မြန်မာတို့ရဲ့ တော်ဝင်ရတနာ နန်းစဉ်ပတ္တမြားကြီး ဘယ်သူခိုးသွားသလဲ (၂)


သမိုင်းပညာရှင်နှင့် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ အဲလက်စ်ဘက်စကိုဘီ (Alex Bescoby) ၏ Who stole Burma’s royal ruby? သတင်းဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။


ဗြိတိသျှဘုရင့်သရဖူပေါ်မှာလော


သီပေါဘုရင် ကွယ်လွန်ပြီးတဲ့နောက်မှာ ဦးစိုးဝင်းရဲ့ဘွားတော်ဖြစ်တဲ့၊  သီပေါမင်းရဲ့အငယ်ဆုံးသမီးတော်ဟာ ငမောက်ပတ္တမြားကြီးရှာပုံတော်ကို ဆက်ဖွင့်ခဲ့ပါတယ်။ သူမဟာ နိုင်ငံပေါင်းချုပ်အသင်းကြီးထံ စာရေးပြီးတောင် ကြိုးပမ်းခဲ့ပါသေးတယ်ဗျာ။  သူမကွယ်လွန်တော့ သူရဲ့သားတော် ( ဦးစိုးဝင်းရဲ့ဦးရီးတော်) တော်ဘုရားကလေးက ဒီရတနာရှာပုံတော် ကျိုင်းတုတ်ကြီးကို လွှဲယူကိုင်ဆောင်ပြီး ခရီးဆက်ခဲ့ပြန်ပါတယ်။ ကွန်မြူနစ်ဝါဒီကြီးမို. အလံနီမင်းသားကြီးလို့လည်း သိကြတဲ့ ဦးစိုးဝင်းရဲ့ဦးရီးတော် ဒီပုဂ္ဂိုလ်ကြီးရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့နှစ်ယောက်ဟာ ဗြိတိသျှ နန်းတက်သရဖူတွေကို စစ်ဆေးလေ့လာဖို့ မင်းမြောက်တန်ဆာနဲ့သရဖူတွေထိန်းသိမ်းထားရှိရာ သမိုင်းဝင်ဘုရင့်ရဲတိုက်ခံတပ်ဟောင်းကြီး ‘လန်ဒန်တာဝါ’ ဆီ ဆက်လက်ချီတက်ခဲ့ပါတော့တယ်။


တော်ဘုရားကလေးဟာ လက်ရှိဗြိတိန်ဘုရင်မကြီးနဲ့ ကြင်ယာတော်ဖီးလစ်မင်းသားကြီးဆီ စာတွေအကြိမ်ကြိမ်ရေး၊ လန်ဒန်ကိုရောက်ခဲ့တဲ့ မိတ်ဆွေတွေကို စလေဒင်မျိုးဆက်တွေရဲ့ကြွယ်ဝချမ်းသာမှုဟာ ဘယ်လိုအခြေအနေရှိသလဲဆိုတာ မေးမြန်းစုံစမ်းကြည့်ပြီးတဲ့နောက်မှာတော့  စာအုပ်တစ်အုပ်ရေးသားပြီး ငမောက်ပတ္တမြားကြီးရဲ့ကံကြမ္မာနဲ့ ပတ်သက်တဲ့ သူ့ရဲ့သီအိုရီတွေကို ချပြခဲ့ပါတယ်။ ‘ဗြိတိသျှနယ်ချဲ့တို့က ငမောက်ပတ္တမြားကြီးဧ။် ခြေရာကို မည်မျှပင် ဖုံးကွယ်ဖျောက်ဖျက်ရန် ကြိုးစားသော်လည်း ၄င်းတို့လက်ဝယ်တွင်ရှိနေကြောင်း ခိုင်လုံသော သက်သေအထောက်အထားရှိခဲ့ပြီ’ လို့ ’လန်ဒန်၌ရှိနေသောငမောက်ပတ္တမြားကြီး’ စာအုပ်မှာ သူရေးသားခဲ့ပါတယ်။


အင်တာနက်မှာ ငမောက်ပတ္တမြားဆိုပြီး ရှာကြည့်ရင် သရဖူအရှေ့တည့်တည့်မှာ ကြီးမားတဲ့ အနီရောင်ရဲရဲတောက်ပတ္တမြားကြီးတစ်လုံး မြှုပ်နှံထားတဲ့၊ ဒုတိယမြောက်အယ်လီဇဘက်ဘုရင်မကြီး နန်းတက်အခမ်းအနားမှာ ဆောင်းခဲ့တဲ့ ‘ဗြိတိသျှအင်ပါယာသရဖူကြီး’ ပုံတွေ ပေါ်လာတာမို့ငမောက်ပတ္တမြားကြီး အဲဒီသရဖူကြီးထဲမှာ ရှိနေတယ်လို့ ယုံကြည်ကြသူတွေဟာ အလံနီမင်းသားကြီးတစ်ပါးတည်း မဟုတ်ခဲ့ပါဘူး။


