လူမျိုးရေးသဲပက်ပြီး တိုင်းပြည်ကို အမဲမဖျက်ကြပါနှင့်


ဇန်န၀ါရီ ၁၇ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ကျင်းပခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မြောက်ဦးမြို့မှာဖြစ်ပွားခဲ့တဲ့ လူစုလူဝေးဖြင့် အကြမ်းဖက်မှုကြောင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့တဲ့အတွက် ၀မ်းနည်းကြောင်း၊ ဖြစ်စဉ်ဖြစ်ရပ်မှန်ကို အမြန်ဆုံးဖော် ထုတ်စစ်ဆေးပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူရန် သေဆုံးဒဏ်ရာရတဲ့ ရခိုင်တိုင်းရင်း သားများနည်းတူ ရဲတပ်ဖွဲ့ဝင်အချို့ဒဏ်ရာရရှိခဲ့တဲ့ အတွက်လည်း ၀မ်းနည်းကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသွားတယ်လို့ ဆိုပါတယ်။


ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်က ၂၃၃ နှစ်မြောက် 'ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးရခြင်း' အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၄ ခုနှစ်က စပြီး ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်ကျင်းပမည့် အခမ်းအနားမှာ လွှတ်တော်အမတ် ဒေါက်တာအေးမောင်က 'ရခိုင်တို့၏အနာဂတ်'ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘဒ္ဒန္တအသျှင်အဂ္ဂမှ 'ကံကြမ္မာရိုင်း၍ သွီးကြွီးရိုင်းရမည်' ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောရန်စီစဉ်ထားပြီး 'ရသြရီအောက်၊ မင်းဆက်ပျောက်'အမည်ရပြဇာတ် ကို တင်ဆင်ကပြရန် စီစဉ်ထားကြပါတယ်။ ဒီလို စီစဉ်ထားမှုအပေါ် ငြိမ်း၊ စု၊ စီ ဥပဒေအရ ဆောင်ရွက်ခွင့်မရှိလို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက တားမြစ်ခဲ့ ကြပါတယ်။ ဒါကို ကျင်းပရေးကော်မတီက နန်းတော်ရာကုန်းကို မီးဖြတ်လိုက်ချိန်မှာ မကျေနပ်တဲ့ လူစုလူ ဝေးက စတင်စုဝေးအော်ဟစ်မှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ည ၉ နာရီကျော်လောက်မှာ 'ရခိုင်ပြည်လွတ် မြောက်ရေး ဒို့အရေး'လို့ ကြွေးကြော်ချီတက်လာတဲ့ လူတသောင်းခန့်က ခရိုင်ရုံးဆီ ဦးတည်ချီတက်လာခဲ့ ကြတယ်။ ခရိုင်အာဏာပိုင်တွေက လူစုခွဲဖို့ ၁၅ ကြိမ်ခန့် သတိပေးခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ခန့်ကို လေးခွ၊ အုတ်ခဲနှင့်ပစ်ခြင်း၊ လက်နက်လုယူရန် ကြိုးပမ်းခြင်းတွေရှိလာတယ်လို့ ဆိုပါတယ်။ ခရိုင်ရုံးမှာ လွှင့်ထူထားတဲ့ နိုင်ငံတော်အလံကိုဖြုတ်ချကာ ရခိုင်အလံအစားထိုးလွှင့်တင်ပြီး ခရိုင်ရုံးတခုလုံးကို ရိုက်ခွဲဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။ လုံခြုံရေးအဖွဲ့တွေက တုတ်၊ ဒိုင်းတွေနှင့် တားဆီးကာကွယ်ခဲ့ကြပေမဲ့ ပိုမိုအကြမ်းဖက် လာတဲ့အတွက် BA-62 မောင်းပြန် သေနတ်နှင့် အချက် ၂၀ ခန့်၊ ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်။ ဒီလိုရှင်းလင်းမှုကြောင့် ရခိုင်ပြည်သူ ၇ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိသွားခဲ့ရပါတယ်။ အခုလို အဓိကရုဏ်းဖြစ်စဉ်အတွင်း ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်အသေအပျောက်များခဲ့ခြင်းနှင့်စပ်လျဉ်းပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်နှိမ်နင်းမှုအပေါ် ဝေဖန်မှုတွေ များစွာမြင့်မားခဲ့ရပါတယ်။


