ကိုယ့်တာဝန်ကိုယ်ကျေဖို့ အဓိက


ပြီးခဲ့သည့်အပတ်က စောင့်ကြည့်ဂျာနယ်တွင် ကျွန်တော် ဆောင်းပါးမရေးဖြစ်။ ဂျာနယ်ထွက်လာ ကျွန်တော့ဆီကို စာဖတ်မိတ်ဆွေတွေက ဖုန်းဆက်ကြသည်။ အဓိကအကြောင်းက စောင့်ကြည့်ဂျာနယ်တွင် ကျွန်တော့ဆောင်းပါးကို မတွေ့ရသည့်အတွက် ဖြစ်သည်။ စာဖတ်သူတွေက သို့လော သို့လော တွေးကြသည်။ ဆရာ နေမကောင်းလို့လား၊ ကျန်းမာရေးဖောက်ပြန်လာသလား။ စောင့်ကြည့်ဂျာနယ်တွင် မရေးတော့ဘူးလား စသည်ဖြင့် ပူပူပန်ပန် မေးကြသည်။ တကယ်တော့ သူတို့ထင်သလိုမဟုတ်။ အဖြစ်က ခပ်ရိုးရိုးပင် ဖြစ်သည်။ ဒီဇင်ဘာ  လကုန်ပိုင်းမှစကာ ဇန်န၀ါရီတလလုံး နေ့စဉ်ရက်ဆက်နီးပါး တနေ့လျှင် တမြို့ (တခါတလေ တနေ့တည်း နှစ်မြို့) ကျွန်တော် စာပေဟောပြောပွဲတွေ လိုက်ဟောနေရသည်။ မြောက်ဒဂုံ၊ ပဲနွယ်ကုန်း၊ သာရဝေါ၊ နေပြည်တော်၊ သဲတော၊ ရန်ကင်း၊ မအူပင်၊ ပုလော၊ ပလ၊ ဘိုကလေး၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ထုံးဘိုမြို့များသို့ ဆက်တိုက်သွားနေရသည်။ အိမ်မှာနေရချိန်ပင်မရှိ၊ စာရေးချိန်မရှိ။ ဒီကားပေါ်မှဆင်းပြီး ဟိုကလာ ကြိုသော ကားပေါ်တက်ရသည်။ ဒီလေယာဉ်ကဆင်းပြီး ဟိုကားပေါ်သို့တက်ရသည်။ ဤသို့ဖြင့် အားရ ကျေနပ်ဖွယ်ကောင်းသော စာမူတပုဒ်ရေးသားဖို့ လုံလောက်သော အားထုတ်မှုမပြုနိုင်သဖြင့် စာမူမပေး ဘဲ စောင့်ကြည့်ဂျာနယ်သို့ တပတ်ကျော်လိုက်ခြင်း ဖြစ်ပါသည်။ အခြားအကြောင်း မရှိပါ။ တကယ်တော့ စာရေးဆရာတယောက်၏ အဓိကတာဝန်မှာ စာရေးခြင်းဖြစ်သည်။ စာပေဟောပြောခြင်း၊ အခမ်းအနား များတက်ခြင်း၊ အယ်ဒီတာလုပ်ခြင်း၊ ထုတ်ဝေသူလုပ်ခြင်း၊ သူများစာကို တည်းဖြတ်ပေးခြင်း၊ သတင်း ထောက်ဝင်လုပ်ခြင်းများသည် စာရေးဆရာတယောက်၏ ၀ါသနာအရလုပ်သော ဒုတိယလုပ်ငန်းများသာ ဖြစ် သည်။ နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ စေတနာမှန်မှန်နှင့် စာရေးသားနေသမျှကာလပတ်လုံး ထိုစာရေးသူသည် စာရေးဆရာတာဝန်ကျေသည်ဟု မှတ်ယူရမည်ဖြစ်သည်။ စာရေးဆရာဆိုပါလျက် စာမရေးသားနိုင်ခဲ့လျှင်တော့ သူ၏မူလတာဝန်ကို ကျေပွန်သည်ဟု ပြော၍မရပါပေ။ ကျွန်တော်ကတော့ စာပေဟောပြောပွဲများကို ပါးစပ်ဖြင့် စာရေးခြင်းဟုခံယူကာ လာရောက်နားထောင်သူများ သုတရသ တခုခုရသွားစေဖို့ အတတ်နိုင်ဆုံး အားထုတ်ပါသည်။