ဒါပေမယ့် အင်ပါယာသရဖူကြီးမှာ ရှိနေတဲ့ အနီရောင်ရတနာကြီးဟာ အာဂျင်ကော့စစ်ပွဲမှာ ပဉ္စမမြောက်ဟင်နရီဘုရင် သူ့ခေါင်းဆောင်းမှာ ထည့်သွင်းဆင်ယင်ခဲ့တဲ့ ‘မဟူရာမင်းသားပတ္တမြား’ လို့သိကြတဲ့ ကျောက်နီကြီးဖြစ်နေပါတယ်။  ဒါကြောင့် တော်ဘုရားကလေးက နောက်ထပ်သီအိုရီတစ်ခုကို ထုတ်ပါတယ်။ ငမောက်ဟာ ၁၉၁၁ ခုနှစ် ဒေလီမြို.မှာ အိန္ဒိယရဲ့အရှင်သခင်အဖြစ် ဘိသိက်ခံခဲ့တဲ့ ပဉ္စမမြောက် ဂျော့ဘုရင်နဲ့ မိဖုရားမေရီတို့အတွက် ပြုလုပ်တဲ့ အိန္ဒိယအင်ပါယာသရဖူမှာ အထည့်ခံရတဲ့ သီအိုရီပါပဲ။


သူဟာ ဒီထင်မြင်ချက်အတွက် အထောက်အထားတွေမပေးနိုင်ခဲ့ပေမယ့် အချိန်ကာလကို ချင့်ချိန်ကြည့်ရင် ဖြစ်နိုင်ခြေရှိတာကို တွေ့ရပါတယ်။  ၁၈၈၀ ခုနှစ်တွေလောက်ကတည်းက  တော်ဝင်ဘုရင့်ရတနာတိုက်ထဲ ဗုံခကနဲရောက်လာခဲ့တဲ့ ပတ္တမြားအပိုကြီးတစ်လုံးကို သရဖူအသစ်လုပ်ဖို့ရာမှာ ပေးအပ်လိုက်တယ်ဆိုတဲ့  အယူအဆဟာ သိပ်ကိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီသီအိုရီမှာ အားနည်းချက်အကြီးကြီးတစ်ခုရှိနေပြန်တယ်။ အိန္ဒိယအင်ပါယာသရဖူမှာရှိနေတဲ့ ပတ္တမြားတွေဟာ ငမောက်ပတ္တမြားကြီးရဲ့အရွယ်အစားမရှိကြပါဘူး။ တော်ဘုရားကလေးရဲ့စာအုပ်ကို အင်္ဂလိပ်ဘာသာပြန်သူကတော့ သူ့ဟာနဲ့ သူအဖြေရှိနေပြန်တယ်။ ပတ္တမြားကြီးကို လေးစိတ်ခွဲပြီး သရဖူရဲ့လေးဖက်လေးတန်မှာ ညီညီညာညာထည့်ထားတာဖြစ်ရမယ်လို့သူကဆိုပါတယ်။


အိန္ဒိယအင်ပါယာသရဖူမှာရှိနေတဲ့ ပတ္တမြားတွေဟာ မြန်မာပြည်ထွက် ပတ္တမြားတွေဆိုတာတော့ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဗြိတိသျှနန်းတက်သရဖူတွေရဲ့ရာဇဝင်တွေနဲ့ ပတ်သက်လို့  ၁၉၉၈ မှာ တရားဝင်ထုတ်ဝေထားတဲ့ အတွဲ၂ တွဲပါ စာအုပ်မှာ အဲဒီလိုဖော်ပြထားလို့ပါပဲ။ ဒါပေမယ့် အဲဒီစာအုပ်ကိုယ်တိုင်က သက်သေအထောက်အထား အနည်းအကျဉ်းပဲ ပံ့ပိုးနိုင်ပြန်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာရှိနေကြတဲ့ ပတ္တမြားအများစုဟာ မြန်မာပြည်ထွက်တွေချည်းဖြစ်နေတယ်လေဗျာ။


ဗြိတိသျှနန်းသုံးတော်ပစ္စည်းများစုဆောင်းထိန်းသိမ်းရေး တော်ဝင်ဘဏ္ဍာစိုးအဖွဲ့ကတော့ ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်ပါတယ်။ အိန္ဒိယအင်ပါယာသရဖူမှာရှိနေတဲ့ ပတ္တမြားတွေရဲ့ဇာစ်မြစ်နဲ့ ပတ်သက်ပြီး မော်ကွန်းမှတ်တမ်းတစ်ခုမှမရှိပါဘူးတဲ့။ အင်တာဗျူးလုပ်ခွင့်ကိုလည်း ငြင်းတယ်ခင်ဗျ။