ဇန်န၀ါရီ ၁၇ ရက်နေ့ ညပိုင်းမှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ (၄/၂၀၁၈) စည်းဝေးဆုံးဖြတ်ချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု၊ မတရားသင်းအက်ဥပဒေတို့ဖြင့် တရားစွဲဆိုရန်ဆုံးဖြတ်ကြောင်း ပြန်ကြာေးရးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူနှင့်အတူ စာရေးဆရာဝေဟင်အောင် (ခေါ်) အောင်ကျော်ဝင်းကိုလည်း အရေးယူရန်ဆုံးဖြတ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့နှစ်ယောက်ကို အရေးယူဖို့ဆုံးဖြတ်တာ မြောက်ဦးမြို့မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့်မဟုတ်ပေမဲ့ တစုံတရာဆက်စပ်မှုရှိတယ်လို့ ယူဆပုံရပါတယ်။ ဇန်န၀ါရီလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့ တောင်မြို့နယ် တောင်ရင်းတန်းရပ်ကွက်မှာ 'ရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ၀မ်းနည်းဖွယ် အထိမ်းအမှတ်'စာပေဟောပြောပွဲတရပ် ကျင်းပခဲ့ကြပါသေးတယ်။ မေယုရင်သွီး လူမှုကူညီရေး အသင်းက ဦးဆောင်ကျင်းပတဲ့ ဒီစာပေဟောပြောပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ဟောပြောခဲ့ကြပါတယ်။


ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီဟောပြောပွဲမှာ စာရေးဆရာဝေဟင်အောင်က ''ရခိုင် ပြည်နယ်ရဲ့ အချုပ်အခြာအာဏာကျဆုံးသွားခဲ့သည်မှာ နှစ်ပေါင်း ၂၃၃ နှစ်ရှိခဲ့ပြီး မျိုးဆက် ၅ ဆက်ခန့်က ကင်းကွာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍မရသောကြောင့် လက်ညှိုးကွေးပြီးတောင်း သည့်အဖွဲ့ ပေါ်ပေါက်လာကြောင်း၊ ထွန်းမြတ်ခိုင် ဦးဆောင်သည့် AA တပ်မတော်သည် ရခိုင်နိုင်ငံတော်နှင့် အချုပ်အခြာ ပြန်လည်ရရှိရေး၊ ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင် လျက်ရှိကြောင်း၊ ယခုအချိန်သည် နိုင်ငံရေးအကျပ်အတည်းဖြစ်နေချိန်ဖြစ်၍ မိမိတို့အခွင့်အရေးသာနေ ချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ လွတ်လပ်ရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန် ကောင်းဖြစ်ကြောင်း အားလုံးပါဝင်ကြရန်လိုကြောင်း'' ဟောပြောသွားတယ်လို့ ဆိုပါတယ်။


