မြန်မာတို့ရဲ့ တော်ဝင်ရတနာနန်းစဉ်ပတ္တမြားကြီး ဘယ်သူခိုးသွားသလဲ

ဲဗြိတသျှစာကြည့်တိုက်တွင် သိမ်းဆည်းထားသည့် ပါတော်မူမြင်ကွင်း။


သမိုင်းပညာရှင်နှင့် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ အဲလက်စ်ဘက်စကိုဘီ (Alex Bescoby) ၏ Who stole Burma’s royal ruby ? သတင်းဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။


[၁၈၈၅ ခုနှစ်တွင် ဗြိတိသျှစစ်သားတို့ မြန်မာပြည်ကို သိမ်းပိုက်သောအခါ မြန်မာတို့၏ နောက်ဆုံးဘုရင်အား ပစ္စည်းများ ထုပ်ပိုးပြင်ဆင်ရန် အချိန်နာရီပိုင်းသာ ပေးအပ်ခဲ့သည်။ ထို့နောက် ထောင်စုနှစ်ချီရှည်ကြာခဲ့သော နန်းစဉ်မင်းဆက်တလျှောက် အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် အဖိုးတန်တော်ဝင်နန်းစဉ် ရတနာများစွာကို အဓမ္မသိမ်းယူပြီး ဗြိတိန်သို့ ပို့ဆောင်ခဲ့သည်။ သို့ရာတွင် ၎င်းတို့အထဲမှ တန်ဖိုးအကြီးဆုံး ပတ္တမြားကြီးတလုံးကမူ ပျောက်ချင်းမလှပျောက်နေခဲ့သည်။ အဆိုပါ ပတ္တမြားကြီးကို မည်သူယူဆောင်သွား သနည်း။ ယခုမည်သည့်နေရာတွင် ရှိနေသနည်း။]


ရတနာကြီး ရှာပုံတော်


တကယ်လို့သာ ဒီလိုအခြေအနေမျိုးတွေ မဖြစ်ခဲ့ဘူးဆိုရင် ယခုအခါ ကျွန်တော့နံဘေးမှာ တိတ်တဆိတ် ရပ်လျက် လန်ဒန်ဆောင်းဦးအအေးဒဏ်အောက်ဝယ် တခိုက်ခိုက်တုန်နေရှာတဲ့ အမျိုးသားကြီးဟာ လူဦးရေသန်း ၅၀ ကျော်ရှိတဲ့ တိုင်းပြည်တပြည်ရဲ့ ဥသျှောင်ဘုရင်တပါး ဖြစ်နေခဲ့ပါလိမ့်မယ်။


သေသေသပ်သပ် ရိတ်သင်ထားတဲ့ အနက်ရောင် နှုတ်ခမ်းမွေးတခုကလွဲရင် သူ့ကိုယ်ပေါ်မှာ တခြား ဘယ်အဆောင်အယောင် အဆင်တန်ဆာကမှ သူဟာ တော်ဝင်မင်းဆက် မဟာဆီမဟာသွေးတပါး ဖြစ်ကြောင်း အရိပ်အမြွက်လေးတောင် ဖော်ပြမနေခဲ့ပါဘူး။ သူဆိုတာက ဦးစိုးဝင်းလို့ အမည်တွင်တဲ့ပုဂ္ဂိုလ်ကြီး။ တချိန်တခါတုန်းက ဗမာပြည်လို့သိခဲ့ကြတဲ့  မြန်မာပြည်မှာ ကျွန်တော်ဟာ နှစ်အတော်ကြာနေခဲ့ဖူးတာမို့ နှုတ်ခမ်းမွေးထားကြသူဆိုတာ လက်ချိုးရေလို့ရတဲ့ အနေအထားမှန်း သိနေခဲ့သလို သူ့ဘိုးတော်၊ ဘေးတော်တွေရဲ့ပုံတွေကို  မြင်ဖူးတာကြောင့်လည်း နှုတ်ခမ်းမွေးထားတယ်ဆိုဟာ နန်းဓလေ့တာဝန်၊ တော်ဝင်ပြယုဂ်တခုဖြစ်နိုင်တယ်လို့ ကျွန်တော်ခန့်မှန်းနိုင်ခဲ့ပါတယ်။


တကယ်တော့ နှုတ်ခမ်းမွေးတခုတည်းသာ သူ့ ဘ၀ကို ရောင်ပြန်ဟပ်နေတာ မဟုတ်ပါဘူးဗျာ။  အသက် ၇၀ ရှိပြီဖြစ်တဲ့ ကျွန်တော့်မိတ်ဆွေကြီးဟာ သူဆင်းသက်လာရာမျိုးရိုးနဲ့ လက်ရှိမထင်မရှား သာမန်အရပ်သား ဘ၀တို့ ရောမွှေထားတဲ့ဘ၀တခုကို သူ့ဘ၀ တလျှောက်လုံး လူမသိသူမသိ ဖြတ်သန်းနေထိုင်ခဲ့ရသူပါ။