ကျွန်တော်တို့နှစ်ယောက်ဟာ လန်ဒန်တာဝါကြီးရဲ့သူရဲခိုအပြင်ဘက်မှာ ရပ်ရင်း၊ အဲဒီကနေတဆင့်  သိမ်းမြစ်နံဘေးမှာ  စိတ်ပျက်လက်ပျက် ဆောင့်ကြောင့်ထိုင်ရင်း ကိုယ်ဆီကိုယ်ငှ အတွေးတွေနဲ့ နစ်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့အတွေးတွေထဲမှာတော့  တော်ဝင်ဘဏ္ဍာစိုးအဖွဲ့ဟာ တစ်ခုခုကိုများ ဖုံးကွယ်ထားသလားလို့မတွေးပဲမနေနိုင်ခဲ့ပါဘူး။


“ဒီအထဲမှာပဲရှိမယ်လို့ကျွန်တော်ကတော့ ယုံတယ်ဗျာ” သူဟာ တပါးသူကိုပြောမှာမဟုတ်တဲ့ ဒီစကားကို ကျွန်တော့်ကိုပဲ ယုံကြည်စွာပြောပြီးနောက် လန်ဒန်တာဝါရဲတိုက်ကြီးထဲကို အချွန်စိုက် လျှောကျတံခါးကြီးတွေအောက်က ခပ်ကြမ်းကြမ်း ဖြတ်လျှောက်ဝင်သွားတာကြောင့် ကျွန်တော်မှာ သူ့ကို မှီအောင် မနည်း ပြေးလိုက်ရပါသေးတယ်။


ကျွန်တော်ဟာ ငယ်စဉ်ကလေးဘဝကတည်း  ဗြိတိသျှမင်းမြောက်တန်ဆာတွေကို မမြင်ဖူးခဲ့ပါဘူး။ အခုအချိန်မှာ ဒီလို ဗြိတိသျှဘုရင်မင်းဆက်တွေရဲ့အာဏာအရှိန်အဝါဂုဏ်ဒြပ်တွေ ခမ်းနားကြီးကျယ်မှုတွေကို ပြသထားတဲ့ အရာတွေကို သူတို့လိုပဲ ဘုရင်တပါးဖြစ်ခဲ့နိုင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကို ဘေးနားထား လျှောက်ကြည့်ပြီး နဖူးတွေ့ဒူးတွေ့ မြင်လိုက်ရချိန်မှာတော့  အမျိုးမျိုးသောခံစားချက်တွေ ရောပြွမ်းနေတဲ့ ပြောပြဖို့မတတ်တဲ့ ထူးဆန်းသော ခံစားချက်တစ်ခုကို ရလိုက်ပါတယ်။


မင်းမြောက်တန်ဆာ၊ နန်းတက်သရဖူတွေ ထည့်သွင်းပြသထားရာ မှန်အုပ်ဆောင်းကြီး နံဘေးပတ်လည်မှာ  ကြည့်ရှုသူတွေ လိုက်ပါစီးနင်းရမယ့် ရွေ့လျားစက်ခါးပတ်ပြားပေါ်ကို ခြေချမိချိန်မှာတော့  နှစ်ယောက်အသက်ပေါင်းရင် နှစ်၁၀၀ ရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ စိတ်လှုပ်ရှားနေတဲ့ ကျောင်းသားလေးနှစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ အနီရောင်၊ ရွှေရောင်၊ ငွေရောင်တွေ တလက်လက်ထနေတဲ့ မင်းမြောက်တန်ဆာတွေ ကျွန်တော်တို့နှစ်ယောက်ရဲ့ဘေးကနေ တရွေ့ရွေ့ဖြတ်သွားနေကြချိန်မှာ ကျွန်တော်တို့ စိတ်ဝင်စားတဲ့အရာကတော့ တစ်ခုတည်းသောအရာဖြစ်ခဲ့ပါတယ်။


အိန္ဒိယအင်ပါယာသရဖူကြီးအနားရောက်လာချိန်မှာတော့ ကျွန်တော်တို့ကြောင့် လူတန်းကြီးပိတ်မိမနေအောင် တဖက်ကသတိထားရင်း တတ်နိုင်သမျှ အဲဒီအနားမှာနေနိုင်သမျှ ကပ်ရပ်နေပြီး ကြည့်ဖြစ်ပါတယ်။ တစ်ကြိမ်နဲ့ အားမရလို့ရွေ့လျားစက်ခါးပတ်ပြားပေါ် နောက်တစ်ကြိမ် ထပ်တက် ဝင်ကြည့်ပြန်ပါတယ်။ ၁ စင်တီမီတာခွဲ အချင်း ကိုယ်စီရှိကြတဲ့ ပတ္တမြား ၄ လုံးဟာ မှန်ကို ဖြတ်ပြီး တဖျပ်ဖျပ်လက်နေပါတယ်။ ဒါတွေများ ဖြစ်နိုင်သလား။ ကျွန်တော် တွေးနေငေးနေတာ နည်းနည်းအရှိန်လွန်သွားတော့  ဦးစိုးဝင်း ဘယ်ရောက်သွားမှန်းမသိလိုက်တော့ပါဘူး။


