ဓားလုပ်တဲ့ရွာက အကယ်ဒမီကျော်ညွန့်


''ဗိုလ်ချုပ်မှူးကြီးကနောက်က အဘဓားက ရှေ့ကဆိုပြီး အဘ ကြွားပြီးပြောလေ့ရှိတယ်''


ရုပ်မြင်သံကြားက စစ်တက္ကသိုလ်ဗိုလ်လောင်းများ ကျောင်းဆင်းသည့်အခမ်းအနားကို ကြည့်မိတိုင်း ဦးကျော်ညွန့်တယောက် အထက်ပါစကားကို ဂုဏ်ယူစွာပြောလေ့ရှိသည်။


တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအပါအ၀င် တပ်မတော်နှင့် သက်ဆိုင်သည့်အခမ်းအနားများ၌ စစ်ရေးပြဓားကိုင်သူက ရှေ့ဆုံးမှ သွားရလေ့ရှိပြီး အဆိုပါအခမ်းအနားများ၌ အသုံးပြုလေ့ရှိသည့် စစ်ရေး ပြဓားများကို ဦးကျော်ညွန့် ပြုလုပ်ပေးခဲ့သည်မှာ နှစ်ပေါင်း ၃၆ နှစ် ကျော်ခဲ့ပါပြီ။


''စစ်ရေးပြဓားကို ၁၉၈၁ ခုနှစ်ကတည်းက လုပ်တာ။ အဘသား အကြီးကျော်ဦးကို အခုလက်လွှဲပေးထားတယ်။ အဘအသက်ကြီးလာရင် အဆက်အသွယ်ပြတ်သွားမှာစိုးလို့။ အခုသူ့နာမည်ပေါက်သွားပြီ။ အရင်တုန်းကတော့ သားအဖသုံးယောက်လုပ်တယ်။ အခု အဘကို မခိုင်းတော့ဘူး။ သူတို့ညီအစ်ကို နှစ်ယောက်လုပ်နေတယ်။ ဆုချတဲ့ ငွေဓားကို အဘလုပ်တာပဲ။ DSA ရယ်၊DSTA ရယ်၊DSMA ရယ်။ ဗထူးဗိုလ်သင်တန်းကျောင်း၊ အမျိုးသမီးစစ်သူနာပြု၊ နောက်မှော်ဘီ ဗိုလ်သင်တန်းကျောင်း၊ ၀က်ထီးကန် ရဲသင်တန်းကျောင်းအတွက်လည်း အခုလုပ်ပေးနေရတာ''


ဦးကျော်ညွန့်၏ ရှင်းပြဟန်က ဂုဏ်ယူဟန် အပြည့်ပါသည်။


မောင်ကျော်ညွန့်၊ ကိုကျော်ညွန့်၊ ဦးကျော်ညွန့်မှ အကယ်ဒမီကျော်ညွန့် ဖြစ်လာပုံကလည်း ဓားနှင့် ပတ်သက်နေသည်။


''ငွေဓားဆိုတာကတော့ ကျောင်းတကျောင်းမှာမှ တချောင်းပေးတာလေ။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ အကယ်ဒမီရသလိုပေါ့။ အကောင်းဆုံးဗိုလ်လောင်းဆုမို့ အကယ်ဒမီဓားလို့ခေါ်တယ်။ အဘကိုလည်း အကယ်ဒမီကျော်ညွန့်လို့ ခေါ်ကြတယ်''ဟု သူအကယ်ဒမီကျော်ညွန့် နာမည်တွင်လာပုံကို ပြောပြသည်။


စစ်တက္ကသိုလ် အကောင်းဆုံးဗိုလ်လောင်းဆုပေးသည့်ဓားကို ငွေဓားဟုခေါ်သော်လည်း ငွေအစစ်ဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ နီကယ်စိမ်ထားခြင်းသာဖြစ်သည်။