မြန်မာပြည်ကို အုပ်ချုပ်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့အာဏာအရှိန်အ၀ါကို တော်ဝင်မင်းသွေးတွေနဲ့ ယှဉ်ပြိုင်ရမှာကို မလိုလားခဲ့လေတော့ ဒီပုဂ္ဂိုလ်ကြီးဟာ နှစ်ပေါင်း ၃၀ ကျော်နီးပါး အများသူငါလို သာမန်အရပ်သားဘ၀နဲ့ တိတ်တိတ်ဆိတ်ဆိတ် သိုသိုသိပ်သိပ်နေထိုင်ရင်း သံတမန်အမှုထမ်းတဦးအဖြစ် သူ့တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။


ဝိတိုရိယနှင့် အဲလဘတ်ပြတိုက်ရဲ့ အရှေ့တောင် အာရှဆိုင်ရာပြခန်းမှူး ဂျွန်ကလပ်ကိုတွေ့ဖို့ ကျွန်တော် တို့နှစ်ယောက် လမ်းပေါ်မှာရပ်စောင့်နေတုန်းမှာ သူဟာ အပြာရောင်သဲကြိုးဖိနပ်စီးထားတဲ့  ခြေနှစ်ဖက်ပေါ်မှာ ဘယ်ခြေတခါ ညာခြေတလှည့်ရပ်ရင်း လမ်းချိုင့်ခွက်ထဲက ရေခဲတမျှအေးစက်နေတဲ့ရေနဲ့ သူဝတ်ထားတဲ့ ရိုးရာလုံချည် မထိမိအောင်လည်း အထူးဂရုစိုက်လျက်ရှိနေခဲ့ပါတယ်။


'မင်းတို့ဗြိတိသျှတွေ မြန်မာပြည်ကို ဘာအတွက်လာတယ်ဆိုတာ ငါအခုကောင်းကောင်းသိသွားပြီ'လို့ သူက ခပ်အုပ်အုပ်ရယ်ရင်းပြောလိုက်ပါတယ်။ ဒီနောက်မှာတော့ သူဒီမှာရှိနေစဉ်တလျှောက်လုံး ဒီကရာသီဥတုနဲ့ သင့်လျော်တဲ့ဖိနပ်မျိုးစီးဖို့ လိုအပ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့နှစ်ယောက်စလုံး လက်ခံဖြစ်ကြပါတယ်။


သူနဲ့ သိကျွမ်းခင်မင်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ကျွန်တော်ဟာ သူ့ကို ပိုပိုပြီးလေးစားခင်မင်လာခဲ့ပါတယ်။ ကျွန်တော့ထက် အသက် ၄၀ ပိုကြီးပြီး မာန်မာနကင်းစင်၊ ဟန်ဆောင်ခြင်းအလျဉ်းကင်းတဲ့ ဒီပုဂ္ဂိုလ်ကြီးရဲ့ မျက်လုံးအစုံဟာ အမြဲလိုလို ဟာဒယရွှင်တဲ့အကြည့်တွေနဲ့ ရွှမ်းစိုကြည်လဲ့နေတတ်ပါတယ်။ 


ဒီပြတိုက်ကို ကျွန်တော်တို့နှစ်ယောက် ရောက်လာရတဲ့အကြောင်းကတော့ ပြတိုက်ထဲမှာ ပြသထား တဲ့တချိန်က သူ့မိသားစုပိုင် (လက်ရှိအချိန်မှာလည်း သူ့မိသားစုသာလျှင် တရားဝင်ပိုင်ဆိုင်ခွင့်ရှိတယ်လို့ လူတချို့က စောဒကတက်နိုင်တဲ့) အဖိုးထိုက်အဖိုးတန် တော်ဝင်နန်းသုံး ယဉ်ကျေးမှုအနုပညာလက်မှုပစ္စည်း တွေကို ရှာဖွေကြည့်ရှုဖို့ပါ။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ရည်ရွယ်ချက်က ဒီလောက်တင်မက ပါဘူး။ အလွန်ကြီးမားတဲ့ ပတ္တမြားကြီးတလုံး၊ ပျောက်ဆုံးနေတဲ့ တော်ဝင်ပတ္တမြားကြီးတလုံးအတွက် ရတနာ ရှာပုံတော်ထွက်လာတာလို့ ဆိုနိုင်ပါတယ်။