သူ့ကို အဆောက်အအုံအပြင်ဖက် ဝင်းခြံထဲမှာ မျက်နှာ မသာမယာနဲ့ တွေ့လိုက်ရပါတယ်။ “ကျွန်တော် အထဲကို ပြန်မသွားချင်တော့ဘူးဗျာ။ သရဲကားကြည့်ရသလိုပဲ။ မှောင်မှောင်မည်းမည်းနဲ့  မကောင်းတဲ့ ခံစားချက်တစ်မျိုးရတယ်” လို့ရင်ဘတ်ကို ဖိရင်း သူကပြောပါတယ်။


သူက သူတွေ့ခဲ့တာဟာ ငမောက်လုံးဝမဟုတ်ဘူးလို့ကျွန်တော့်ကို ခိုင်ခိုင်မာမာပြောတယ်ဗျ။ တကယ်လို့ ငမောက်ဆိုရင် သူ့စိတ်ထဲမှာ လုံးဝခံစားသိရှိမယ်လို့လည်း ဆိုပြန်တယ်။ “ ကျွန်တော်ဒီကိုလာတာ သူတို့ ပြထားတာကြည့်ဖို့မဟုတ်ဘူး။ မပြထားတာကို တွေ့ချင်လို့။” အဲဒီလိုပြောပြီး သူ.ဆီက ခပ်အုပ်အုပ်ရယ်သံတွေ  ထွက်ပေါ်လာခဲ့ပြန်တယ်။


ကျွန်တော်ကတော့ ဦးစိုးဝင်းရဲ့ဒီ ခံစားအသိဟာ အိန္ဒိယအင်ပါယာသရဖူထဲမှာ ငမောက်ပတ္တမြားကြီး လေးစိတ်စိတ်ပြီး အထည့်ခံရတာမဟုတ်ဘူးဆိုတဲ့ အချက်အတွက် လုံလောက်တဲ့ အထောက်အထားမဟုတ်ဘူးဆိုတာ သိနေပေမယ့် ဒီလောက်အဖိုးမဖြတ်နိုင်တဲ့ ရတနာကြီးကို ခွဲစိတ်ပစ်တယ်ဆိုတာ အရူးမှပဲ လုပ်လိမ့်မယ်လို့လည်း တွေးနေမိတယ်ခင်ဗျ။ မဟုတ်ဘူးလားဗျာ။ ဘယ်သူကများ လုပ်မှာတုန်း။


ကဲ အဲဒီတော့ ကျွန်တော်တို့တွေ ဆက်ပြီး တူးဆွရပြန်တာပေါ့ဗျာ။


မရိုးသားတဲ့ ဒိုင်ယာရီ


နှစ်ပေါင်း ၁၃၀ တောင်ကျော်ခဲ့ပြီဖြစ်တာကြောင့် သီပေါမင်း ပါတော်မူနေ့ဖြစ်တဲ့ ၁၈၈၅ ခု နိုဝင်ဘာ ၂၈ရက်နေ့မှာ မန္တလေးမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အတိအကျသိဖို့ ခက်လှပါတယ်။ ဒါပေမယ့်လည်း တိုင်းမ်မဂ္ဂဇင်းသတင်းထောက်တစ်ယောက်ဟာ သီပေါမင်းနဲ့ စလေဒင်တို့ အချီအချပြောဆိုနေချိန်မှာ အဲဒီနေရာမှာ ရှိနေခဲ့တာကတော့ ဘာဖြစ်ခဲ့သလဲ သိနိုင်ဖို့ သိပ်ကိုအထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်ဟာ အဲဒီသတင်းထောက်ရေးခဲ့တဲ့ သတင်းကို အင်တာနက်ကရှာထုတ်ပြီး ဦးစိုးဝင်းကို ပြလိုက်ပါတယ်။


