး ၁၃ ဦးနှင့် ဗိုလ်ချုပ်စိုးမြင့်တို့အား အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)အဖွဲ့တွင် အကြံပေး အဖွဲ့အနေနှင့် တာဝန်ပေးကြောင်း ရာထူးဖြုတ်သောနေ့မှာပင် ကြေညာချက်ထုတ်ပေးခဲ့လေသည်။ အကြံပေး အဖြစ် ၇ လနီးပါးအထိ ခန့်အပ်ပြပြီးနောက် စစ်ဘက်၊ အရပ်ဘက်မှ မည်သည့်တုံ့ပြန်မှုမှမရှိကြောင်း သေချာသည့်အခါ ထိုအကြံပေးအဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖျက်သိမ်းပစ်ခဲ့ပါသည်။ ယခုလည်း မပြေးသော်ကန်ရာရှိ၊ သူရ ဦးရွှေမန်းတို့အမှုဆောင် ၁၃ ဦးကို ရာထူးမှဖြုတ်ပြီး နောက် နာယကအဖွဲ့ဆိုပြီး ဦးသိန်းစိန်တို့၊ ဦးခင်အောင်မြင့်တို့လို ဗိုလ်ချုပ်ကြီးတွေကို အကြံပေးလိုလို ပြန်ခန့်ထားခြင်းဖြင့် တပ်တွင်းနှင့် အရပ်ဘက်မှ ဆန့်ကျင်လာမည့် သူရဦးရွှေမန်းဂိုဏ်းသားများကို နှစ်သိမ့်ပြလိုက်ခြင်းဖြစ်သည်။      


ထိုသို့ ဦးရွှေမန်းကိုပါတီဥက္ကဋ္ဌရာထူးမှ ဖြုတ်ချရုံနှင့် မပြီးသေး။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ ဖြုတ်ချရန် ကြံကြသေးသည်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လွှတ်တော်သို့စာပို့၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဌာန်းပေးရန် ၂၀၁၅ သြဂုတ် ၁၃ နေ့စွဲဖြင့် အကြောင်းကြားခဲ့သည်။ ဦးရွှေမန်းက ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်သလိုဖြစ်မည့် ထိုဥပဒေကို အတည်ပြုမပေးဘဲ ဥပဒေကြမ်းကို ဆိုင့်ငံ့ထားရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ဦးရွှေမန်း မိသားစုပိုင်ဆိုင်သော ချယ်ရီ FM ရေဒီယိုလိုင်းနှင့် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနေ့စဉ်သတင်းစာကို အစိုးရက ပိတ်သိမ်းခဲ့သည်။ ထို့အပြင် သူရဦးရွှေမန်းသားများရှယ်ယာပါသော Elite မော် တော်ယာဉ်လိုင်းကို လည်း ယာဉ်တိုက်မှုတခုဖြစ်ပွားသည်ကိုအကြောင်းပြု၍ ပိတ်သိမ်းရန်ကြိုးစားခဲ့ သည်။ သူရဦးရွှေမန်း ဥက္ကဋ္ဌလုပ်နေသော ပြည်သူ့လွှတ်တော်ကိုလည်း ရပ်နားရန် ပြည်ခိုင်ဖြိုးအမတ်တဦးမှတဆင့် အဆိုတင် သွင်းလာသည်။ သို့သော် ဦးရွှေမန်းက မရပ်နားပေ။ 


၂၀၁၅ ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းသည် ပြည်ခိုင်ဖြိုးပါတီကိုယ်စား နေပြည်တော်ဇေယျာသီရိမြို့မှ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း တပ်မတော်သားကိုယ်စားလှယ် မိသားစုများက ကန့်ကွက်ခဲ့ သဖြင့် သူ၏ဇာတိဖြူးမြို့နယ်မှသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရသည်။ ထိုအခြေအနေတွင် ဦးရွှေမန်းသည် ပါတီကို လည်းဆုံးရှုံး၊ တပ်၏ထောက်ခံမှုကိုလည်း ဆုံးရှုံးရာ သူ့တွင် အင်အားကောင်းသော မဟာမိတ်ရှိရန် လိုအပ် လာသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုလက်တွဲလိုက်တော့သည်။ ဖြူးမြို့မဲဆန္ဒနယ်တွင် သူဝင်ပြိုင်ရာ NLD အမတ်ကို သူရှုံးသော်လည်း နိုင်သူကို ဖုန်းဆက်၍ ၀မ်းမြောက်ကြောင်းပြောသည့် တဦးတည်းသော ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုနီးစပ်လာသည့်အတွက် အချို့သူများ၏ အမြင်မကြည် လင်မှုကို ခံရသည်။ သို့သော် သူရဦးရွှေမန်းသည် တပ်နှင့်သော်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် သော်လည်း ကောင်း ဝေးကွာလာပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပို၍နီးစပ်လာလေသည်။ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော NLD က အစိုးရအဖွဲ့ဖွဲ့သောအခါ သူရဦးရွှေမန်းကို သမ္မတ တင်မြှောက်မည်ဆိုသော သတင်းများပင် ထွက်လာသေးသည်။ သို့သော် ဦးရွှေမန်းကိုသမ္မတတင်လျှင် ပြည်သူလူထုနှင့် NLD ပါတီဝင်များ က ဆန့်ကျင်မှာကိုသိသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူးအား ဦးထင်ကျော်ကို ပေးလိုက်သည်။ ဦးရွှေမန်းကိုတော့ အားလုံးသိသည့်အတိုင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ပြည်ထောင်စုကော်မရှင်တွင် ဥက္ကဋ္ဌတာဝန်ပေးလိုက်သည်။ ထိုတာဝန်ကို သက်တမ်းတိုးသောအခါတွင်ပင် လွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ကြသေးသည်။ သို့သော် NLD အမတ်ကများနေ သဖြင့် ထိုရာထူးသက်တမ်းတိုးခွင့်ရခဲ့သည်။