ပြတိုက်မှူး ဂျွန်ကလပ်က ကျွန်တော်တို့ နှစ်ယောက်ကို ပြခန်းတွေ တခန်းပြီးတခန်း ခပ်သုတ်သုတ် လျှောက်ပြရင်း အောက်ထပ်ကော်ရစ်ဒါတွေဆီရောက်လာတော့ ဒီပြတိုက်ဟာ ဘာကြောင့်ကမ္ဘာပေါ်မှာ မြန်မာပြည်က လက်မှုအနုပညာလက်ရာ အမွေအနှစ်တွေ၊ အထူးသဖြင့် မန္တလေးနန်းတော်ကရလာတဲ့  မြန်မာဘုရင်ရဲ့မင်းမြောက်တန်ဆာနဲ့ မင်းခမ်းတော်၊ တော်ဝင်နန်းသုံးပစ္စည်းတွေ အများဆုံး စုဆောင်း ပြသထားရာ နေရာတခုဖြစ်လာရတဲ့ အကြောင်းရင်းကို ရှင်းပြပါတယ်။ ၁၈၈၅ ခုနှစ်မှာ ဦးစိုးဝင်းရဲ့ဘေးတော်၊ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းထံက ဗြိတိသျှတို့ အဓမ္မသိမ်းယူလာခဲ့တဲ့ နန်းသုံးတော်ဝင် ပစ္စည်းအသုံးအဆောင်ပေါင်း ၁၆၇ ခုဟာ ဒီပြတိုက်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေတယ်ဆိုပဲဗျာ။ ရွှေသား စစ်စစ်မှာ ကျောက်မျက်ရတနာတွေ မြှုပ်နှံစီခြယ်ထားတဲ့ ဒီပစ္စည်းတွေထဲမှာ သန်လျက်၊ ဓား၊ လှံ စတဲ့ လက်နက် ရတနာကနေ စီးတော်ခြေနင်းဖိနပ်အလယ် ပွဲတော်တည်ခင်းတဲ့ ဇွန်းခက်ရင်းမကျန် ပါဝင်ပါသတဲ့။ ၁၉၆၄ ခုနှစ်အရောက်မှာတော့ ချစ်ကြည်ရေးအဖြစ် မြန်မာပြည်ကို အဲဒီတုန်းက အုပ်ချုပ်နေတဲ့  ဗိုလ်ချုပ် ကြီးနေ၀င်းထံ ပြန်ပေးခဲ့ရာမှာ ဗိုလ်ချုပ်ကြီးက အဲဒီပစ္စည်းတွေထဲက ရွှေနှင့် ကျောက်သံပတ္တမြားစီခြယ်ထားတဲ့  'ဟင်္သာ'လို့အမည်ရတဲ့ ဘဲငန်းလိုလို ခပ်လုံးလုံးသတ္တ၀ါတကောင်အရုပ်ကို လက်ဆောင်အဖြစ် ဒီပြတိုက်ကို ရွဲ့တဲ့တဲ့ ပြန်ပေးခဲ့တယ်ဆိုပဲ။ အင်း ကျွန်တော့အထင်ပြောရရင် ဒါဟာ ကိုလိုနီမာစတာဟောင်းကို   မြန်မာစတိုင်အရွဲ့တိုက် ဆေးထိုးလိုက်တာနဲ့ တူပါရဲ့ဗျာ။


နောက်ဆုံးမှာတော့ ဦးစိုးဝင်းက မေးခွန်းတခုမေးလိုက်ပါတယ်။ သူ့ဘေးတော်ရဲ့ ငမောက်ပတ္တမြားကြီး ဘယ်ရောက်သွားသလဲတဲ့။ ''သူက ဘဲဥအရွယ်၊ ကွမ်းသီးလုံးအရွယ်လောက်ရှိတယ်ဗျ။ မြင်ဖူးသူတွေ အပြောအရ အနီရောင်တညီးညီးတောက်နေပြီး အလင်းရောင်တွေ ဖြာထွက်နေသတဲ့။ တန်ဖိုးအားဖြင့် တိုင်းပြည်တပြည်နဲ့တောင် ညီတယ်လို့ ပြောစမှတ်ပြုကျော်ကြားတဲ့ ပြည်တန်ပတ္တမြားကြီးဗျာ။ ရောဂါဘယ တွေကို ကုသနိုင်တဲ့အစွမ်းရှိသလို ပိုင်ဆိုင်သူကို ကံကောင်းစေတယ်လို့လည်း ယုံကြည်ကြတယ်။ အဲဒီ ပတ္တမြားကြီး တနေရာရာမှာရှိနေခဲ့တာမျိုး ခင်ဗျားသတိထားခဲ့မိသလား''