 “ငါကိုယ်တော်ဟာ မောင်မင်းတို့အား မင်းမြှောက်တန်ဆာအလုံးစုံကို ပေးအပ်ခဲ့ပြီးဖြစ်တယ်။ မောင်မင်းတို့ဟာ  အင်္ဂလိပ်လူကောင်းများအဖြစ် ရှင်ဘုရင်တစ်ပါးဖြစ်တော်မူသော ငါ့အား ဝတ်ဆင်ထားတော်မူသောလက်စွပ်ကိုတော့ မချွတ်စေရာဟု ငါယုံကြည်တော်မူတယ်” လို့ သီပေါမင်းပြောစကားအဖြစ် ရေးထားတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ သတင်းထောက်က ဘာဆက်ပြီးရေးထားသလဲဆိုတော့ သီပေါမင်းဟာ သူ့ရဲ့ကြီးမားလှတဲ့ ပတ္တမြားလက်စွပ်ကြီးကို သူ့ကိုပြပါသတဲ့။ စလေဒင်က ဒီလိုပြန်ပြောပါသတဲ့ “အင်္ဂလိပ်လူမျိုးတွေဟာ အရှင်မင်းကြီးဝတ်ဆင်ထားတော်မူတဲ့ ရတနာတွေကို ချွတ်စေဖို့ ဆန္ဒမရှိကြောင်း ကျွန်ုပ်အာမခံပါတယ်”


ဒီနေရာအရောက်မှာ ဦးစိုးဝင်းရဲ့မျက်ခုံးတွေဟာ မြင့်တက်သွားပါတယ်။ ဒီလက်စွပ်ဟာ ပါတော်မူပြီး တနှစ်အကြာ အိန္ဒိယဘုရင်ခံချုပ်ဆီ သီပေါမင်းရေးသားခဲ့တဲ့စာမှာ တွဲပါတဲ့ စာရင်းထဲက ‘နဂါးမောက်ဟုခေါ်သော ပတ္တမြားလက်စွပ်ကြီးတစ်ကွင်း’ ဖြစ်ပါလိမ့်မယ်။


 သီပေါမင်းရဲ့စာဟာ ဗြိတိသျှတို့ရဲ့အံသြစရာကောင်းလောက်အောင် ဗြူရိုကရက်ဆန်လှတဲ့ စာပို့စာပြန် မှတ်တမ်းစာတွဲကြီးတွေကို ထိန်းသိမ်းထားရာ  ဗြိတိသျှစာကြည့်တိုက်ထဲက  အိန္ဒိယဆိုင်ရာရုံးလုပ်ငန်းမှတ်တမ်းများဌာန  ‘နိုင်ငံရေးနှင့်လျှို.ဝှက်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အထူးတလည် ဂရုတစိုက်ထိမ်းသိမ်းထားတဲ့ စာတွဲကြီးတစ်ခုကို ဖွင့်ရှာစေဖို့ စပေးဘောဖြစ်ခဲ့ပါတယ်။


 


 


 

မှိုနံ့တထောင်းထောင်းထပြီး လျော့ရိနေတဲ့ စာဖိုင်တွဲကြီးတွေကို စအဖွင့်မှာ တချိန်တုန်းက ကဲလွယ်ဆတ်လွယ်တဲ့  ‘နိုင်ငံတော်အထူးလျှို.ဝှက်ချက်’ တွေထဲ တိတ်တဆိတ်ချင်းနင်းဝင်ရောက်ရတာကြောင့် လျှို.ဝှက်သည်းဖို ရင်တုန်ပန်းတုန် မဖြစ်ဘဲ ဘယ်လိုမှ မနေနိုင်ခဲ့ပါဘူးဗျာ။ 


၁၈၈၆ ဒီဇင်ဘာလမှာ ဘုရင်ခံချုပ်ဟာ သူ့အရာရှိတွေကို ပတ္တမြားပျောက်အမှုကို စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။ အဲဒီနှစ်မတိုင်ခင် တမြန်နှစ် နိုဝင်ဘာမှာ မန္တလေးမှာ ရှိခဲ့ကြတဲ့ အဓိကပုဂ္ဂိုလ်အားလုံးကို ဆက်သွယ်ခဲ့ပါတယ်။ လောလောလတ်လတ် သူကောင်းပြုခံထားရပြီး လန်ဒန်မှာရောက်နေပြီဖြစ်တဲ့၊ မကြာခင် အငြိမ်းစားယူဖို့ ပြင်ဆင်နေတဲ့ စလေဒင်တစ်ယောက်လည်း  ဆက်သွယ်ခံရသူတွေထဲပါဝင်ခဲ့ပါတယ်။