''ငွေမဟုတ်ဘူးလေ၊ နီကယ်စိမ်တာ။ ခေါ်ရင်တော့ ငွေဓားလို့ခေါ်တာပေါ့။ ငွေအစစ်ဆို မနည်းဘူးကုန်မှာ။ ငွေအစိတ်သား၊ သုံးဆယ်သားလောက်ကုန်မှာ။ ငွေဓားအတွက် အပြီးအစီးဓားတလက်ကိုးသောင်းယူတယ်။ စစ်ရေးပြဓားကတော့ ခြောက်သောင်းယူတယ်။ အပတ်စဉ်ဘယ်လောက်အတွက် ဦးကျော်ညွန့်လုပ်ပါဆိုပြီး ဖုန်းနဲ့လှမ်းပြောပြီဆိုရင် ဒီကလုပ်ပေးရတယ်''ဟု ၎င်းကရှင်းပြသည်။


 

 


ဦးကျော်ညွန့်ဓားပညာရှင်ဖြစ်လာခြင်းသည် သူနေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင်နှင့်ဆက်စပ်နေဟု ဆိုရမည်ဖြစ်သည်။ တရွာလုံးဓားလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် ရန်ကုန်-မန္တလေး ကားလမ်းဘေး ပျော်ဘွယ်မြို့နယ် မင်းလမ်းတောင် ကျေးရွာသည် ဦးကျော်ညွန့်၏ ဇာတိရွာ။ နေ့စဉ်နံနက် ၄ နာရီအချိန်လောက်မှစ၍ မင်းလမ်းတောင်ရွာရှိ ပန်းပဲဖိုများမှ တူထုသံများကို အဆက်မပြတ်ကြား ရမည်ဖြစ်သည်။


''အဘအသက် ၁၃ နှစ်မှာ ပန်းပဲစလုပ်တော့ အဘဆရာက ဆရာကြီးဦးစိန်ပန်းတဲ့။ အဲဒီခေတ်က ဆုဓားတွေလုပ်တာ။ ငွေဓားအစစ် တွေလုပ်တာ။ အဘမိဘတွေက ဆင်းရဲတော့ တန်းကျောင်းမနေခဲ့ရဘူး။ ဘုန်းကြီးကျောင်းနေရတယ်။ ငယ်ငယ်ကတည်းက ဓားကိုဝါသနာပါတယ်။ အဲဒီအချိန်ကတည်းက ဓားပေါက်စ လေးတွေ စလုပ်နေတာ။ အဘငယ်ငယ်က ရွာမှာ ဘယ်အချိန်လောက်ကတည်းက ပန်းပဲတွေစလုပ်နေ တာလဲလို့ အသက် ၈၀ လောက်ရှိတဲ့ အဘကြီးတယောက်ကို မေးဖူးတယ်။ သူပြောတာက သူလည်းမမီဘူးတဲ့။ သူငယ်ငယ်ကတည်းက လုပ်နေကြတာတဲ့။ မြန်မာဘုရင်တွေ လက်ထက်ကတည်းက လုပ်လာကြတာ လို့ထင်တယ်''ဟု သူ့ဇာတိရွာအကြောင်းကို ဦးကျော်ညွန့်က ပြောပြသည်။


ပန်းပဲပညာရှင်သည် သံ၊ မီးနှင့်ရေကို နိုင်ရမည်ဖြစ်သည်။ သံအမျိုးအစားကို နားလည်ခြင်း၊ မီးပေးမီးယူ နားလည်ခြင်း၊ ရေတည်းဟူသော ဆေးသားတင်နည်းကို နားလည်ခြင်းဟူ၍ ပန်းပဲပညာရှင် တယောက် သိသင့်သိထိုက် တတ်သင့်တတ်ထိုက်သော ပန်းပဲပညာရပ်ကို ကျွမ်းကျင်မှသာ ဓားကောင်းတလက် ရရှိနိုင်မည်ဖြစ်သည်။