''အားတော့နာပါရဲ့ဗျာ၊ ငမောက်ပတ္တမြားကြီး ဒီပြတိုက်မှာမရှိပါဘူး။ ဘယ်တုန်းကမှလည်း ဒီမှာမရှိခဲ့ပါဘူး''လို့ ဂျွန်ကလပ်က ပြန်ဖြေပါတယ်။ သူကဆက်ပြီး ‘ဖြစ်နိုင်တာကတော့ ဗြိတိန်ဘုရင့်ရတနာ ဘဏ်တိုက်ထဲက တနေရာရာမှာရှိနိုင်ပါတယ်။ အဲဒါဖြစ် နိုင်ခြေအတော်ရှိပါတယ်။ ၀ိတိုရိယဘုရင်မကြီးဆီ ပတ္တမြားကြီးကို ဆက်သခဲ့တယ်ဆိုတဲ့ အထောက် အထားအရေးအသားတခုကို ကျွန်တော်ဖတ်ဖူးခဲ့တာ ကိုတော့ မှတ်မိတယ်ခင်ဗျ''လို့ ပြောပြပါတယ်။


ဦးစိုးဝင်းကို ၂၀၁၄ နှစ်တုန်းက ရန်ကုန်မြို့ မြို့ပတ်ရထားလမ်းနံဘေးရှိ သူ့အိမ်ငယ်ကလေးမှာ ကျွန်တော် စတွေ့တော့ လန်ဒန်ကို သူဘယ်တော့မှ မသွားဘူးလို့ ကျွန်တော့ကို ပြောခဲ့ဖူးပါတယ်။ သူဟာ သံတမန်ဝန်ထမ်းဘ၀မှာတုန်းက တချိန်က သူ့ဘေးတော်ကို တိုင်းပြည်မှနှင်ထုတ်ခဲ့တဲ့၊ သူ့မိသားစုဘ၀ကို ပျက်စီးစေခဲ့တဲ့၊ သူ့တိုင်းပြည်ကို သိမ်းပိုက်ကျွန်ပြုခဲ့သူတို့နေထိုင်ရာတိုင်းပြည်ကို တာဝန်ချစေလွှတ်ခံရမှာကို အမြဲတစေ စိုးရိမ်ပူပန်နေခဲ့တယ်လို့လည်း အငြိမ်းစားတဦးဖြစ်နေပြီဖြစ်တဲ့ သူက ဆိုပါတယ်။


ဒါတွေကတော့ ယူကေနိုင်ငံမှာ ပထမဆုံးအဖြစ် လူအနည်းအကျဉ်းသာသိသေးတဲ့ ကိုလိုနီသမိုင်းစာမျက်နှာ တခုပေါ့ဗျာ။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလမှာ  မြန်မာဘုရင်ကို မန္တလေးနန်းတော်ထဲကနေ နန်းချယူဆောင်ဖို့ ဗြိတိသျှတို့က စစ်သား တသောင်းစေလွှတ်ခဲ့တယ်ဗျ။ ဒီကျူးကျော်သိမ်းပိုက်မှုဆိုတာ မြန်မာဘုရင် ရှေ့မှောက်ကို ဗြိတိသျှအရာရှိတွေ အခစားဝင်ရောက်ရာမှာ ဖိနပ်ချွတ်ဖို့ငြင်းတဲ့ကိစ္စကနေ တခြားအကြောင်း အရာပေါင်းများစွာကြောင့် ဖြစ်ပေါ်လာတဲ့ ဗြိတိသျှနှင့် မြန်မာတို့အကြား ဆယ်စုနှစ် ၆ ခုစာလောက်ကြာရှည် ခဲ့တဲ့ တင်းမာမှု၊ ပြောက်ကျားပြောက်ကျားပေါ်ပေါက်နေတဲ့ အငြင်းပွားမှုတို့ရဲ့ အထွတ်အထိပ်အနေအထား လို့ဆိုကြတယ်ဗျ။ ဒါပေမဲ့ တကယ့်နောက်ခံအကြောင် အရင်းက ကုန်သွယ်ရေးပါဗျာ။ ဗြိတိသျှအစိုးရနဲ့ ဗြိတိသျှ အင်ပါယာအတွင်းရှိ မြို့ကြီးတွေက ကုန်သည်ကြီးတွေရဲ့အမြင်မှာ သီပေါဘုရင်ဟာ ဗြိတိသျှတို့ရဲ့ တရုတ်နှင့် ကုန်သွယ်ရေးမှာ ခန့်မှန်းရခက်တဲ့ အတားအဆီးတခုဖြစ်နေတယ်။ ဒါ့အပြင် သူဟာ အင်ဒိုချိုင်းနားဒေသကို နယ်မြေတစတစချဲ့ထွင်လာတဲ့ ပြင်သစ်တွေကို နောက်ဖေးပေါက်တံခါးဖွင့်ပေးသူလည်း ဖြစ်လာနိုင်တယ်။ မြန်မာပြည်ဟာ အဲဒီအချိန်က ဗြိတိသျှအင်ပါယာရဲ့အစိတ်အပိုင်းဖြစ်နေတဲ့ပြောရရင် ဗြိတိသျှသရဖူထဲက ကျောက်မျက်တလုံးဖြစ်နေတဲ့ အိန္ဒိယနဲ့လည်း စိုးရိမ်စရာကောင်းလောက်အောင် နယ်ချင်းစပ်နေပြန်တယ်။ ကဲ အဲဒီတော့ ဗြိတိသျှတို့ သီပေါကိုဖြုတ်ရတော့မှာပေါ့ဗျာ။ ဒီလိုနဲ့ တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲလို့ သိကြတဲ့ စိတ်ပျက်စရာတဖက်သတ်စစ်ပွဲကြီး ဖြစ်လာတော့တာပါပဲ။