ဗြိတိသျှစာကြည့်တိုက်ထဲမှာ ထိန်းသိမ်းထားတဲ့ စလေဒင်ရဲ့ပုဂ္ဂလိကမှတ်တမ်းစာရွက်တွေထဲမှာ ဘုရင်ခံချုပ်ရဲ့မေးမြန်းချက်ကို ဖြေကြားတဲ့စာတစ်စောင်အတွက် ရက်အတော်ကြာ အထပ်ထပ်ပြင်ရေးထားတဲ့ စာကြမ်း ၃ စောင်ကို တွေ့ရတယ်ခင်ဗျ။ စကားလုံးတွေကို အကြိမ်ကြိမ်ပြင်လိုက် ဖျက်လိုက်လုပ်ထားကို တွေ့ရတာကြောင့် ဆာအက်ဒဝပ် စလေဒင်ဟာ ဘယ်လိုအကြောင်းပြန်ရမလဲဆိုတာ ဆုံးဖြတ်ရခက်နေခဲ့ပုံပါပဲ။ ဒါ့အပြင် နောက်ဆုံးစာကြမ်းဟာ စကားလုံးတွေကို သတိကြီးစွာရွေးချယ်ပြီး  ယုတ္တိတန်အောင် ငြင်းဆိုထားတဲ့ စာတစ်စောင်ဖြစ်နေတာကို တွေ့ရပါတယ်။


စလေဒင်က ဘာရေးထားသလဲဆိုတော့ အဲဒီနေ့မှာ အခြေအနေတွေဟာ မတည်မငြိမ်ဖြစ်နေတာကြောင့် သီပေါဘုရင်ဟာ ဘယ်ပစ္စည်းတစ်ခုကိုမှ အပ်နှံတာ၊ စာရင်းလွှဲတာတွေ လုပ်ဖို့ အားမထုတ်ခဲ့ပါဘူးတဲ့။ ဒါ့အပြင် သီပေါမင်းရဲ့စာနဲ့အတူတွဲပါတဲ့ စာရင်းကို သူ မတွေ့ပါဘူးလို့လည်း ငြင်းထားတဲ့အပြင် သီပေါမင်းရဲ့ပစ္စည်းတွေအားလုံးကို သူဟာ လွှဲအပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ သေးငယ်ပြီးတန်ဖိုးကြီးတဲ့ ပတ္တမြားလက်စွပ်လိုပစ္စည်းမျိုးကို ဘယ်သူမဆို နှိုက်ယူထွက်သွားနိုင်ပါတယ်လို့လည်း ရေးထားပါတယ်။ နောက်ဆုံးအချောသတ်ရေးထားတဲ့ စာထဲမှာ ဒီလိုပါပါတယ်။ “သီပေါဘုရင်ကိုယ်တိုင်ကို  ဗြိတိသျှအစိုးရထံ အပ်နှင်းပေးခဲ့သော ကျွန်တော်ဧ။် တာဝန်ထမ်းဆောင်မှုသည် ကျောက်မျက်ရတနာတစ်ခုထက် တန်ဖိုးကြီးမားသလို ကမ္ဘာပေါ်တွင်ရှိရှိသမျှ ခရစ်စမတ်သစ်ပင်အလှဆင် ဘောသီးလုံးများထက်လည်း အရေးပါသောလက်ဆောင်တစ်ခုဖြစ်သည်။”


သီပေါမင်းကို ရည်ညွှန်းပြီး သူပြောချင်တဲ့သဘောက ပြောင်ပြောင်လက်လက်အဖိုးမတန်တဲ့ အလှဆင်ဘောသီးလုံးတွေအတွက် ရေးကြီးခွင့်ကျယ်လုပ်မနေပါနဲ့လို့ ဆိုလိုပုံပါပဲ။


ဒီထက်ပိုပြီး ကျွန်တော်တို့စိတ်ဝင်စားမိတဲ့ အရာကတော့ လက်ကုမ္မဏီတိုက်ထုတ် ကိုလိုနီခေတ်နေ့စဉ်မှတ်တမ်း လက်ရေးစာမူကြမ်း ဂျာနယ် အမှတ် ၄၃- ‘၁၈၈၅ ခုနှစ်မှ နေ့တစ်နေ့အကြောင်း’  ဆိုတဲ့ မြေညိုရောင်ဖျော့ဖျော့ စာအုပ်ကြီးပါပဲ။   သူ့ပိုင်ရှင်ရေးသားသူနဲ့အတူတကွ နေရာတွေ၊ အဖြစ်အပျက်တွေကို ရောက်ခဲ့ကြုံခဲ့တဲ့ ဒီစာအုပ်ကြီးဟာ အချိန်ကာလရဲ့အထုအထောင်းဒဏ်ကြောင့် ဟောင်းနွမ်းပျော့ကြေနေပြီး ဝိုင်နီဖြစ်ဖို့များတဲ့ အရည်တွေနဲ့လည်း စွန်းထင်းပေကျံနေပါတယ်။