ဤတွင် လူနှင့် သူ၏တာဝန်ကို ဆက်စပ်စဉ်းစားမိပါသည်။ စာရေးဆရာ၏ အဓိကတာဝန်သည် စာပေရေးသား ခြင်းဖြစ်ခဲ့လျှင် နိုင်ငံရေးသမား၏အဓိက တာဝန်သည် ဘာလဲ၊ တပ်မတော်သားများ၏ အဓိက တာဝန်သည် ဘာလဲ၊ ရဟန်းသံဃာများ၏ အဓိက တာဝန်သည် ဘာလဲ၊ မီးသတ်သမား၏ အဓိကတာဝန် မှာ ဘာလဲ၊ တရားသူကြီး၏ အဓိကတာဝန်သည် ဘာလဲ၊ ရဲတပ်ဖွဲ့၏ အဓိကတာဝန်သည် ဘာလဲ၊ ပြည်သူလူထု၏ အဓိကတာဝန်သည် ဘာလဲ၊ နိုင်ငံသားတို့ ၏ အဓိကတာဝန်သည် ဘာလဲဆိုတာပဲ ဖြစ်ပါသည်။ ထိုအခါ သိမြင်လာရသည်မှာ ကျွန်တော်တို့နိုင်ငံတွင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအသီးသီးသည် မိမိ အဓိက တာဝန်များကို မသိ၍လည်းကောင်း၊ သိသိနှင့်ပင်လည်းကောင်း စံလွဲပြီး အံချော်ဆောင်ရွက်နေတတ် ကြတာကိုလည်း သတိထားမိလာပါသည်။


အယ်ဒီတာတယောက်သည် စာပေတည်းဖြတ် ထုတ်ဝေခြင်းထက် မယ်ပြိုင်ပွဲများတွင် ဒိုင်လုပ်ခြင်း၊ အလှကုန်မိတ်ဆက်ပွဲများတက်ခြင်း၊ မင်းသမီး၊ မင်းသားမွေးနေ့ပွဲများ သွားတက်ခြင်း၊ ဆိုင်ဖွင့်ပွဲများ တွင်ပါဝင်ခြင်းတို့ကို အားတက်သရောပြုမူလာပြီဆိုလျှင် ထိုသူသည် အယ်ဒီတာစံလွဲသွားပြီဟု ခေါ်ရ တော့မည်ဖြစ်သည်။ နိုင်ငံရေးသမားတယောက်၏ တာဝန်သည် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ အဆင်ပြေချောမွေ့စေရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ပိုင်ခွင့်အာဏာရှိသူရော၊ မရှိသူရော ကြိုးပမ်းကြဖို့ အဓိကဖြစ်သည်။ ထိုသို့လုပ်နေသမျှ ကာလပတ်လုံး ပါတီဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ အာဏာလက်ရှိဖြစ်စေ၊ အာဏာလက်မဲ့ဖြစ်စေ နိုင်ငံရေးသမားကောင်းတယောက် ဖြစ်နေမည်ဖြစ်သည်။ အဓိကကတော့ ကိုယ့်တာဝန်ကိုယ်ကျေကြဖို့ဖြစ်သည်။ အချို့သော နိုင်ငံရေးနယ်ပယ်မှ လူများသည် မိမိကိုယ်တိုင်တာဝန်ကျေပွန်စွာ ဆောင်ရွက်ရမည့်ကိစ္စများကို ဘော်လီဘောပုတ်သကဲ့သို့ ပြည်သူလူထုကို လွှဲချလေ့ရှိသည်။


''ဒီကိစ္စအောင်မြင်ဖို့ ပြည်သူလူထုမှာ တာဝန်ရှိပါတယ်''


''ဒီကိစ္စက ပြည်သူလူထုပါဝင်မှရမှာပါ''