နှစ်ပတ်အတွင်းမှာပဲ သီပေါဘုရင်ဟာ သူ့နန်းတော်ကို အ၀ိုင်းခံလိုက်ရပြီး ၀ိတိုရိယဘုရင်မရဲ့ စစ်ဗိုလ်ချုပ် တွေထံမှာ အညံ့ခံလိုက်ရတော့တယ်။ ဒီလိုနဲ့  ၁၈၈၅ ခု နိုဝင်ဘာ ၂၈ ရက်နေ့မှာ သီပေါဘုရင်နဲ့ ကိုယ်ဝန်အရင့်အမာရှိနေတဲ့ မိဖုရား စုဖုရားလတ်၊ သမီးတော်နှစ်ပါးတို့ကို လက်နက်ကိုင်စစ်သားတွေ ခြံရံထားတဲ့ ဘီရိုလှည်းနဲ့တင်ဆောင်ပြီး သူ့တိုင်းပြည်ကနေ မိုင်ထောင်ချီဝေးတဲ့ အိန္ဒိယတိုက်ငယ်ရဲ့ တခြား တဖက်ခြမ်းက ပင်လယ်ကမ်းနား တံငါမြို့ငယ်ကလေးတမြို့ရှိရာဆီ ခေါ်ဆောင်သွားမယ့် သင်္ဘောပေါ်သို့ ပို့ဆောင်လိုက်ကြပါတော့တယ်။


တကယ်တော့ အဲဒီနေ့ဟာ  ဘုရင်ကြီးအတွက်တော့ ထာဝရပြည်နှင်ဒဏ်အပေးခံရတဲ့နေ့လို့ ဆိုရမယ်ဗျာ။ နောင်အနှစ် ၃၀ အကြာမှာ သူကံတော်ကုန်ခဲ့ပြီး  သူ့ခန္ဓာကတော့ ရတနာဂီရိမြို့ငယ်ကလေးရဲ့ ဆင်းရဲသား ရပ်ကွက် စွန့်ပစ်ခံနေရာကလေးတခုမှာရှိနေတဲ့ ကျိုးအက်နေတဲ့အုတ်ဂူတခုထဲမှာ ယခုထိရှိနေရှာပါတယ်။


ဒါတွေအားလုံးဟာ ဦးစိုးဝင်းတယောက် ဘာကြောင့် လန်ဒန်ကို တာဝန်ချစေလွှတ်ခံရမှာ ကြောက်လန့် နေခဲ့တယ်ဆိုတာ ရှင်းပြနိုင်ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အခုတော့ သူဟာ လန်ဒန်ကို သူ့သဘော ဆန္ဒနဲ့သူ ရောက်လာခဲ့ပါပြီ။ သူ့ဘေးတော်ရဲ့ အဖိုးအတန်ဆုံးရတနာကြီးကို ခြေရာကောက် အရှာအဖွေထွက်ဖို့ ရောက်ရှိနေခဲ့ပါပြီဗျာ။


ကျွန်တော်တို့ နှစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာကြီးကို ခြေရာခံနိုင်ဖို့ ၀ိတိုရိယနှင့် အဲလဘတ်ပြတိုက် ပြီးတော့ ဗြိတိသျှပြတိုက်ရဲ့ မြေအောက်ထပ်က ယုန်ကျင်းလို အခန်းကြို အခန်းကြားတွေထဲ ရောက်ခဲ့ပြန်ပါတယ်။ အဲဒီကမှတဆင့် ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပိုက်မှု၊ အုပ်စိုးမှုတို့နှင့် သက်ဆိုင်တဲ့ မှတ်တမ်းမှတ်ရာတွေရှိရာ ဗြိတိသျှစာကြည့်တိုက်ကို  ရောက်လာခဲ့ပါတယ်။


မှတ်တမ်းမှတ်ရာတွေထဲမှာ ကျွန်တော်တို့ကို  အထူးစိတ်ဝင်စားစေတဲ့ အရာတခုကတော့ Take-away Menu* စာရွက်ကြီးတခု အရွယ်အစားလောက်ရှိတဲ့ ပုရပိုက်လို့ခေါ်တဲ့ စာရွက်ခေါက်ကြီးတခုပါပဲ။ ပိုးစာပင်အခေါက် ကနေ ပြုလုပ်ထားတဲ့ စက္ကူပေါ်မှာ လက်ရေးစာမူနဲ့ ပန်းချီရောစပ် သရုပ်ဖော်ရေးဆွဲထားတဲ့ ဒီမှတ်တမ်းကြီးဟာ ဗြိတိသျှတို့မြန်မာပြည်ကို သိမ်းပိုက်ပြီး မရှေးမနှောင်းမှာပဲ မြန်မာပန်းချီဆရာတဦးက ရေးဆွဲထားတဲ့ မှတ်တမ်းဖြစ်ပုံရပြီး သီပေါမင်းကျဆုံးခန်းကို သရုပ်ဖော်ပြောပြနေပါတယ်။ 