စာရွက်တွေကို တစ်ရွက်ချင်း တစ်ရွက်ချင်း လှန်နေခိုက်မှာ ကျွန်တော်ဟာ မြန်မာလူမျိုးတွေ ငမောက်ပတ္တမြားကြီးဇတ်လမ်းအကြောင်း ပြန်ပြန်ပြောတိုင်း လူဆိုးကြီးအဖြစ် သရုပ်အဖော်ခံနေရတဲ့  ဝိတိုရိယခေတ် ဗြိတိသျှဗိုလ်နှုတ်ခမ်းမွေးကြီးရဲ့ပုဂ္ဂိုလ်ရေးလျှို.ဝှက်ချက်တွေထဲ ကျူးကျော်ဝင်ရောက်နေမိသလို ခံစားမိခဲ့ပါတယ်။ ကျူးကျော်သိမ်းပိုက်ဖို့အတွက် ပြင်ဆင်မှုတွေကို အသေးစိတ်ရေးသားထားတာတွေကို တွေ့လိုက်ရတာ ဖတ်ရင်း ဖတ်ရင်း အသက်ရှူမှားမတတ်ပါပဲဗျာ။ ဒီအကြောင်းတွေနဲ့အတူ ရာသီဥတုအကြောင်း၊ သူ့ကျန်းမာရေးအကြောင်းတွေလည်း ပါသလို တင်းနစ်အကြောင်းလည်း ထူးထူးဆန်းဆန်း ပါသေးဗျာ။


သူ့စာတွေကို ဖတ်ရင်းဖတ်ရင်း ကျွန်တော်ဟာ သူ့ရဲ့ပင့်ကူခြေထောက် လက်ရေးနဲ့ အကျွမ်းတဝင်ဖြစ်လာခဲ့ပေမယ့် ခဲတံနဲ့ ရေးထားတဲ့ အဲဒီလက်ရေးစာကြောင်းတွေကို ဖတ်လို့ရနိုင်ဖို့ နာရီပေါင်းများစွာ စိုက်ကြည့်ရင်း ခန့်မှန်းမှုတွေလည်း အတော်လုပ်ခဲ့ရပါတယ်။ 


ဖတ်ရင်းဖတ်ရင်း  နောက်ဆုံးမှာတော့ စလေဒင်ဆီမှာ သီပေါမင်း အညံ့ခံတဲ့နေ့ရဲ့နောက်တနေ့၊  ဘုရင်ကြီး သူ့တိုင်းပြည်မှာ နောက်ဆုံးနေခဲ့ရတဲ့နေ့ဖြစ်တဲ့  နိုဝင်ဘာ ၂၉ ရက်နေ့ဆီကို ရောက်လာခဲ့ပါပြီ။


“ပြည်နှင်ခံဘုရင်”  ဆိုတဲ့ စာအုပ်တစ်အုပ်ရေးဖို့အတွက် သီပေါမင်းအကြောင်း ၇ နှစ်တာ သုတေသနပြုခဲ့တဲ့ ကျွန်တော့သူငယ်ချင်း ဆူဒါရှား ကတော့ ဘာတွေ တွေ့နိုင်တယ်ဆိုတာ ကျွန်တော့်ကို ကြိုသတိပေးခဲ့ဖူးပါတယ်။


အင်း တကယ်တွေ့ပါပြီဗျာ။ စာမျက်နှာရဲ့အလယ်ပိုင်း သုံးပုံတစ်ပုံလောက်ရှိတဲ့ စာကြောင်းရေ ၁၂ ကြောင်းတိတိဟာ ကြိုးစားပမ်းစားအဖျက်ခံထားရတာကို တွေ့လိုက်ရပါတယ်။  ပထမဆုံး စာကြောင်းသုံးကြောင်းဟာ မင်အနက်ရောင်နဲ့ ခြစ်ကာ အဖျက်ခံထားရပြီး နောက်ပိုင်း စာကြောင်းတွေကိုတော့ မင်ကုန်သွားလို့လားတော့ မသိဘူးဗျာ လူရမ်းကားကြီးဟာ ခဲတံနဲ့ ဆက်ခြစ်ပြီး ဖျက်ထားပါတယ်။

ဗြိတိသျှစာကြည့်တိုက်ရဲ့မော်ကွန်းထိမ်း ဂျွန်အိုဘရိုင်ယန်က အပေါ်ကထပ်ခြစ်ပြီး အဖျက်ခံထားရတဲ့ စာကြောင်းတွေကို အလင်းရောင်စဉ်သုံး ပုံရိပ်ဖတ်နည်းပညာလို့ခေါ်တဲ့ လှိုင်းအလျားအမျိုးမျိုးရှိတဲ့ အလင်းတန်းတွေကိုသုံးပြီး မူလစာလုံးတွေကို ပေါ်အောင်ကြည့်လို့ရတဲ့ နည်းပညာရှိကြောင်းပြောပြပြီး  အဲဒီအတွက် အကူအညီပေးခဲ့ပါတယ်။