''ပြည်သူတွေကို ၀ိုင်းကူစေချင်တယ်''စသည်ဖြင့် ပြောတတ်ကြသည်။


မကြာသေးခင်ရက်ပိုင်းကလည်း ၀န်ကြီးချုပ်တယောက်သည် ကုန်ဈေးနှုန်း ကျဆင်းစေချင်ပါက ပြည်သူလူထုက အလှူအတန်းများကို ဟင်းခွက်များစွာ အကုန်အကျခံကျွေးမွေးစားသောက်ကြမည့်အစား ဟင်းတခွက်လောက်ဖြင့်သာ ခြိုးခြံစားသုံးကြပါက ကုန်ဈေးနှုန်းကျသွားမည်ဖြစ်ကြောင်းပြောခဲ့သဖြင့် အများက ၀ိုင်းဝန်းဝေဖန်စရာဖြစ်ခဲ့လေသည်။ အဓိကအားဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးဆိုသော အင်မတန်ကြီးမားသည့်ကိစ္စကြီးကို ရင်ဆိုင်ရန် ပြည်သူလူထုဘက်မှ ဒုက္ခခံ (sacrifice) လုပ်ရမည်ဆိုသော အာဏာရှင်လက်ထက်က ဖန်တရာ တေနေသော အယူဝါဒတခုကို ထပ်မံဖော်ထုတ်လိုက်ခြင်း (၀ါ) နိုင်ငံရေးအရ မိမိတာဝန်ကို ခေါင်းရှောင်ခြင်း ဖြစ်ပါပေ၏။ ပြောသင့်သည်မှာ ကုန်ဈေးနှုန်းကျဆင်းရေးကို ဆောင်ရွက်ရန် မိမိတို့အစိုးရမှာ တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို အတတ်နိုင်ဆုံးဆောင်ရွက်နေကြောင်း၊ ချက်ချင်းအောင်မြင်အောင် မဆောင်ရွက်နိုင်သေးခြင်းအတွက် ခွင့်လွှတ်စေချင်ကြောင်းတို့ ဖြစ်သည်။ တကယ်လည်း ကုန်ဈေးနှုန်းကို ပြည်သူလူထုက ဆောင်ရွက်၍မရပါပေ။


ဈေးနှုန်းတခုဆိုသည်မှာ ဈေးကွက်အတွင်း ရောင်းလိုအား (Supply)နှင့် ၀ယ်လိုအား (Demand)တို့ မည်သူက သာလွန်သည်ကို အခြေတည်၍ အဓိကဖြစ်လာခြင်းဖြစ်သည်။ ရွှေနှင့်ကျောက်ခဲကိုယှဉ်ကြည့်လျှင် ဈေးနှုန်းမတူတာကို တွေ့ရမည်။ ရွှေကို ဈေးကျသွားအောင် လုပ်လို့မရသလို ကျောက်ခဲကို ဈေးတက် လာအောင် ရုတ်တရက် ဆောင်ရွက်၍မရ။ အဘယ့် ကြောင့်ဆိုသော် ရွှေကိုလိုချင်သလိုမျိုးလူတွေက ကျောက်ခဲအပေါ်မှာ သဘောမထားနိုင်သလို ကျောက်ခဲ၏ အလွယ်တကူရရှိနိုင်မှုမျိုးလည်း ရွှေတွင် မရှိနိုင်သောကြောင့် ဖြစ်သည်။ ကျောက်ခဲဈေးတက်စေချင်လျှင် ကျောက်ခဲ၏ အသုံးဝင်မှုကဏ္ဍကို ပို၍ ချဲ့ထွင်ပေးရမည်။ ရွှေကို ဈေးကျစေလိုလျှင် ဈေးကွက်အတွင်း ရွှေများလိုအပ်တာထက် များပြားနေအောင် လုပ်နိုင်ရမည်။ ဒါသည် ၀ယ်လိုအားနှင့် ရောင်းလိုအားက ဈေးနှုန်းကို ဆုံးဖြတ်သော သဘောတရားဖြစ်သည်။ ထိုသဘောတရားတွင် ရွှေတွေကို လျှော့ဝယ်ကြလျှင် ဈေးကျသွားမည်ဟု ပြည်သူတွေကို ပြော၍မရပေ။ ထုတ်လုပ်မှု ဖြစ်စဉ်ကြီးတခုလုံးကို စောင့်ကြည့်၍ အပိုအလို ဖြည့်ဆည်းရန် ပြည်သူလူထုတွင် တာဝန်မရှိသလို လုပ်နိုင်စွမ်းလည်း မရှိပါ။ အစိုးရအာဏာရှိသူကသာ လုပ်နိုင်ပါသည်။ သေချာသည်ကတော့ ဘတ်ဂျက်လိုငွေပြမှု၊ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးလိုငွေပြမှု (နိုင်ငံကသူများကို ရောင်းတာထက် နိုင်ငံခြားက ပြန်ဝယ်ရတာက ငွေပိုများနေသောဖြစ်စဉ်)များ၊ ငွေဖောင်းပွမှုများကြောင့် ကုန်ဈေးနှုန်းတက်ရခြင်း ဖြစ်သည်။ ပညာရှင်များနှင့် တိုင်ပင်ကာ ကုန်ဈေးနှုန်းကိစ္စကို အသေအချာ ဖြေရှင်းမှပဲရပေမည်။ သေချာသည်က ပြည်သူများ ခြိုးခြံချွေတာရုံနှင့် ဈေးနှုန်းမကျနိုင်ပါ။ ဆင်းရဲသားပြည်သူလူထုကလည်း ယခု မသေရုံသာ စားဝတ်နေရသည်ဖြစ်ရာ ထိုထက်ပို၍နိမ့်သောအဆင့်သို့ ဆင်းသက်ဖို့ဆိုသည်မှာ လူအဆင့်မှ တိရစ္ဆာန်အဆင့်သို့ လျော့ကျသွားမှပဲ ရပေလိမ့်မည်။ ဤစကားသည်ကား အစိုးရအာဏာရှိသူ နိုင်ငံရေး သမားသည် နိုင်ငံရေးသမား၏ အဓိကအလုပ်ကို နားမလည်ခြင်း (၀ါ)နားလည်သော်လည်း အလွယ်ပြော မိခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။