ကျွန်တော်ဟာ ဒီစာရွက်ခေါက်ကြီးကို စာဖတ်ခန်းထဲသို့ ယူသွားပြီး ဦးစိုးဝင်းကို ဖွင့်ပေးလိုက်ချိန်မှာတော့ သူ့မျက်လုံးအစုံဟာ ရုပ်ပုံတခုဆီ ချက်ချင်းတန်းရောက်သွားတယ်ခင်ဗျ။ တောက်ပကြော့မော့တဲ့ အဖြူရောင်ဝတ်စုံကို ၀တ်ထားပြီး ဦးထုပ်ပျော့ကို လက်တဖက်ကကိုင်လျက် ဘုရင်ကို စကားပြောနေတဲ့ လူတယောက်ရဲ့ပုံ။ သူ့ဆီက အသံတိုးတိုးလေးလည်း ထွက်ကျလာခဲ့တယ်။


'ကာနယ်စလေဒင်'


 

ငမောက်ပတ္တမြားကိုထည့်သွင်းစီခြယ်ထားသည်ဟု ယူဆရသော The Imperial Crown Of lndia။

ငမောက်ကို ခိုးတာဘယ်သူလဲ


မြန်မာမိတ်ဆွေတွေဆီက ကျွန်တော်ကြားနေကျ ဇာတ်လမ်းတပုဒ်ကိုပဲ သူကျွန်တော့ကို ပြန်ပြောပါတယ်။ အိန္ဒိယနဲ့ မြန်မာပြည်သိမ်းစီမံကိန်းတလျှောက်မှာ ဆုတံဆိပ်တွေ တလှေကြီးရထားတဲ့ စလေဒင်ဟာ မြန်မာပြည်သိမ်းပိုက်ရေးတပ်ရဲ့ နိုင်ငံခြားဆက်ဆံရေး အရာရှိချုပ်ဖြစ်ပါသတဲ့။ မြန်မာစကားကို ကောင်းကောင်း ပြောနိုင်ဆိုနိုင်သလို နန်းတော်ထဲ ၀င်ထွက်ခစားဖူးသူအဖြစ် ဘုရင်နဲ့လည်း မျက်နှာမစိမ်းသူမို့ ဘုရင်ကိုယ်တိုင် အယုံတကြည်နဲ့ လက်နက်ချအညံ့ခံဖို့ နားချနိုင်ခဲ့တာကြောင့် မြန်မာပြည်သိမ်းတိုက်ပွဲဟာ သိပ်ရှုပ်ရှုပ်ထွေး ထွေးတွေ မဖြစ်လိုက်ဘဲ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်ပြီး သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ပါတော်မူခါနီး မှာ သီပေါဘုရင်ဟာ ငမောက်ပတ္တမြားကြီးအပါအ၀င် သူပိုင်အဖိုးတန်ပစ္စည်းတွေကို ခပ်သုတ်သုတ် ထုပ်ပိုးပြင်ဆင်နေတာကို စလေဒင်ဟာ မြင်ခဲ့တွေ့ခဲ့နိုင်တာပေါ့ဗျာ။


မြန်မာပြည်မှာ သိပ်မသိကြသလို အိန္ဒိယမှာလည်း သိပ်မသိကြတဲ့ ဒီအဖြစ်နဲ့ ဆင်ဆင်တူတဲ့ နောက်အကြောင်းအရာတခုလည်း ရှိပါသေးတယ်ဗျ။ အဲဒါကတော့ အိန္ဒိယရဲ့ ၁၀၆ ကာရက်ရှိတဲ့ ခိုအီ နော (အလင်းတောင်ကြီး)လို့ အမည်ရတဲ့ မျက်စိကျိန်းလောက်အောင်ကို အရောင်တဖျပ်ဖျပ်လက်နေတဲ့ စိန်တုံးကြီးဟာ အခုတော့ ဗြိတိန်ဘုရင်မမယ်တော်ရဲ့သရဖူကြီးထဲမှာ ရောက်နေတဲ့အကြောင်းပါပဲ။