ဓားများ၏ ဓားရွက်ပုံသဏ္ဌာန်ကိုလိုက်၍ ငှက်ကြီးတောင်ဓား၊ လေးကင်းဓား၊ မျက်နှာမည်းဓားဟု လည်းကောင်း၊ ဓားဦး၏ ပုံသဏ္ဌာန်ကိုလိုက်၍ ငါးရှဥ့်ခေါင်းဓား၊ စလူဖူးဓား၊ ဓားဝိုင်း၊ ဓားချွန်း၊ ဓားမောက်၊ အဆောင်ဖြတ်၊ ငှက်တော်မြီး၊ ငါးကြင်းမြီးဟု လည်းကောင်း၊ အသုံးပြုသော လုပ်ငန်းလိုက်၍ ၀ါးခုတ်ဓား၊ ငါးခုတ်ဓား၊ တောတက်ဓား၊ အမဲ ဖျက်ဓား၊ အမဲလိုက်ဓား၊ မြက်ခုတ်ဓား၊ ခြံရှင်းဓား၊ ပေါင်းသင်ဓား၊ ကန်သင်းခုတ်ဓား၊ မြက်စဉ်းဓား၊ ကောက်ရိုးစင်းဓား၊ ပြောင်းရိုးစင်းဓား၊ ဖက်လှီးဓား၊ ထန်းလှီးဓား၊ ဓနိလှီးဓား၊ မီးဖိုချောင်သုံးဓား၊ စစ်သုံးဓား၊ သစ်ရွေဓား၊ သစ်ခုတ်ဓား၊ မြက်ရိတ်ဓား၊ ကျူခုတ်ဓား၊ မျောခုတ်ဓားဟု ခေါ်ကြသည်များလည်း ရှိသည်။


''ဓားနဲ့ပတ်သက်လို့ကတော့ ကြိုက်တဲ့ပုံစံ ယူလာခဲ့။ တူအောင်လုပ်ပေးနိုင်တယ်။ တသက်လုံး ဒါနဲ့လည်း လုပ်စားလာကြတာဆိုတော့ နမူနာသာယူခဲ့ရအောင်လုပ်ပေးနိုင်တယ်။ အဘအသက် ၇၃ နှစ်ရှိပြီ။ ဓားလုပ်သက်က အနှစ် ၆၀ ရှိပြီ''ဟု ဦးကျော်ညွန့်က ဂျာနယ်တစောင်တွင်ပါသည့် ဦးအောင်ဇေယျ ဓားကိုကြည့်ပြီး သူကိုယ်တိုင်ပုံစံတူလုပ်ထားသည့် ငွေဓားကြီးကိုကိုင်ကာ ပြောပြသည်။


ဓားကောင်းတလက်ရရှိရန်အတွက် ပန်းပဲဆရာ၏ ပညာနှင့် သဘာအပေါ်တွင် မူတည်ကြောင်းနှင့် သံကောင်းဖြင့် ပြုလုပ်သော်လည်း ပန်းပဲဆရာညံ့ပါက ဓားကောင်းတလက်ရရှိနိုင်မည် မဟုတ်ကြောင်း ဦးကျော်ညွန့်က ပြောသည်။


ဓားလုပ်ရန်အတွက် သံကိုဖြတ်ပြီး မီးပေးရသည်။ ယခင်က လေးသံကိုအသုံးပြုကြသော်လည်း ယခုအခါ ပိုမိုကောင်းမွန်သည့် ကြိတ်သံကို အသုံးပြုလာနေကြသည်။ သံကိုမီးပေးရာတွင် သံ၏အပျော့၊ အမာ၊ မီးခံနိုင်သော အရည်အသွေးပေါ်မူတည်၍ မီးပေးရသည်။ မီးအရှိန်ကောင်း၊ မကောင်းဆိုသည့်အချက်ကိုလည်း သတိပြုရမည်ဖြစ်သည်။ မီးပေးသောသံကို နာနာထုပစ်ရပါသည်။ ၎င်းကိုသံတေဟု ပန်းပဲပညာ ဝေါဟာရအရ ခေါ်သည်ဟုဆိုသည်။ သံတေသောအခါ သံတွင်ရှိသောချေးများ အလွှာလိုက်ကွာကျသည်။