လွှတ်တော်အမတ်များ၏ အဓိကတာဝန်မှာ ဥပဒေပြုခြင်းဖြစ်သည်။ ဒုတိယတာဝန်မှာ ဒေသဖွံ့ဖြိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုမဏ္ဍိုင်များကို စောင့်ကြည့်ထိန်းညှိခြင်း (Check and balance) ပြုလုပ်ရန် ဖြစ်သည်။ ထိုတာဝန်ကို ကျေပွန်သော ဥပဒေပြုအမတ်များရှိသလို မိမိနေရာ မိမိတာဝန်ကို ကောင်းစွာသဘောမပေါက်သော လွှတ်တော်အမတ်များစွာလည်း တွေ့ရဖူးလေသည်။ ထို့အတူ မီးသတ် သမားတယောက်၏ အဓိကတာဝန်မှာ မီးသတ်ခြင်းဖြစ်သည်။ ဒုတိယတာဝန်မှာ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ သဘာဝကပ်ဘေး၊ စစ်ဘေးစစ်ဒဏ် စသည်ဖြင့် ဘေးဒုက္ခတမျိုးမျိုးကျရောက်လာလျှင် ပြည်သူလူထုကို ကူညီကယ်တင်ဖို့ ဖြစ်သည်။ ထိုသို့ ဘေးအန္တရာယ်များကျရောက်မနေသော်လည်း လူထုက တောင်းဆိုလျှင် လူသာမက တိရစ္ဆာန်များကို ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း မီးသတ်တပ်ဖွဲ့ ၀င်များက ဆောင်ရွက်ပါသည်။