နှစ်များစွာကြာပြီးတဲ့နောက်မှာ သီပေါဘုရင်ရဲ့ အငယ်ဆုံးသမီးတော်ဟာ ဒီလိုရေးသားခဲ့ပါတယ်။ ''စလေဒင်သည် ပတ္တမြားကြီးကို ခေတ္တကြည့်ပါရစေဟု ခမည်းတော်နှင့် မယ်တော်ဘုရားထံ ခွင့်တောင်းသဖြင့် သူ့ထံပေး၍ ကြည့်ခွင့်ပြုသောအခါ ပတ္တမြားကြီးကို အမှတ်တမဲ့ပုံဖမ်း၍ သူ့ဘောင်းဘီအိတ်ထဲ ထည့်လိုက်ပြီးနောက် ပြန်မပေးတော့ပေ''


မြန်မာပြည်မှာ အပြောအများဆုံးဇာတ်လမ်းကတော့ စလေဒင်ဟာ သူထမ်းဆောင်ခဲ့တဲ့ 'မြန်မာပြည် အထူးတာဝန်'အတွက် ဆုလာဘ်အဖြစ် နောက်လအနည်းငယ်အကြာမှာပဲ သူကောင်းပြုခံရသတဲ့။ ပတ္တမြားကြီးကိုယူပြီး ၀ိတိုရိယဘုရင်မကြီးကို ဆက်သခဲ့တယ်ဆိုတာကို ဒီအချက်က ခိုင်မာစေတယ်လို့ မြန်မာတွေက ဆိုကြပါတယ်။ ဒါပေမဲ့ စလေဒင်နဲ့ ပတ္တမြားကြီးဇာတ်လမ်းမှာ နောက်ထပ်မူကွဲတွေလည်း ရှိသေးတယ်ခင်ဗျ။ တယောက်ပြောတာကတော့ စလေဒင်ဟာ ပတ္တမြားကိုယူထားပြီးတဲ့နောက်မှာ စောင့်ကြည့်တာကိုခံနေရတော့ မလုံမလဲဖြစ်ပြီး နောက်လအနည်းငယ်အကြာမှာပဲ ပြန်ပေးခဲ့တယ်လို့လည်း ဆိုပြန်တယ်။


ဒါပေမဲ့ သီပေါမင်းကိုယ်တိုင်က ဘာပြောသလဲဆိုတော့ သူဟာ စလေဒင်ကို ပတ္တမြားကြီးကို ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ဖို့ အပ်ထားခဲ့ပါတယ်တဲ့။ ဒါကြောင့်မို့ ပြည်နှင်ခံဘ၀နဲ့ အိန္ဒိယမှာရှိနေစဉ် ၁၈၈၆ ခု ဇွန်လမှာ ဗြိတိသျှဘုရင်ခံချုပ်ဆီ ခံစား ချက်ပြင်းပြင်းပါတဲ့ စာတစောင်ရေးသားပြီး သူ့ပတ္တ မြားကြီးကို ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သီပေါမင်းရဲ့ အတွင်းဝန်မင်းရေးသားခဲ့တဲ့ စာထဲမှာ ဒီလိုပါပါတယ်။ ''ဤစာနှင့်အတူ ပူးတွဲပါရှိသည့် ရတနာပစ္စည်းများစာရင်းမှာ လမ်းခရီးတွင် ပျောက်ရှမည်စိုးသဖြင့် မင်းတရားကြီးမှ ဗိုလ်မှူးကြီး စလေဒင်ထံ ခေတ္တထိန်းသိမ်းစောင့်ရှောက်ရန် အပ်နှံထားခဲ့သော မင်းခမ်းတော်ရတနာပစ္စည်းများဖြစ်ပြီး ဗိုလ်မှူးကြီးစလေဒင်မှလည်း မင်းတရားကြီး လိုအပ်သည့်အချိန်တွင် ပြန်လည်ပေးအပ်ပါမည်ဟု ကတိပြုခဲ့ သည်။ ထို့ကြောင့် ဘုရင်ခံချုပ်အနေဖြင့် ဤပစ္စည်းများအား မူလပိုင်ရှင်ထံပြန်လည်ပေးအပ်မိန့်ကို ထုတ် ပြန်ပေးလိမ့်မည်ဟု သီပေါဘုရင်မင်းမြတ်မှ မျှော်လင့်ပါသည်''လို့ ရေးထားတယ်ခင်ဗျ။ စာနဲ့အတူ ပူးတွဲ ပါတဲ့စာရင်းကတော့ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ မြန်မာဘုရင်ရဲ့ ဘဏ္ဍာစိုးက စာရင်းပြုလုပ်ပြီး ဗြိတိသျှ နိုင်ငံခြားဆက်ဆံရေးအရာရှိချုပ်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ရတနာပစ္စည်းစာရင်းဖြစ်ပြီး အဲဒီအထဲမှာ ဒီစာကြောင်းတခုပါနေတာကို တွေ့ရပါတယ်။


'နဂါးမောက်ဟု အမည်ရသည့် ပတ္တမြား လက်စွပ်တကွင်း'