မီးအကြိမ်ကြိမ်ပေး၍ အကြိမ်ကြိမ်တေလျှင် သံသားမှာပိတ်ညပ်ပြီး စီးပိုင်လာပါသည်။ ထိုသို့ ထုသားတေသားကျသောသံဖြင့် ဓားပြုလုပ်လျှင် ပန်းပဲဝေါဟာရအားဖြင့် ဓားအဖြတ်ရက်စက်သည်ဟု ဆိုလေ့ရှိပါသည်။


သံကိုမီးပေး၍ စိတ်တိုင်းကျလောက်အောင်ထု၊ တေပြီးသောအခါတွင် ပေပေါ်တွင်တင်၍ ဓားပုံရိုက်ရပါသည်။ ၎င်းကိုဓားရိုက်သည်။ ဓားခတ်သည်ဟုခေါ်သည်။ ဓားရိုက်ရာတွင် ဓားဦးဘက်မှ တယောက်က ထုရိုက်ပေး ရသည်။ ထိုသူကို 'ဘား'ဟုခေါ်သည်။ ဓား၏ဘေးဘက် ပန်းပဲဆရာ၏ မျက်နှာချင်းဆိုင်ဘက်မှ ထုရိုက်ပေးရ သူကို 'ဒေါင်'ဟု ခေါ်သည်။


''ပထမအဆင့်ကတော့ သံကိုဓားတချောင်းစာဖြစ်အောင် စိတ်လိုက်တာပေါ့။ ပန်းပဲထိုင်တဲ့သူက  ပန်းပဲဆရာလို့ခေါ်တယ်။ ထုတဲ့သူက နှစ်ယောက်ပေါ့။ ဓားလောင်းအဖြစ်ကို ချလိုက်တယ်။ တဆင့်ပြီး သွားတယ်။ ဓားပုံဝင်အောင် တူနဲ့ထုပြီးတော့ ဖြစ်အောင်လုပ်ရတယ်။ ဓားပုံဖြစ်ပြီဆိုရင် နောက်တဆင့် ဓားအေးသွားပြီဆိုရင် အစိမ်းသံစီတာ။ ချောအောင်လုပ်ရတာ။ စီရတာ။ စီပြီးရင် အရင်တုန်းကတော့ တစဉ်းနဲ့ ညှိရတာ။ ပုံဖမ်းတာပေါ့။ ပုံဝင်ပြီဆိုတော့မှ ကိုက်နဲ့ထိုးရတာ။ အခုတော့ ကျောက်စက်နဲ့ပဲပေါ့။ အသွားတွေ ဘာတွေညီပြီ ချောပြီဆိုရင် သွေးစီးချောင်းဖောက်ရတယ်။ ပြီးရင်မှာတဲ့သူက ကနုတ်ပန်းကြိုက်ရင် ကနုတ် ပန်းရိုက်ပေးတယ်။ အဲဒါကို ပန်းပဲမှာ ဇ၀ါရိုက်တယ်လို့ ခေါ်တယ်။ ဇာတ်ထုပ်ကြိုက်ရင် ဇာတ်ထုပ်ရိုက်ပေးတယ်။ အခြောက်ပန်းကြိုက်ရင် အခြောက်ပန်းရိုက်ပေးတယ်။ ရိုက်ပြီးရင် မီးဆေးပြီး သူ့ကို ပြန်ဖြူဖို့ပဲ ကျန်တော့တယ်။ ပြန်ဖြူတယ်ဆိုတာ ကျောက်နဲ့သွေးတာ။ အဲဒါပြီးရင် ဓားရိုးလုပ်မယ်။ အိုကေရင် အသွားကိုကျောက်နဲ့ တိုက်ရတယ်။ ဖြူသွားအောင်လို့။ ပြီးရင် ဓားအိမ်လုပ်ရတယ်။ ဓားအိမ်မှာ ရုပ်ကြွကြိုက်ရင် ရုပ်ကြွထည့်ပေါ့။ ပြီးရင် ဆေးသုတ်၊ အဲဒါဆို ငွေဓားတချောင်းရပြီ''ဟု ငွေဓားတလက်ဖြစ်လာအောင် ပြုလုပ်ရပုံကို ဦးကျော်ညွန့်က ရှင်းပြသည်။