ဦးရွှေမန်း NLD နှင့် ပေါင်းခြင်းမှာ ခြံစည်းရိုးခွထိုင်ပြီး နိုင်သည့်ဘက်သို့ ခုန်ချခြင်းဟု ထင်သူက ထင်ကြသည်။ အချို့က သူရဦးရွှေမန်းကို ဆိုဗီယက်ပြည်ထောင်စုမှ ပြုပြင်ပြောင်းလဲရေးလိုလားသူ ဂေါ်ဗာ ချော့နှင့် တူသည် ဟု ထင်ကြသည်။ ဂေါ်ဗာချော့ကို ကမ္ဘာက ကြိုက်ကြသော်လည်း သူ့နိုင်ငံ(ရုရှား)မှာတော့ လူကြိုက်နည်း သည်။ ပြုပြင်ပြောင်းလဲရေးသမားထက် ဆိုဗီယက်ယူနီယံကြီးကို ဖြိုခွဲသူဟု မြင်ကြသည်။ ဦးရွှေမန်းမှာလည်း အားနည်းချက်၊ အားသာချက်တွေ ရှိသည်။ အားသာချက်မှာ သူသည် NLD နှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့်လည်းကောင်း ဆက်ဆံရေးအထူးကောင်းမွန်သည့် တဦးတည်းသော အဆင့်မြင့် တပ်မတော်အရာရှိ ဟောင်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ကို တွေ့ဆုံနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။ သူသည် သမ္မတဖြစ်ချင်သည်ဟု ပွင့်ပွင့် လင်းလင်း အကြိမ်ကြိမ်ဖွင့်ဟ၀န်ခံခဲ့သူဖြစ်သည်။ သူ့လက်ထက်တွင် လွှတ်တော်သည် အသက်ဝင်နေကာ အစိုးရကိုကောင်း ကောင်းထိန်းကျောင်းနိုင်ခဲ့သူဖြစ်သည်။ အားနည်းချက်ကား နအဖစစ်အာဏာရှင်အဖွဲ့တွင် သူသည် နံပါတ်သုံးခေါင်းဆောင်ဟု ကျော်ကြားခဲ့သူဖြစ်သည်။ မြောက်ကိုရီးယားနှင့် စစ်စာချုပ်များချုပ်ခဲ့သူဟု သတင်းများထွက်ခဲ့သူဖြစ်သည်။ သူ၏သားများသည် စီးပွားရေးအလွန်အမင်းချမ်းသာကြခြင်းဖြစ်သည်။ သူစစ်တိုင်းမှူး ဘ၀က သူ၏သားများ၏ ဧရာရွှေဝါကုမ္ပဏီနှင့် စီးပွား လုပ်ပိုင်ခွင့်ပတ်သက်မှုများရှိခဲ့သည် ဟူသော ထောက်ပြဝေဖန်မှုများရှိခြင်းဖြစ်သည်။ သူ၏ခမီးခမက်တော်သူ ဇေကမ္ဘာဦးခင်ရွှေ၏ စီးပွားရေး လုပ်ငန်းများနှင့်ရော၍လည်း သူ့ကိုအမြင်မကြည်လင်မှုများရှိနေခဲ့သူဖြစ် သည်။ ထိုသူသည်သမ္မတ ဖြစ်ခွင့်ရချင်သဖြင့် ဒေါ်အာင်ဆန်းစုကြည်အနားသို့ ကပ်လာသူဟု အထင်ခံရသူဖြစ်သည်။


ယခုအခါ သူနိုင်ငံရေးပါတီတခုထောင်တော့ မည်ဟူသော သတင်းတခုထွက်လာသည်။တပ်မတော် မှတဆင့် သမ္မတမဖြစ်ခဲ့၊ ကြံ့ခိုင်ရေးပါတီမှတဆင့်လည်း သမ္မတမဖြစ်ခဲ့၊ NLD ပါတီ၏ ထောက်ခံမှုမှတဆင့်လည်း သမ္မတ မဖြစ်ခဲ့သော ဦးရွှေမန်းသည် သူ့ဘာသာပါတီအသစ်တည်ထောင်ကာ ရွေးကောက်ပွဲမှတဆင့် သမ္မတဖြစ်ရေး လမ်းကြောင်းကိုရွေးပြီလားဟု ယူဆဖွယ်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကုန်လွန်ခဲ့သော အတိတ်ကို ပြန်ပြင်၍ မရတော့။ လာမည့်အနာဂတ်တွင် မသေမချင်း ဘယ်လိုဆက်သွားမလဲဆိုတာကို သာကြည့်၍ သူရဦးရွှေမန်း သည် ခြံစည်းရိုးခွထိုင်သူလား၊ အပြောင်းအလဲကို လိုလားသူလားဆိုတာ သမိုင်းရေးထိုးမည်ဖြစ်ပါကြောင်း။


သရ၀ဏ်(ပြည်)