မိမိအလှမွေးထားသော ကြောင်လေးတကောင် သစ်ပင်ပေါ်တက်ပြီး ပြန် မဆင်းတတ်ခြင်း၊ အိမ်အပေါ် ရေတံလျှောက်ထဲသို့ ကြောင်တကောင်ရောက်နေပြီး ပြန်မဆင်းတတ်တော့ခြင်း၊ ရေပိုက်ထဲတွင် လက် ၀င်မိပြီး ပြန်ထုတ်မရခြင်း၊ မီးခိုးခေါင်းတိုင်ထဲတွင် လူပိတ်မိနေခြင်းစသော ကိစ္စများတွင်လည်း နိုင်ငံ တကာတွင် မီးသတ်တပ်ဖွဲ့၏ အကူအညီကို ပြည်သူ လူထုက တွင်တွင်ကျယ်ကျယ် ရယူတတ်ကြပါသည်။ အထူးသဖြင့် မိဘအုပ်ထိန်းသူ မရှိခိုက် ထိုကိစ္စမျိုးဖြစ်ပေါ်လာသောအခါ ကလေးများ ကိုယ်တိုင် မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်ပြီး အကူအညီရယူကြပါသည်။ ကလေးများဖုန်းဆက်ခေါ်သည်ကို မီးသတ် တပ်ဖွဲ့ဝင်များကလည်း တာဝန်ကျေကျေအားတက်သရော လာရောက် ဆောင်ရွက်ပေးကြပါသည်။ ထို့ကြောင့် နိုင်ငံတကာတွင် ကလေးများသည် မိမိကြီးပြင်းလာသောအခါ ဘာလုပ်ချင်သလဲဟူသော ဘ၀ရည်မှန်းချက်များကိုပြောသောအခါ မီးသတ် သမားဖြစ်ချင်သည်၊ ရဲဖြစ်ချင်သည်ဆိုသော အဖြေများကို ပေးကြသူများလည်းပေါများလှပါသည်။ အဓိက ကတော့ လူသည်ကိုယ့်တာဝန်ကို ကိုယ်သိ၍ ထိုတာဝန်ကို ကျေပွန်အောင် ပရော်ဖက်ရှင်နယ် ပီသအောင် ကြိုးစားကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာတော့ Professional ဆိုသည့်စကားကို မည်သူကစ၍ ကြေးစားဟု ဘာသာပြန်လိုက်မှန်းမသိ မူရင်းအဓိပ္ပာယ် တက်တက်စင်အောင် လွဲပါတော့သည်။


ပရော်ဖက်ရှင်နယ်၏ အဓိပ္ပာယ်မှာ ကြေးစားမဟုတ်ပါ။ ကျွမ်းကျင်ပညာရှင်ဖြစ်ပါသည်။ မြန်မာပြည် မှာတော့ စကားလုံးကို မှားယွင်းဘာသာပြန်သလို မီးသတ်တွေ ရဲတွေကြက်ခြေနီတပ်ဖွဲ့ဝင်တွေကိုလည်း စစ်အစိုးရ အဆက်ဆက် မှားယွင်းစွာ အသုံးချခဲ့ကြပါသည်။ မီးသတ်၏ အဓိကတာဝန်၊ ဒုတိယဆင့်ပွား တာဝန်များနှင့် မပတ်သက်သော ဧည့်စာရင်းစစ်ခြင်း၊ လမ်းဆုံလမ်းခွများတွင် ညအချိန်မတော် လှည့်ကင်း စစ်ဆေးခြင်း၊ တရားခံဖမ်းခြင်း၊ လူကြီးလမ်းကြောင်း လုံခြုံရေးလိုက်ပါရခြင်း၊ ရှင်ပြုပွဲမင်္ဂလာဆောင်များတွင် လိုက်ပါစောင့်ရှောက်ရခြင်း စသည်ဖြင့် မီးသတ်၏ မူလတာဝန်နှင့် ချွတ်ချော်တိမ်းပါးကာ အလွဲသုံးခံရခြင်းဖြင့် ပြည်သူလူထု၏ ငြိုငြင်မှုကို ခံရလေသည်။ ကြက်ခြေနီတပ်ဖွဲ့ဝင်များလည်း ဤသို့နှင်နှင်ဖြစ်သည်။ အမှန်စင်စစ် မီးသတ်တို့၊ ကြက်ခြေနီတို့မှာ သူတို့၏လုပ်ငန်းတာဝန် သတ်သတ်မှတ်မှတ်ရှိပြီးသားဖြစ်သည်။ သူတို့သည် ရဲတပ်ဖွဲ့၏လက်အောက်ခံ အဖွဲ့အစည်းမဟုတ်သလို စစ်တပ်၏ ခိုင်းဖတ်လည်း မဟုတ်ပါချေ။ သူ့မူနှင့်သူ၊ သူ့တန်ဖိုးနှင့်သူ ရှိကြပြီးသားဖြစ်သည်။ တလွဲအသုံးချခံခဲ့ကြရခြင်းဖြစ်သည်။