ရက်အနည်းငယ်အကြာမှာ သုတေသနထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အဲဒီနည်းပညာနဲ့ စစ်ဆေးပြီး ထွက်လာတဲ့အဖြေကိုရတော့ ကျွန်တော်ဟာ အဲဒါကို  ဦးစိုးဝင်းကိုပြဖို့ နည်းနည်းလေးတောင် အချိန်မစောင့်နိုင်ခဲ့ဘူးဗျာ။ ခဲတံနဲ့ရေးထားတာကို ခဲတံနဲ့ ထပ်ခြစ်ထားတဲ့ စာတွေကိုတော့ ဘယ်လိုမှ ဖော်လို့မရတော့ပေမယ့် ခဲတံနဲ့ရေးထားတာကို မင်နဲ့ ဖုံးခြစ်ထားတဲ့ စာလုံးတွေကတော့ ပေါ်လာပြီဗျို့။ အထူးလျှို့ဝှက်ဖုံးကွယ်ထားခဲ့တဲ့ စလေဒင်ရဲ့လက်ရေးစာလုံးအချို.ဟာ ရာစုနှစ်တစ်ခုကျော်အကြာမှာ ပထမဆုံးအဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။


“ဘုရင်ကြီးက ကျွန်ုပ်အား လက်ခံယူရန် ပြောသည် xxxxxx မင်းမြှောက်တန်ဆာများ xxxxxx ကျွန်ုပ်က သဘောတူလက်ခံသည် xxxxxxx ကိုယ်တိုင်ကိုယ်ကျ လက်ခံယူရန် ပြောသည် xxxxx ဘု xxxx ဧ။် xxxx ”


နောက်စာလုံး ၃ လုံးက ဘယ်လိုမှ ဖတ်မရဘူးဗျာ။  ဖြစ်နိုင်မယ်ဆိုရင် “ဘုရင်ကြီးဧ။် ငမောက်” လို့ဖတ်ပစ်လိုက်ချင်တာ။ ဒါပေမယ့် ဘာမဆိုဖြစ်နိုင်တယ်လေ။


“ဒါဟာ ငမောက်ပတ္တမြားကြီးကို စလေဒင်ယူတယ်လို့ပြောဖို့အတွက်  လုံလောက်တဲ့ အထောက်အထား ဖြစ်နိုင်မလား” လို့ ဦးစိုးဝင်းကို ကျွန်တော်မေးတော့ “အဲဒါကြောင့် သူဖျက်ထားတာပေါ့။ ရှင်းနေတာပဲလေ” လို့ သူကပြန်ဖြေပါတယ်။


ဒါပေမယ့် ကျွန်တော်ကတော့ ပန်းတိုင်ရောက်ခါနီးမှ လက်မတင်လေးလွဲသွားသလို ခံစားလိုက်ရတယ်ဗျာ။ ကျွန်တော်ရဲ့စိတ်မျက်စိထဲမှာတော့ ဘုရင်ခံဆီ ပြန်စာတစ်စောင်ရေးဖို့ကို အကြီးအကျယ်အခက်အခဲတွေ့နေတဲ့ အဘိုးကြီး ဆာအက်ဝပ်တစ်ယောက် လန်ဒန်က သူရဲ့ကလပ်မှာ ခဲတံတစ်ချောင်းကို ကိုက်ရင်း ပူပန်သောကရောက်နေပုံပဲ ပေါ်နေပါတော့တယ်။


စလေဒင်ဟာ သူ.ဒိုင်ယာရီမှာရေးထားတဲ့ တမြန်နှစ်ကအကြောင်းတွေကို ပြန်ဖတ်ကြည့်ပြီး သူ့ကို ခြောက်လှန့်နေမယ်လို့သူဟာသူသိနေတဲ့ စာတွေကို ခပ်သုတ်သုတ် ကုတ်ခြစ်ဖျက်ပစ်နေတာကို ကျွန်တော်မြင်ယောင်ကြည့်လို.ရပေမယ့် အဲဒီဖျက်ထားတဲ့ စာတွေဟာ ဘာတွေလဲဆိုတာကိုတော့ ကျွန်တော်တို့ ဘယ်တော့မှ သိနိုင်မယ့်ပုံ မပေါ်ပါဘူး။ နောက်ပြီး အဲဒီစာတွေကို ဖျက်ထားတာ သူကိုယ်တိုင်ပဲလား ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်တော့မှ အတိအကျ သိနိုင်တော့ မှာမဟုတ်ပါဘူး။  


ဒါပေမယ့်လည်း တကယ်လို့များ စလေဒင်ဟာ ပတ္တမြားကို ယူသွားခဲ့တယ်ဆိုရင်ရောဗျာ။ သူအဲဒါကို ဘာလုပ်ပစ်ခဲ့နိုင်သလဲ။


(ဆက်လက်ဖော်ပြပါမည်)