သူ့ပစ္စည်းကိုပြန်ရဖို့ သီပေါဘုရင်ရဲ့ ကြိုးပမ်းအားထုတ်မှုဟာ ဘယ်တော့မှ မရပ်နားခဲ့ပါဘူး။ ၁၉၁၁ ခုနှစ် အကုန်လောက်မှာ သူဟာ နောက်ဆုံးအကြိမ် အစွမ်းကုန်ကြိုးပမ်းမှုအဖြစ် အဲဒီအချိန်က နန်းတက်ခါစ ပဉ္စမမြောက်ဂျော့ဘုရင်ထံ စာတစောင် ကိုယ်တိုင်ရေးသားပေးပို့ခဲ့ပါတယ်။ စာထဲမှာ သူရဲ့အဖိုးတန်ပတ္တမြား လက်စွပ်ကြီးကို ဘယ်လိုယူဆောင်သွားကြောင်း ရေးသားထားသလို တရားခံအဖြစ် စလေဒင်ရဲ့နာမည်ကို ဖော်ပြထားပါတယ်။


ဒီအဆင့်ရောက်လာတာတောင် ဗြိတိသျှအုပ်ချုပ်ရေးအာဏာပိုင်တွေဟာ ဘုရင်ကြီးရဲ့ တရားဝင်အလေး အနက်တောင်းဆိုချက်ကို နားပင်းနေခဲ့ကြတယ်ခင်ဗျ။ တရားခံလို့ အစွပ်စွဲခံရသူကြီးကိုယ်တိုင်ကလည်း ကွယ်လွန်ခဲ့တာ ၂၁ နှစ်တောင်ရှိပြီဆိုတော့ ၀န်ခံနိုင်ဖို့ ဖြစ်မလာခဲ့တော့ပါဘူး။ ဘုရင် ကြီးကိုယ်တိုင်မှာလည်း ဒီနောက်ပိုင်းမှာ လူတွေကို အတွေ့မခံတော့ဘဲ သူ့အတွက်တော့ မကုန်နိုင်မဆုံးနိုင် ကြာညောင်းလွန်းလှတဲ့ ဆယ်စုနှစ် ၃ ခုစာ ပြည်နှင်ခံအကျဉ်းစံဘ၀ကို ဖြတ်သန်းသွားခဲ့ရှာပါတယ်။ အဲဒီနောက်ဆုံးစာရေးသားပြီး နောင် ၅ နှစ်အကြာ ၁၉၁၆ ခုနှစ်မှာ သီပေါဘုရင်ကြီးဟာ နတ်ရွာစံ ကံတော်ကုန်ခဲ့ပါတယ်။


ဗြိတိသျှဘုရင့်သရဖူပေါ်မှာလော


သီပေါဘုရင်ကွယ်လွန်ပြီးတဲ့နောက်မှာ ဦးစိုးဝင်းရဲ့ဘွားတော်ဖြစ်တဲ့ သီပေါမင်းရဲ့အငယ်ဆုံးသမီးတော်ဟာ ငမောက်ပတ္တမြားကြီးရှာပုံတော်ကို ဆက်ဖွင့်ခဲ့ပါတယ်။ သူမဟာ နိုင်ငံပေါင်းချုပ်အသင်းကြီးထံ စာရေးပြီးတောင် ကြိုးပမ်းခဲ့ပါသေးတယ်ဗျာ။ သူမကွယ်လွန်တော့ သူရဲ့သားတော် (ဦးစိုးဝင်းရဲ့ ဦးရီးတော်)တော်ဘုရားကလေး က ဒီရတနာရှာပုံတော် ကျိုင်းတုတ်ကြီးကို လွှဲယူကိုင်ဆောင်ပြီး ခရီးဆက်ခဲ့ပြန်ပါတယ်။ ကွန်မြူနစ်ဝါဒီကြီးမို့ အလံနီမင်းသားကြီးလို့လည်းသိကြတဲ့ ဦးစိုးဝင်းရဲ့ဦးရီးတော် ဒီပုဂ္ဂိုလ်ကြီးရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့နှစ်ယောက်ဟာ ဗြိတိသျှနန်းတက်သရဖူတွေကို စစ်ဆေးလေ့လာဖို့ မင်းမြောက်တန်ဆာနဲ့ သရဖူတွေထိန်းသိမ်းထားရှိရာ သမိုင်းဝင်ဘုရင့် ရဲတိုက်ခံတပ်ဟောင်းကြီး လန်ဒန်တာဝါဆီ ဆက်လက်ချီ တက်ခဲ့ပါတော့တယ်။


(ဆက်ရန်)


Ref : BBC(2 Nov 2017)


မြသဉ္ဇလီနွယ်

ကုန်းဘောင်မင်းဆက်၏နောက်ဆုံးဘုရင်သီပေါမင်း၏မြစ်တော်ဦးစိုးဝင်း