ရဲတပ်ဖွဲ့၏ တာဝန်သည်လည်း ရှင်းသည်။ တရားဥပဒေစိုးမိုးရေးသည် ရဲတပ်ဖွဲ့၏ အဓိကတာဝန် ဖြစ်သည်။ မှုခင်းကြိုတင်တားဆီးခြင်း၊ ပေါ်ပေါက် သော မှုခင်းများကို ဖော်ထုတ်ခြင်း၊ တိုင်းသူပြည်သား များကို ဥပဒေအရ လုံခြုံအောင်ကာကွယ်ပေးခြင်း၊ ပြည်သူလူထုကို အဘက်ဘက်မှကူညီဝန်ဆောင်မှု ပေးခြင်းသည် ရဲတပ်ဖွဲ့၏ အဓိကတာဝန်ဖြစ်သည်။ ကိုလိုနီခေတ်က မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ကို ပြည့်အစေခံဟူ၍ ခေါ်ဝေါ်ခဲ့ကြပါသည်။ အရက်မူးပြီး ကားမမောင်းနိုင်တော့သော လူတယောက်က အကူအညီတောင်းလျှင် အချို့နိုင်ငံများတွင် ရဲကအိမ်အထိ ကားမောင်းလိုက်ပို့ပါသည်။ လန်ဒန်တွင် လမ်းထောင့် တိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ တာဝန်ချထားရာ လမ်းမသိ လျှင် ဘတ်စ်ကားစီးဖို့ မည်သည့်လိုင်းလဲ ဘယ်လိုသွားရလဲ မသေချာလျှင် ရဲများကိုမေးပါက ပြုံးပြုံးရွှင်ရွှင်တက်တက်ကြွကြွဖြင့် ကူညီဖြေကြားလမ်းညွှန်ကြတာ ကိုယ်တိုင်တွေ့ကြုံဖူး လေသည်။ နိုင်ငံတကာကျင့်ထုံးတွင်လည်း ရဲတပ်ဖွဲ့သည် တပ်မတော်၏ လက်အောက်ခံ မဟုတ်ပေ။ လုပ်ငန်းသဘောအရ သီးခြားလွတ်လပ်သောအဖွဲ့ဖြစ်ပါသည်။


ရဲတပ်ဖွဲ့နှင့်ယှဉ်ကာ စဉ်းစားမိသည်မှာ တပ်မတော်၏ အဓိကတာဝန်သည် ဘာဖြစ်မလဲဟူ၍ဖြစ်သည်။ တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော် ကာကွယ်ရေးဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ ဘေးအန္တရာယ်မကျရောက်စေရန် ပြည်တွင်းရန်၊ ပြည်ပရန်မှ ကာကွယ်ပေးရေးသည် တပ်မတော်၏ အဓိကတာဝန်ဖြစ်ပါသည်။ ထိုတာဝန်နှင့်အတူ ပူးတွဲတာဝန်အဖြစ် ကြီးမားကျယ်ပြန့်သော သဘာဝဘေး အန္တရာယ်များကျရောက်လာသောအခါ တိုင်းသူပြည်သားများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင် လုပ်ဆောင်ပေးခြင်းသည်လည်း တပ်မတော်၏ လုပ်ငန်းထဲတွင် ပါဝင်ပါသည်။


ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့၏ ကယ်ဆယ်မှုမျိုးဖြင့် မလုံလောက်တော့သော ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ တိုင်းပြည်အနှံ့ ဆူပူအုံကြွခြင်းစသည့် ဘေးအန္တရာယ်များ ကျရောက်လာသောအခါ တပ်မတော်သည် ပါဝင်ဆောင်ရွက်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိပါသည်။ ပရော်ဖက်ရှင်နယ်ပီသသော တပ်မတော်တွင် နိုင်ငံရေးထဲဝင်ပါခြင်း၊ လွှတ်တော်ထဲဝင်ထိုင်ခြင်း၊ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ထဲတွင် ၀င်ရောက်စွက်ဖက်ခြင်း၊ ပါတီတခုနှင့်မဟာမိတ်ပြုခြင်းတို့ မရှိပါ။ မလုပ်ကြပါ။