စာရေးဆရာဝေဟင်အောင်ရဲ့ ဟောပြောချက်ဟာ ရခိုင်လူထုမျက်လုံးထဲကို လူမျိုးရေးသဲပက်ပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ပုန်ကန်တော်လှန်ကြဖို့ သွေးထိုးလှုံ့ဆော်ထားတဲ့ အလွန်အန္တရာယ်ကြီးတဲ့ သွေးခွဲစည်းရုံးမှုဖြစ်တယ်။ ကျဆုံးသွားတဲ့ ရခိုင်ပြည်ရဲ့ အချုပ်အခြာအာဏာဆိုတာ သက်ဦးဆံပိုင်ပဒေသရာဇ် အချုပ်အခြာအာဏာပါ။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဗမာပဒေသရာဇ်က ရခိုင်ကိုနိုင်လိုက်၊ ရှမ်းပဒေသရာဇ်က ဗမာကိုနိုင်လိုက်၊ မွန်ပဒေသရာဇ်က ရခိုင်ကိုနိုင်လိုက်ဆိုတဲ့ ပဒေသရာဇ်အာဏာလုပွဲတွေ၊ မီးခိုးမဆုံး မိုးမဆုံး ဖြစ်ခဲ့ကြဖူးပါတယ်။ ဒါမြန်မာနိုင်ငံသား တိုင်းရင်းသားပဒေသရာဇ်အချင်းချင်း ခင်းခဲ့ကြတဲ့ စစ်ပွဲတွေပါ။ တိုင်းရင်းသားလူမျိုးတိုင်း ဒီပဒေသရာဇ်စစ်ပွဲတွေကြောင့် သေကျေပျက်စီးဆုံးရှုံးနစ်နာခဲ့ကြရတာချည်းပါပဲ။ ဒါကို လူမျိုးရေးစွဲနှင့် 'နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးမှု'လို့ အဓိပ္ပာယ်ဖွင့် စည်းရုံးတာ အလွန်ခေတ်နောက်ကျတဲ့ ပဒေသရာဇ်မျှော် အတွေးအခေါ်သာ ဖြစ်ပါတယ်။ ဒီနေ့ ရခိုင် AA တပ်ဖွဲ့ဆိုတာ ပဒေသရာဇ်မျှော်တဲ့အဖွဲ့ မဟုတ်ပါဘူး။ ဒီနေ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းမျှ သီးခြား လွတ်လပ်တဲ့သမ္မတနိုင်ငံအဖြစ် ခွဲထွက်ရေးကို မစဉ်းစားကြတော့ပါဘူး။ တန်းတူအခွင့်ရေးရှိတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် သဏ္ဌာန်မျိုးစုံနှင့် တိုင်းရင်းသားအသီးသီး ဗမာအပါအ၀င် တိုက်ပွဲဝင်နေကြတာပါ။ ဒါကို လူမျိုးရေးစိတ်သက်သက်နှင့် AA အဖွဲ့အစည်းကို လွတ်လပ် တဲ့ပဒေသရာဇ် အချုပ်အခြာအာဏာ ပြန်ရယူပေးမည့် အင်အားစုအဖြစ်မျှော်လင့်ပြီး ရခိုင်လူငယ်တွေကို တွန်းပို့ပေးနေရင် မတရားသင်းဥပဒေနှင့် ငြိစွန်းနိုင်ပါတယ်။


အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးဒေါက်တာအေးမောင်ကလည်း ''ဗမာများအနေနှင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာထားရှိပြီး တန်းတူအခွင့်အရေးမပေးခဲ့ကြောင်း၊ အချုပ်အခြာ အာဏာရရှိရေးအတွက် နည်းလမ်းနှစ်ခုသာရှိကြောင်း လက်နက်ကိုင်တော်လှန်ရေးနည်းနှင့် ဆောင်ရွက်နေ သော ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တနည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူလျက် ပန်းတိုင်ရောက်ရန်ဆောင်ရွက် သွားဖို့တိုက်တွန်းကြောင်း၊ နောင်နှစ်ပေါင်းများစွာတိုင်အောင် အချုပ်အခြာအာဏာပြန်လည်ရယူလိုရေးစိတ် ဓာတ်မွေးမြူရန်၊ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုဗဟိုပြုနိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာ အာဏာ ပြန်လည်ရယူရန်ဖြစ်ကြောင်း၊ လူထုကို စည်းရုံးခြင်း လက်နက်ကိုင်တော်လှန်ခြင်းတို့ပြုလုပ်ပြီး အာဏာရယူရန်နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲပြီး ရည်မှန်းချက်ပန်းတိုင်ကို သွားနေခြင်းဖြစ်ကြောင်း၊ ယခုလို ဟောပြောပွဲများကျင်းပခြင်းဖြင့် တမျိုးသားလုံးထားရှိသင့်သည့် ရည်မှန်းချက် ပန်းတိုင်ကိုသိရှိပြီး အမျိုးသားရေးတာဝန်တရပ်အဖြစ် ပါဝင်ကူညီရန်လိုအပ်ကြောင်း''ပြောကြားခဲ့တယ်လို့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ရဲ့ ဟောပြောချက်တွေဟာ သံတူကြောင်း ကွဲတွေဖြစ်ပေမဲ့ လူမျိုးရေးမုန်းတီးမှုကို ဖန်တီးပြီး တိုင်းပြည်ပြိုကွဲအောင်၊ တိုက်ပွဲဝင်သွားကြဖို့ လှုံ့ဆော် တဲ့အတွင်းသဘောကတော့ အတူတူပါပဲ။ တကယ်တော့ ဗမာလူမျိုးက ရခိုင်လူမျိုးကို ကျွန်ပြုနေတာ မဟုတ်ပါဘူး။ ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးအားလုံး စစ်ကျွန်ဘ၀မှာ ကျရောက်ခဲ့ကြရတာ ရာစုနှစ်တ၀က် ကျော်ခဲ့ပါပြီ။ ဒီဘ၀က လွတ်မြောက်အောင် ကြိုးပမ်းတိုက်ပွဲဝင်ရာမှာ အခြားတိုင်းရင်းသားများနည်းတူ ဗမာလူမျိုးတွေလည်း ရှေ့တန်းက ပါဝင်ခဲ့ကြတာပါပဲ။ လက်ရှိကာလ အားနည်းချက်ကို အခွင့်ကောင်းယူရမယ်ဆိုတာ ရခိုင်ဘင်္ဂါလီပြဿနာကြောင့် အနောက်နိုင်ငံတွေရဲ့ နည်းမျိုးစုံဖိအားပေးမှုကို ခံနေရတဲ့ NLD အစိုးရကို နောက်ကျောဓားနှင့်ထိုးမယ်ဆိုတဲ့ 'ဆန်ကောလောက်မှ စောက်မနက်'တဲ့ မိုက်ရိုင်းတဲ့အကြံယုတ်ပါပဲ။ အချုပ်အခြာအာဏာပြန်ရရေးအတွက် လက်နက်ကိုင်တိုက်ကြဖို့ တိုက်တွန်းလှုံ့ဆော်တယ်ဆိုတာ အကြီးမားဆုံး နိုင်ငံတော်သစ္စာဖောက်မှုပါပဲ။ AA အဖွဲ့စည်းကလည်း ရခိုင်အချုပ်အခြာအာဏာပြန်ရရေးအတွက် ခွဲထွက်ဖို့ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ ဒါကို လူမျိုးရေးတံဆိပ်ကပ်ပြီး အမျိုးသားအဆိပ်ခတ်ဖို့မကြိုးစားကြပါနှင့်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး နိုင်ငံ ရေးအကျပ်ဆိုက်နေစဉ်ကလည်း ဒီမိုကရေစီစနစ်ကို အမျိုးသားရေးအလံထောင်ပြီး ဆန့်ကျင်တိုက်ခိုက်ဖို့ ကြိုးစားရတဲ့ ဇာရင်နော့စကီးလို နိုင်ငံရေးသမားတွေ ပေါ်ခဲ့ဖူးပါတယ်။ ဒီလို ပေါ်ပြူလာ စတန့်နိုင်ငံရေး သမားတွေ ကောက်ရိုးမီးလို ခဏလောင်ပြီး လမ်းဘေးရောက်သွားတာပါပဲ။ ယူဂိုစလားဗီးယားနိုင်ငံကို လူမျိုး ရေးမှိုင်းတိုက်ပြီး ပြိုကွဲအောင်လုပ်ခဲ့တဲ့ မီလိုစီးဗစ်လည်း ကမ္ဘာ့ခုံရုံးမှာ ဘ၀ဆုံးခဲ့ရပါပြီ။


လူမျိုးရေးသဲပက်ပြီး တိုင်းပြည်ကို အမဲမဖျက်ကြပါနှင့်။


သန်းစိုးနိုင်