အသက်အရွယ်ကြီးရင့်လာပြီဖြစ်သောကြောင့် ဦးကျော်ညွန့် အနေဖြင့် ယခင်ကလောက် ဓားအများ အပြားမပြုလုပ်နိုင်တော့သော်လည်း ရုပ်မြင်သံကြားနှင့် သတင်းစာ၊ ဂျာနယ်တို့တွင် ပါရှိသည့် ဓားပုံစံများကိုကြည့်၍ ပြုလုပ်ရောင်းချလျက်ရှိနေသည်။


ခေတ်စနစ်များပြောင်းလဲလာသလို မင်းလမ်းတောင်ကျေးရွာလေး၏ ဓားရောင်းချမှုပုံစံများလည်း ပြောင်းလဲလာနေသည်။ ထို့အတူ အဘဦးကျော်ညွန့်၏ ဓားရောင်းချမှုပုံစံကလည်း ပြောင်းလဲသွားသည်။


''အရင်တုန်းက ရွာမှာဓားရောင်းတဲ့ပုံစံက ပွဲစားကနေတဆင့် ရောင်းကြတာ။ အခုကြတော့ ရန်ကုန်-မန္တလေးကားလမ်းဘေးမှာ ဆိုင်လေးတွေ ဖွင့်ပြီးရောင်းကြတယ်။ အဘကတော့ ရုပ်မြင်သံကြားတို့၊ သတင်းစာတို့၊ ဂျာနယ်တို့မှာပါတဲ့ ဓားပုံစံကိုကြည့်ပြီး လုပ်ဖြစ်တယ်။ ပြီးရင် အဘမြေးတွေက  facebook မှာ တင်ပေးတယ်။ အဘက တသိန်းနဲ့ရောင်းရင် သူတို့က တသိန်းသုံးသောင်း၊ လေးသောင်းဈေး ခေါ်ပြီးရောင်းပေးတယ်။ ရောင်းလို့ရရင် အဘကို တသိန်းပေးတယ်။ ကျန်တာသူတို့ယူပေါ့''ဟု ဦးကျော်ညွန့်က ယနေ့ခေတ် ဓားအရောင်းအ၀ယ်ပြုလုပ်ပုံကို ပြောပြသည်။


ယနေ့ခေတ်တွင် မင်းလမ်းတောင်ရွာ၏ ဓားပြုလုပ်ပုံများ ပိုမိုခေတ်မီမြန်ဆန်လာသည့် အဓိကအချက်မှာ လျှပ်စစ်မီးရရှိခြင်း ဖြစ်သည်။ ယခင်က ဇော်ဂျီဖိုများဖြင့် ခက်ခက်ခဲခဲလုပ်ခဲ့ရသော်လည်း ယခုအခါ လျှပ်စစ်မီးကြောင့် ပိုမိုလွယ်ကူလာကြောင်း ဒေသခံပန်းပဲဆရာများက ပြောပြကြသည်။


နည်းပညာအသစ်များ တိုးတက်များပြားလာသော်လည်း မြန်မာ့ကျေးလက်ဒေသများတွင် မြန်မာလူမျိုးများ၏ မြန်မာ့ဓားများအပေါ် မြတ်နိုးတွယ်တာ စိတ်လျော့နည်းသွားမည် မဟုတ်ကြောင်းနှင့် ပန်းပဲ အပါအ၀င် မြန်မာလူမျိုးတို့၏ ပန်းဆယ်မျိုးပညာရပ်များ ပိုမိုရှင်သန်ထွန်းကားလာစေရန် တက်ညီလက်ညီ ဆောင်ရွက်ကြရင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကြစေချင်ကြောင်း အကယ်ဒမီဦးကျော်ညွန့်က ဆိုလေသည်။                    


 နှင်းမောင်ဦး