အချို့ကလည်း အမြဲတမ်းဆင်ခြေပေးကြသည်မှာ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဒီမိုကရေစီဆိုသော်လည်း စစ်တပ်မှ တိုက်ရိုက်ခန့်အပ်သော တပ်မတော်သားကိုယ်စားလှယ်များပါဝင်ခဲ့ပြီး ထိုစနစ်သည် တိုင်းပြည် အတွက် အလုပ်ဖြစ်ခဲ့သည်ဆိုသော အချက်ဖြစ် သည်။ သို့ရာတွင် ထိုသူများဘယ်တော့မှ ထည့်မပြောသော အချက်မှာ အင်ဒိုနီးရှားစစ်တပ်သည် ကနဦးက လွှတ်တော်တွင် ရာခိုင်နှုန်းများများယူကာ ပါဝင်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီစစ်စစ်ဖြစ်လျက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တယောက်မှ မပါရှိတော့ပါဟူသော အချက်ဖြစ်သည်။  အင်ဒိုနီးရှားတွင် People's Consultative Assembly (MPR) ဆိုသောအဖွဲ့မှာ လူတထောင်ပါဝင်ပြီး  မြန်မာပြည်မှ ပြည်ထောင်စုလွှတ်တော်နှင့်ဆင်သော အဖွဲ့အစည်းဖြစ် သည်။ ထိုလွှတ်တော်တွင် လူ ၅၀၀ စီပါဝင်သော အဖွဲ့နှစ်ဖွဲ့ရှိသည်။ (မြန်မာပြည်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့နှင့် ဆင်တူသည်။)


လူ ၅၀၀ ပါလွှတ်တော်တဖွဲ့စီတွင် လူ ၁၀၀ (လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၂၅ ရာခိုင်နှုန်း)ကို ABRI ဆိုသော အင်ဒိုနီးရှားတပ်မတော် (The Indonesian National Armed Forces) ကို စစ်တပ်မှ ကိုယ်စားလှယ်များက နေရာယူထားသည်။ သို့သော် ၁၉၉၂ အင်ဒိုနီးရှားအမျိုးသားနေ့တွင် သမ္မတဆူဟာတိုမှ လွှတ်တော်တွင်နေရာယူထားသော ပုံသေတပ်မတော်သားအရေအတွက်ကို လျှော့ချမည်ဟု ကြေညာခဲ့သည်။ ၁၉၉၈ တွင် သမ္မတဆူဟာတိုဆင်းသွားပြီး နောက်တနှစ် ၁၉၉၉ တွင် ကျင်းပသော ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၅၀၀ ရှိသည့်အနက် ၄၆၂ ယောက်ကို ရွေးကောက်တင်မြှောက်ပွဲမှတဆင့် ပြည်သူလူထုက ရွေးချယ်ပြီး ၃၈ ယောက်ကိုသာ တပ်မတော်က ရွေးကောက်ပွဲမ၀င်ဘဲ တိုက်ရိုက်ခန့်အပ်ခဲ့ သည်။ ရာခိုင်နှုန်းအားဖြင့် လွှတ်တော်တွင်စစ်တပ်ပါဝင်မှုမှာ ၂၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၆ ရာခိုင်နှုန်းသို့ လျော့ကျသွားခြင်းဖြစ်သည်။


၂၀၀၄ ခု ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ၅၀၀ ဦးမှ ၅၅၀ ဦးသို့ တိုးချဲ့ခဲ့ပြီး အားလုံးမှာ ရွေးကောက်ခံကိုယ်စားလှယ်များသာဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားလွှတ်တော်၌ စစ်တပ်၏စိုးမိုးမှုမှာ ၂၀၀၄ မှစကာ နိဂုံးချုပ် နိဋ္ဌိတံသွားခဲ့သည်။ ၂၀၀၉ ရွေးကောက်ပွဲတွင်မူ လွှတ်တော်အမတ်အရေအတွက်ကို ၅၆၀ ဦးသို့ တိုးမြှင့်လိုက်ပြီး တပ်မတော်သားကိုယ်စားလှယ်များပါဝင်မှုလည်း လုံးဝမရှိတော့ပေ။ မြန်မာနိုင်ငံတွင်မူကား အင်ဒိုနီးရှားတပ်မတော်က လွှတ်တော်နိုင်ငံရေးမှ အားကြိုးမာန်တက်ထွက်ခွာသွားပုံကို တခါမှ ရေရေရာရာ ရှင်းမပြခဲ့ဘဲ တပ်မတော်သားများလွှတ်တော်တွင် ပါဝင်နေပုံကိုသာ ဦးစားပေး High Lightလုပ်ကာ လိုချင်တာကွက်၍ ဆင်ခြေပေးနေကြပေသည်။ တပ်မတော် မပါဝင်တော့သော်လည်း အင်ဒိုနီးရှားလွှတ်တော်သည် ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ကျေကျေပွန်ပွန်ထမ်းရွက်နိုင်ခဲ့သော သာဓကကို တပ်မတော်သားများနှင့်  မြန်မာ့နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်များကို ပြောပြသင့်ပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကတာဝန်သည် ဘာလဲဟုလည်း စဉ်းစားမိသည်။ နိုင်ငံအတော်များများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အစိုးရနှင့် ပြည်သူလူထုတို့ နှစ်ဦးနှစ်ဘက်အကြား သဘောတူစာချုပ်ချုပ်ခြင်း ဖြစ်ပါသည်။ ပြည်သူလူထုသည် အိမ်ရှင်အစိုးရသည် အိမ်ငှားသဘောမျိုးဖြင့် အိမ်ရှင်၊ အိမ်ငှားစာချုပ်ချုပ်ကြ ခြင်းဖြစ်ပါသည်။ ထိုစာချုပ်သည် တခါချုပ်ပြီးလျှင် တသက်လုံးပြင်စရာမလိုတော့သော တသက်တာ စာချုပ်ကြီးတော့ မဟုတ်ပါ။ ပြည်သူလူထုအတွက် လိုအပ်လာလျှင် အစိုးရအတွက် လိုအပ်လာလျှင် ညှိနှိုင်းတိုင်ပင်ကာ ပြင်ဆင်သင့်သည်ကို ပြင်ဆင်ရပါသည်။ ဖြုတ်ပယ်သင့်သည်ကို ဖြုတ်ပယ်ရပါသည်။  ထပ်ဖြည့်သင့်သည်ကို ထပ်ဖြည့်ရပါသည်။ အမေရိကန်ပြည် ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၇၈၉ မတ်လ ၄ ရက်တွင် စတင်အတည်ပြုရေးဆွဲခဲ့ပြီး ယခုအခြေအနေရောက်လာဖို့ အတိတ်က ပြင်ဆင်မှုပေါင်း ၂၇ ကြိမ်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တာဝန်သည် ဘုရားဟောကဲ့သို့ တခါရေးထားပြီး တသက်လုံးမတို့မထိရသော အရာမဟုတ်။ ပို၍ကောင်းလာအောင် ပြင်စရာ လိုအပ်ပါက ပြင်ဆင်ရမည့်တာဝန်လည်း တပါတည်းပါရှိ နေပါသည်။


လောကကြီးတွင် စာရေးဆရာ၊ ပြည်သူ့ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ တပ်မတော်သား၊ သာသနာ့ ၀န်ထမ်းရဟန်း စသည်ဖြင့် အလုပ်အကိုင်များကွဲပြားနေသော်လည်း အလုပ်အကိုင်တိုင်းတွင် တာဝန်များရှိပါသည်။ ထိုတာဝန်များကို လျှော့၍ဆောင်ရွက်ခြင်းသည် မကောင်းသလို ကိုယ့်တာဝန်နှင့် တိုက်ရိုက် မသက်ဆိုင်သော အရာများကို ပို၍ဆောင်ရွက်ခြင်းကလည်း မကောင်းပါ။ ပရော်ဖက်ရှင်နယ် (ပညာရှင်) ပီပီသသ တိတိကျကျ မှန်မှန်ကန်ကန် ကိုယ့်အလုပ်ကိုယ်လုပ်ကြခြင်းကသာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်ပါကြောင်း။


သရ၀ဏ်(ပြည်)